ဤဆောင်းပါးတွင် အသေးစိတ် အချက်အလက်တွေ သုတေသနစာတမ်းတစ်ခုကဲ့သို့
မဖော်ပြနိုင်မှာ စိုးရိမ်တဲ့အတွက် ရေးပြီး သိမ်းထားလိုက်တာ အခုဆို
တစ်နှစ်နီးပါးခန့်ရှိနေပါပြီ။ ဒါပေမယ့် ဒီအကြောင်းအရာကတော့
ဟောင်းမသွားပေမယ့် ပိုလို့တောင် သစ်လာပါသေးတယ်။ အမှန်တော့
စာရေးသူတို့အဖွဲ့က လမ်းပေါ်ကလေးတွေကို အကူအညီပေးနေတဲ့အဖွဲ့ပါ။ ဒီတော့ ဒီလို
ကလေးတွေရဲ့ သဘာဝနဲ့သူတို့ရဲ့ စရိုက်တွေနဲ့ ယဉ်ပါးနေခဲ့တာကြာပါပြီ။
ဒီနေရာမှာ အလေးအနက်သတိပြုမိခဲ့တာကတော့ ကော်ရှုခြင်းပါပဲ။ဒီအကြောင်းကို ယဉ်ယဉ်နှောင်းဆိုတဲ့ ညီမတစ်ယောက်က ဆောင်းပါးတစ်ပုဒ်ရေးတာ ဖတ်မိလိုက်ပါတယ်၊ နောက် လွှတ်တော်ထဲမှာ ဒီကော်ရှုခြင်း အကြောင်း ဆွေးနွေးတဲ့အသံတွေလည်း ကြားမိလိုက်ပါတယ်၊ အခု ကြိုကြား ကြိုကြား သတင်းမီဒီယာတွေထဲမှာလည်း ဒီကော်ရှုခြင်းအကြောင်းကို သတင်းအတိုအစလေးတွေလည်း တွေ့မိလိုက်ပါတယ်။ ကော်ရှုခြင်းနဲ့ပက်သက်လို့ ကော်ဗူးမှာ ဓါတုဗေဒပါဝင်မှုတွေနှင့် ၄င်းတို့ရဲ့ အာနိသင်တွေ၊ ကော်ရှုတဲ့ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲတွေနှင့် ၄င်းကလေး၏ သွေးအတွင်း ပြောင်းလဲမှုတွေကို မှတ်တမ်းတင်လေ့လာဖို့ ညီဖြစ်သူ ဆရာဝန်တစ်ယောက်ကို ကော်ဗူးဝယ်ပေးပြီး ဓါတ်ခွဲစမ်းသပ်ပေးဖို့အကူအညီတောင်းမိပါသေးတယ်။ ဒီလို စမ်းသပ်မှုတွေအတွက် အချိန်ရယ်၊ ငွေရယ်၊ နည်းပညာအကူအညီတွေရယ် မလုံလောက်လို့ နောက်ဆုံးတော့ လက်လျော့လိုက်ရပါတော့တယ်။ ဒါပေမယ့် ဒီအတွက် အခါအခွင့်သင့်ရင်တော့ ကြိုးစားကြည့်ဖို့ စိတ်ကူးမပျက်သေးပါဘူး။
ကော်ရှုခြင်းနဲ့ပက်သက်ပြီး ရေးဖို့ဆိုရင် သူတို့ရှုတဲ့ကော်ကို စမ်းသပ်ရှုကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှု အကျိုးဆက်တွေကို ချရေးမယ်ဆိုရင် ပိုပြီး အသေးစိတ်ဖြစ်မယ်လို့ ထင်ရတာပေါ့။ ဒါပေမယ့် ကော်ရှုခြင်းအကြောင်း သုတေသနစာတမ်းပြုစုတဲ့ နိုင်ငံတကာ NGO အဖွဲ့တစ်ခုက စာတမ်းပြုစုသူတစ်ယောက် ကော်ဆွဲလို့ ဆေးရုံတက်ပြီး ကော်ဖြတ်ရတယ်လို့ ကြားဖူးတော့လည်း ဒီလိုလုပ်ကြည့်သင့် မသင့်ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒီတော့ ကိုယ်တိုင် ကော်ရှုသူမဟုတ်ရင်တောင် ကိုယ်ထိတွေ့မိနေတဲ့ လောကသားတွေအပေါ် ထင်မြင်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်။
အတွေ့အကြုံအရဆိုရင် ကျွန်တော်တို့လမ်းပျော်ကလေးများစာသင်ကျောင်းတွင် ကော်ရှုသည့်ကလေးငယ် တစ်ယောက်ကျောင်းလာတက်ပြီဆိုရင် ကျန်တဲ့ကလေး ၂၀ ယောက်ခန့်ကို အနှောက်အယှက်ပေးတဲ့အထိ ဆိုးသွမ်းကြောင်း မကြာခဏသတိပြုမိပါတယ်။ ကရုဏာတရားဖြင့် နှင်မထုတ်ရက်သော်လည်း ကျန်သည့် ကလေးငယ်များအတွက် ပညာသင်ကြားမှု အဟန့်အတားဖြစ်စေခြင်း၊ အန္တရာယ်ကို ဖိတ်ခေါ်လာမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ကော်ရှုသည့်နေ့ ကျောင်းမလာရန်ကလွဲရင် အခြားရွေးစရာ အခြေအနေမပေးပါဘူး။
ကော်ရှုတယ်ဆိုတာ ကော်ဗူးကထွက်တဲ့ အနံ့ကို ရှုရှိုက်ကြခြင်းဖြစ်တယ်။ ယခုအခါ ကော်ရှုတယ်ဆိုတဲ့ အလေ့အကျင့်တစ်ခုဟာ မြို့ကြီးပြကြီးများမှတဆင့် မြို့ငယ်များသို့တိုင် ကူးစက်လာနေပါပြီ။ အထူးသဖြင့် လမ်းဘေး အခြေအနေမဲ့ကလေးများက ကော်ရှုခြင်းကို စွဲလမ်းနေတယ်ဆိုပေမယ့် နောင်အနာဂတ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များဆီသို့တိုင် ဂယက်ရိုက်ခတ်မည်ကို စိုးရိမ်ရပါတယ်။
ကော်ဗူးမှ ရာဇ၀တ်မှုဆီသို့
ဒီကော်ဗူးတွေကို ပီဗွီစီပိုက်တစ်ခုနဲ့ တစ်ခုဆက်တဲ့နေရာ၊ ပိုက်ကွေး ပိုက်ခေါင်းများ ဆက်တဲ့နေရာတွေမှာ ခိုင်မြဲအောင် ကော်ကိုသုတ်ကြတယ်။ ခဏနေ လေသလတ်တော့ ကော်မစိုမခြောက်ဖြစ်တဲ့အချိန်မှာ ပိုက်အချင်းဆက်လိုက်ရင် ဂဟေဆက်လိုက်သလို ခိုင်မြဲသွားတယ်။ တီဗွီတံဆိပ် ကော်ဗူးဆိုတာ အသုံးများကြပေမယ့် အခြား ကော်ဗူးများကိုလည်း ပိုက်ဆက် ပိုက်ဆင် လုပ်ငန်းများတွင် အသုံးပြုကြပါသေးတယ်။ ဒီကော်ဗူးတွေက ထွက်တဲ့ အနံ့က ဓါတ်ဆီနံ့လဲမဟုတ်၊ သင်္ဘောဆေးအနံ့လဲမဟုတ် ခပ်ပြင်းပြင်း အနံ့တစ်ခုပါပဲ။
အဲ့ဒီ ခပ်ပြင်းပြင်းအနံ့ကို နာရီဝက်ခန့်ရှုရှိုက်ကြတာကို ကော်ရှုတယ်လို့ခေါ်ကြတယ်။ အဲ့ဒီနောက် ကော်ရှုထားတဲ့ ကလေးဟာ စိတ်ကြွဆေးသောက်တဲ့လူတစ်ယောက်နဲ့တူသွားပါတော့တယ်။ လမ်းလျှောက်ချင်တယ်၊ စိတ်ကို မထိန်းနိုင်ပဲ ထင်ရာ မြင်ရာ လျှောက်လုပ်တဲ့အခါမှာ ခိုးမှု၊ လုယက်မှုကစ၍ မုဒိန်းမှု၊ လူသတ်မှုများအထိ ကျူးလွန်မိတဲ့ တရားခံတစ်ယောက်ဘ၀ကို ရောက်သွားပါတော့တယ်။
ကျန်းမာရေးဆိုးကျိုးများ
အစပိုင်းမှာ ကော်ရှုကြတဲ့ကလေးတော်တော်များများဟာ စားစရာ မရှာဖွေနိုင်တော့လို့ ကော်ဗူးကို ရှုရှိုက်ခြင်းဖြင့် အစာစားချင်စိတ်ကို ဖြေဖျောက်ကြတာဖြစ်ပါတယ်။ ကော်ဗူး ရှုခြင်းဖြင့် အစားမစာချင်တော့ပဲ အဟာရသိဒ္ဓိပြီးသလို ဖြစ်နေပါတယ်။ တကယ်တမ်းမှာတော့ သဘာဝမကျတဲ့ဖြစ်စဉ်တစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးဟာ ကလေးငယ်ရဲ့ ၀မ်းတွင်းကလိစာတွေကို ပျက်စီးသွားစေပါတယ်။ တစ်လခန့်စွဲမြဲစွာ ရှုရှိုက်တဲ့ကလေးဟာ နံ့ပိန်လေးဖြစ်သွားပါတယ်။ မရှုရှိုက်ခင်တွေ့ရပုံနဲ့ အစပေါင်းများစွာ ကွာသွားပါတယ်။ နောက်ပိုင်းမှာ မစားနိုင် မသောက်နိုင် ဆေးလဲမကုနိုင်တော့ သဖြင့် သေဖို့ကို စောင့်ရတဲ့ ကလေးတစ်ယောက်ဘ၀နဲ့ပဲ ရခဲလှတဲ့ လူ့ဘ၀ကို မရှုမလှ ဇာတ်သိမ်းသွားရပါတော့တယ်။
ဒီလို သေသွားတဲ့ကလေးများလဲ များလှပါပြီ။ လမ်းဘေး လေလွင့်ကလေးသူငယ်များဖြစ်၍ လူအများ စိတ်ထဲ အမှုမဲ့အမှတ်မဲ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သူတို့အချင်းချင်းတော့ သေသူတွေ ဘယ်လောက်များလဲ သိကြပါတယ်။ အခုလိုအဖြစ်မျိုးတွေဟာ တစ်ဖက်ကကြည့်ရင် ဒုစရိုက်မှုတွေကို တိုးပွားလာမယ့် အရေးလို့ဆိုနိုင်သလို အခြားတစ်ဖက်မှကြည့်ပြန်ရင်လည်း အနာဂတ်ကလေးသူငယ်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ တရုတ်ပြည်မှာ ဘိန်းဖြူကြောင့် လူတွေ ဒုက္ခရောက်ခဲ့ရတဲ့ ရာဇ၀င်တွေရှိခဲ့သလိုပဲ ဆင်းရဲတဲ့နိုင်ငံတစ်ခုမှာလည်း ဘိန်းဖြူမဟုတ်ပေမယ့် ကလေးငယ်တွေအတွက် လူညွန့်တုံးစေမှာကတော့ အမှန်ဖြစ်ပါတယ်။
ဘိန်းစွဲရင် ဖြတ်ရခက်သလို ကော်စွဲရင်လည်း အတူတူပဲ။
ကော်ဖြတ်ပေးရန် မနှေးစေချင်
ကော်စွဲနေတဲ့ကလေးငယ်အတွက် လေ့ကျင့်ရေးစခန်းများကလည်း တာဝန်မယူနိုင်ကြပါ။ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကို အကူအညီတောင်းကြည့်သော်လည်း ၄င်းတို့စခန်းကလည်း ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျွေးမွေးရန် မတတ်နိုင်ပါဟု ပြန်ဖြေပါတယ်။ ဒီတော့ အားလုံး လက်ပိုက်ကြည့်နေရုံကလွဲရင် သူတို့အတွက် ဖြေဆေးမရှာနိုင်ကြသေးပါဘူး။ ဒီအကြောင်းကို လွှတ်တော်ထဲ ရောက်လာတယ်ဆိုတော့ ရေနစ်သူအတွက် မြက်ပင်ငယ်များဖြစ်လာမလားလို့ ထင်ရပေမယ့် နောက်ဆုံးတော့လည်း အဖျားရှုးသွားတာပါပဲ။
ကော်ဗူးရောင်းသည့် အိမ်ဆောက်ပစ္စည်းဆိုင်နှင့် ရေပိုက်ဆိုင်များအား ကလေးငယ်များအား မရောင်းချရန် အထူးတားမြစ်သင့်သလို ကော်ရှုခြင်းအား မူးယစ်ဆေးဝါးအန္တရာယ်တစ်ခုအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ဥပဒေများပြဌါန်းရန် လိုအပ်ပါလိမ့်မယ်။ တကယ်တမ်းအရေးတကြီး လိုအပ်လာ၍ ကော်ဖြတ်ရန် ဆေးရုံ ဆေးခန်းများ ဖော်ဆောင်ပေးသင့်ပါပြီ။ ကော်ရှုကလေးငယ်များအား ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်စေမည့် ပြုစုပျိုးထောင်ရေးစခန်းများ ပေါ်ပေါက်လာချင်ပါပြီ။ ဤအတွက်လည်း ကူညီပံ့ပိုးပေးနိုင်ကြပါရန် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များနှင့် ကလေးသူငယ်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းအားလုံးသို့လည်း မိမိတို့အနေဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။
No comments:
Post a Comment