
တရုတ်ပြည်မှာ အစိုးရ ကျောင်းဆရာတွေကို အမြဲတမ်း ခန့်ဆရာတွေအဖြစ် သတ်မှတ်လိုက်ရင် အငြိမ်းစားယူတဲ့အထိ သူ့ကို အစိုးရက တာဝန်ယူ ထားရတယ်။ ဘေဂျင်းနဲ့ ရှန်ဟိုင်းက ပညာရေး ကော်မရှင်ကလည်း အဲဒီစနစ် ကို သိပ်ပြီး သဘောမကျတော့ဘူး သူတို့က ငါးနှစ် တစ်ကြိမ် ဆရာ တွေကို အရည်အချင်း စစ်ဆေးမှုတွေ ပြန်လုပ်ချင်နေကြတယ်။
ကျောင်းဆရာတွေကို အရည်အချင်း ပြန်စစ်မယ်၊ အောင်မှ လိုင်စင် သက်တမ်း ထပ်ရမယ်။ အရည်အချင်းစစ် ကျရှုံးရင် လိုင်စင် ပြန်သိမ်းမယ်ဆိုပြီး မူဝါဒသစ် ထုတ်ဖို့ ပြင်ဆင်နေကြပြီ။
မြန်မာနိုင်ငံမှာကတော့ တစ်ကြိမ် ကျောင်းဆရာ၊ တစ်သက်လုံး ကျောင်း ဆရာပါပဲ။ ပင်စင်ယူရင်တောင် ဆရာ ဖြစ်နေတုန်းပဲ။ တရုတ်က ကျောင်း ဆရာတွေကတော့ လိုင်စင် မပြုတ်အောင် စာပြန် ဖတ်ရမယ့် အနေအထား မှာ ရှိနေတယ်။ ဒီမှာကတော့ ခေါက်ရိုးကျိုးနေတဲ့ စာကို တစ်သက်လုံး စာအုပ် မပါဘဲနဲ့တောင် အလွတ်သင်နေတဲ့ ဆရာတွေ အများကြီး ရှိတယ်။
တရုတ် ဆရာတွေကို ပညာ အရည်အချင်း ပြန်စစ်မှာသာ မဟုတ်ပါဘူး။ အဲဒီဆရာဟာ ကျောင်းမှာ ကလေးတွေကို ကြမ်းတမ်းစွာ ရိုက်နှက် အပြစ်ပေးသလား၊ စိတ်နာကျင် ခံစားရအောင် လုပ်သလား၊ အကြမ်းဖက်မှု ဗလက္ကာယ လုပ်တာတွေ ရှိသလား၊ ကိုယ်ကျင့်တရား ပျက်ယွင်းမှုတွေ ရှိသလား စတာတွေကိုပါ ပြန်စစ်ဆေးပြီး မကြိုက်ရင် လိုင်စင်ဖြုတ်တဲ့ စနစ် ကို ကျင့်သုံးမယ် ဆိုတော့ ဆရာတွေ မျက်လုံးပြူးကုန်ကြတယ်။ အဓိက စစ်ဆေးချက်မှာ ဆရာတွေကို ပြန်ပြီး အမှတ်ပေးရမှာ ဖြစ်ပါတယ်။ သင်ပြ နည်း ကောင်းရဲ့လား၊ တီထွင် ဆန်းသစ်မှု ရှိသလား၊ အမြဲတမ်း လေ့လာ သင်ယူမှု ရှိသလား ဆိုတာတွေနဲ့ပါ တိုင်းတာမယ်လို့ သိရပါတယ်။ ဒီလောက် ဆိုရင် တရုတ်ဆရာ မဟုတ်တာ ဘာမှ လုပ်လို့မရဘူးဆိုတာ သဘောပေါက် မှာပါ။
ခုပြောခဲ့တဲ့ စနစ်က မကြာမီ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာ။ မကြာမီ ရှေ့ပြေး အနေနဲ့ ဒေသ အချို့မှာ စတင်တော့မယ်။ ဒါဆိုရင် ဆရာတွေကို စာမေးပွဲ စစ်တာနဲ့ ပိုင်းဖြတ်တာတွေကို ဘယ်သူတွေ လုပ်ကြမှာလဲဆိုတဲ့ ပြဿနာ တစ်ရပ် ပေါ်လာတယ်။ ကြောင်ကို ဘယ်သူ ခြူဆွဲ ပေးမလဲ ဆိုတာထက် ဆိုးသွားနိုင်တဲ့ အနေအထား ကို ရောက်လာတာပါ။
အထက်က ပြောခဲ့တဲ့ အလုပ်တွေကို ပညာရေး ဝန်ကြီးဌာနက တာဝန်ရှိ သူတွေ လုပ်မှာလား၊ ပညာရေး ကျွမ်းကျင် သုတေသန ပညာရှင်တွေက လုပ်မှာလား၊ ကျောင်းအုပ်ကြီးတွေ လုပ်မှာလား၊ ကျောင်းသားတွေ လုပ်မှာ လား၊ ကျောင်းသား မိဘတွေ လုပ်မှာလား ဆိုတာတွေကို ပညာရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ပြီး တိကျစွာ လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။
ဘာပြောပြော ဆရာတွေကို ပြန်လည် စစ်ဆေးတော့မယ် ဆိုလိုက်တော့ တစ်နိုင်ငံလုံးက ဆရာတွေ ဆီက အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတယ်။ မြန်မာပြည်မှာ ဒီလိုလုပ်မယ် ဆိုရင်လည်း ကျိန်းသေ ပြဿနာ တက်မှာ သေချာတယ်။ ၂၀၀၇ ခုနှစ် ဝန်းကျင်လောက် မြန်မာပြည်မှာ ဆရာတွေကို စာမေးပွဲ ပြန်စစ်ပြီး မအောင် တဲ့ ဆရာတွေကို အထက်တန်းဆိုရင် အလယ်တန်းကို ပြန်ချလိုက်တော့ ဆရာတွေ သောက်သောက်လဲ ကျလိုက်တာ၊ စစ်ဆေးတဲ့ မြို့နယ် ပညာရေးမှူးက “အံ့တယ်ဗျာ…တစ်ရာပေးတာ သုံး လေးမှတ်လောက်ပဲ ရတဲ့ ဆရာတွေတောင် ရှိတယ်” လို့ ပြောခဲ့ဖူးတာ မှတ်မိပါသေးတယ်။
တရုတ်ပြည်မှာ ဆရာတွေကို စာမေးပွဲ ပြန်စစ်မယ် ဆိုတာကို ထောက်ခံတဲ့ ဘက်က တရုတ်ပညာရေး သမိုင်းမှာ တကယ့်ကို အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှု တစ်ခု ဖြစ်ပါတယ်။ ဒီလိုမှ ဆရာတွေကို ကျောင်းသားတွေက လည်း လေးစားလာမယ်၊ လေးစားလောက်အောင်လည်း ကျောင်းသားတွေ ထက် ပိုတတ်တယ်ဆိုတာ ပြချင်လို့ ကြိုးစားလာကြလိမ့်မယ်။ ဆရာအလုပ် ကို တကယ် မြတ်နိုးတယ်ဆိုတဲ့ ဆရာတွေကတော့ ကြိုးစားကြမှာပဲ။ အလုပ်ကို မချစ်တဲ့သူတွေ၊ စာသင်တာကို မလေးစားတဲ့သူတွေ ကတော့ နောက်ဆုတ်သွားမှာပဲ။
ဆရာတွေအတွက် အမှားမခံတဲ့ အနေအထား တစ်ခုကို ရောက်လာပါပြီ။ ပင်စင် ယူခါနီးလေ အလုပ်ကို မလေးစားလေ ဘဝတွေကနေ မိမိ အလုပ်နဲ့ ဂုဏ်သိက္ခာအတွက် နောက်ဆုံးအချိန်အထိ ကြိုးစား အားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ဝင်လာစေနိုင်ပါတယ်။ ဒါမှမဟုတ် စိတ်မပါတဲ့ ဆရာတွေ အနေနဲ့ကလည်း စောစီးစွာ အလုပ် ထွက်သွားရင် ပိုကောင်း ပါတယ်။ ကျောင်းသားတွေ ကျောင်းကို ရောက်လာရင် ကျောင်းသား အခွင့်အရေးဆိုတာ ရှိပါတယ်။ ကျောင်းသား အခွင့်အရေးမှာ ပညာသင် ချင်လို့ လာတဲ့သူတွေအတွက် ပညာသင်နိုင်တဲ့ အခွင့်အရေး၊ ပညာကို အပြည့်အဝ ရပိုင်ခွင့်၊ သင်ပိုင်ခွင့် အခွင့်အရေးတွေ ပေးရမယ်။ ဒီလို ကျောင်းသားတွေ ပညာ သင်ပိုင်ခွင့်ကို အာမခံချက် မပေးနိုင်တဲ့ ဆရာတွေကို ကျောင်းသား အခွင့်အရေး ချိုးဖောက်သူတွေလို့ သတ်မှတ် ရမယ်။
တိုင်းပြည်မှာ ဆရာတွေကို စာမေးပွဲ စစ်တဲ့ စနစ်ကို စတင်လိုက်ရင် ဆရာတွေဘက်က ကြိုးစား အားထုတ်မှုတွေ ပိုလာမယ် ထင်ပါတယ်။ သူတို့ ကြိုးစား အားထုတ်မှုဟာ ပညာရေး ကောင်းဖို့သာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ လုပ်လည်း ဒီလစာ၊ မလုပ်လည်း ဒီလစာ၊ သေတဲ့အထိ ယူပေတော့လို့ လွှတ်ထားလိုက်ရင် အစိုးရ အနေနဲ့ကလည်း လူပိုတွေ တင်ကျွေးထားရ၊ ပြည်သူ့ဘဏ္ဍာလည်း ဆုံးရှုံးရ၊ ကလေးတွေ အနာဂတ် လည်း အခြေမလှ ဖြစ်ကြရပါလိမ့်မယ်။ အစိုးရက ငါးနှစ် တစ်ကြိမ်လို့ ပြော တာ များနေပါသေးတယ်။ သုံးနှစ် တစ်ကြိမ်လောက်တောင် လုပ်သင့်ပါတယ် လို့ Beijing Evening News မှာ Fang Zhonghua ဆိုသူက ဝေဖန် ရေး သားထားတာကို တွေ့ရပါတယ်။
အလားတူ ဆရာတွေကို စာမေးပွဲ စစ်တာ လက်မခံတဲ့ဘက်ကလည်း ဒီလို ပြန်ရေးထားပါတယ်။
တရုတ်နိုင်ငံအတွက် ဒီလိုဆရာတွေကို အရည်အချင်းစစ်ပြီး ပညာရေး ပြုပြင်ပြောင်းလဲမယ်ဆိုတာ ထိရောက်မယ်တော့ မထင်ပါဘူး။ ဒီလို လုပ်လိုက်ရင် မတည်ငြိမ်တဲ့ အလုပ် တစ်ခု ဖြစ်လာပြီး ဆရာတွေလည်း ကိုယ့်လုပ်ငန်းအပေါ် ကိုယ် အာရုံစိုက်နိုင်မှာ မဟုတ်တော့ပါဘူး။ တစ်ခုခု ဖိစီးနေတဲ့ စိတ်နဲ့ သေမထူး၊ နေမထူး စိတ်တွေ ဝင်သွားရင် ပညာရေး အတွက် ရင်လေးပါတယ်။
စာသင်တယ်ဆိုတာ တကယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခု ဖြစ်ပါ တယ်။ ဆရာဆိုတာ တပည့်တွေကို အသိပညာ ဗဟုသုတတွေရအောင် ဖန်တီးနေရသူတွေ၊ ဘဝ တန်ဖိုးတွေကိုပါ နားလည်လာအောင် လေ့ကျင့် ပျိုးထောင်ပေးနေရတဲ့ သူတွေ ဖြစ်ပါတယ်။ ဆရာဖြစ်ပြီ ဆိုကတည်းက အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမပြီး ဆရာစားမချန် သင်တော့မယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ကြိုးစား အားထုတ် သင်ကြားခဲ့ရပါတယ်။
ဆရာ အလုပ်ဆိုတာ ရေတို ပိုင်းဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ ရေရှည် ပိုင်းဖြတ်ရတာ ဖြစ်ပါတယ်။ ဆရာဆိုတာလည်း လေ့လာရင်း သင်၊ သင်ရင်း လေ့လာ ပညာရှာနေရသူတွေ ဖြစ်ပါတယ်။ ဆရာဝန်တွေလိုပေါ့။ ဒါကြောင့် သူတို့ကို ရေတို ကာလနဲ့ ပိုင်းဖြတ်ပြီး စာမေးပွဲ စစ်ချလိုက်မယ် ဆိုတာ မမှန်ကန်တဲ့ ပိုင်းဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ဆရာ တစ်ယောက်ကို ငါးနှစ်အတွင်း ပြည့်စုံလာလိမ့်မယ် လို့လည်း မပြောနိုင်ဘူး။ ဘယ်ကိစ္စမဆို စိတ်ပါဝင်စားပြီး အာရုံစိုက်ထားသူတွေ ဖြစ်လာရင် စိတ်ပါဝင်စားစွာ လုပ်မှာပဲ။ ဒါကြောင့် ဆရာတွေဘက်က အလုပ်မှာ စိတ်ဝင်စားလာအောင်၊ ကြိုးစား ချင်လာအောင် အစိုးရဘက်ကလည်း ဘာတွေ လုပ်ပေးပြီးပြီလဲ လို့ မေးမှ ပြည့်စုံမယ် ထင်ပါတယ်လို့ Beijing Evening News မှာပဲ Yu Jinhui က ပြန်လည် တုံ့ပြန်ထားပါတယ်။
သူတို့ နှစ်ယောက်စလုံးရဲ့ တုံ့ပြန်ချက်တွေဟာ ကျေနပ်စရာကောင်းတဲ့ အမြင်တွေဖြစ်ပြီး သူ့ဘက် ကိုယ့်ဘက် လုံခြုံအောင် ပြောသွားနိုင်တယ်လို့ ယူဆပါတယ်။
မြန်မာနိုင်ငံမှာ ဆရာတွေကို အရည်အချင်း ပြန်စစ်လိုက်လို့ကတော့ ၂၀၀၇ ခုနှစ် ဝန်းကျင်လောက် ကလို ဖြစ်မှာ သေချာပါတယ်။ အထက်မှာ ပြောခဲ့ သလို စာမေးပွဲ ပြန်စစ်ရင် အဆိုးလည်းရှိ၊ အကောင်းလဲ ရှိနိုင်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာက သင်ကြားတဲ့ သင်ရိုးတွေက လည်း နှစ်ပေါင်းများစွာ ကြာတဲ့အထိ မပြောင်းလဲတော့ ပုပ်သိုးနေတဲ့ ချဉ်ဖတ်အိုးကြီးလို ဖြစ်၊ ဆရာတွေကလည်း အဲဒီ ချဉ်ဖတ်အိုးထဲကိုပဲ ထပ်ကာထပ်ကာ ပြန်ထည့်၊ တပည့်တွေကလည်း ချဉ်စော်နံနေတဲ့ ပညာရေးနဲ့ ပုပ်အက် နံစော်တဲ့ ကစော်ရည်ထဲမှာ နစ်နေကြပါတော့ တယ်။ မြန်မာ့ ပညာရေးကို နိုင်ငံတကာနဲ့ ယှဉ်မှ နိမ့်ကျနေတယ်ဆိုတာ သိသာပါတော့တယ်။
ခုဆိုရင် ပုဂ္ဂလိက ကျောင်းတွေကလည်း ပေါ်လာ၊ နိုင်ငံတကာ ကျောင်းတွေ ကိုလည်း တက်ကြ၊ ပုဂ္ဂလိက ကျောင်းတွေမှာကိုက အစိုးရကျောင်းတွင် တရားဝင်စာရင်း သွင်းပေးသည် ဆိုတာတွေ ကြော်ငြာနေတာ တွေ့ ရတော့ မြန်မာ့ပညာရေးလည်း ဟိုလိုလို သည်လိုလို ရောထွေးနေပြီ ဆိုတာ ထင်ရှားပါတယ်။
စာသင်နှစ်စက အစိုးရကျောင်းတွေမှာ နာမည်ကျော်နေတဲ့ ဆရာ ဆရာမတွေကို ပုဂ္ဂလိကကျောင်းတွေက လစာ ကောင်းကောင်းပေး ခေါ်လို့ အလုပ်တွေက ထွက်သွားတဲ့ ဆရာတွေ များတယ်ဆိုတဲ့ သတင်းတွေ ကြားရပါသေးတယ်။ ဒါပေမဲ့ ပြောပလောက်တဲ့ အရေအတွက်တော့ ဖြစ်မယ် မထင်ပါဘူး။ အစိုးရကျောင်းမှာ တစ်သိန်း ဝန်းကျင်လောက်ရတဲ့ ဆရာ တစ်ယောက်ကို ပုဂ္ဂလိက ကျောင်း တစ်ကျောင်းက သုံးသိန်းပေးပြီး ခေါ်သွား တာတော့ သိပါတယ်။ ဒါကလည်း ခေတ်ရဲ့ ပြိုင်ဆိုင်ခြင်း တစ်ခု အနေနဲ့ သတိထားရပါလိမ့်မယ်။
ဘာပြောပြော တော်သူတွေသာ ကျန်ရမယ်ဆိုတဲ့ နိယာမ သဘောတရား အရဆိုရင် မတော်သူတွေကို တော်အောင် လုပ်ဖို့ လိုလာပြီ ဆိုတာတော့ ထင်ရှားပါတယ်။ ရေစီးကြောင်းကို စုန်ဆင်းခိုင်းမလား ဆန်တက်စေပြီး လက်ပစ် ကူးခိုင်းမလား ပိုင်းဖြတ်သင့်တဲ့ အချိန် ရောက်လာပြီလို့တော့ ထင်ပါတယ်။
Written by အငြိမ်းစား ကျောင်းဆရာတစ်ဦး
No comments:
Post a Comment