အောက်တိုဘာလ (၃) ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်အဋ္ဌမ  ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပညာ ရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးဒေါက်တာ  စန်းလွင်က ၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာသင်ရိုးများပြောင်း လဲခြင်းနှင့် အတူ ၁၂ တန်းပညာရေးစနစ် ကို စတင်ကျင့်သုံးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ် (၁၀) မှဦးနု၏ မေးခွန်း ကိုဖြေကြားခဲ့သည်။

ဒုဝန်ကြီး၏ဖြေကြားချက်အရအသက် (၁၈)နှစ်ပြည့်သည့်အရွယ်ရောက်မှသာ တက္ကသိုလ်ပညာကိုသင်ကြားရတော့မည် ဟုရည်ညွန်းနေသည်။ သူကနိုင်ငံတကာ  စံချိန်စံညွန်းနှင့် လိုက်လျောညီထွေဖြစ်စေ ရန်အတွက် ရည်ရွယ်သည်ဟုဆိုသည်။  ၎င်း၏အဆိုအရဆိုလျှင် ပုံမှန် ၀ိဇ္ဇာ၊ သိပ္ပံ  ဘွဲ့တစ်ခုကို အတန်းကျမရှိဘဲ အသက် (၂၂)နှစ်ပြည့်မှသာ ရရှိနိုင်ပြီး မဟာဘွဲ့ ဆိုလျှင် အသက်(၂၈)နှစ်ပြည့်မှသာရရှိ နိုင်မည်ဖြစ်သည်။ ထို့နောက်လုပ်ငန်းခွင် သို့ဝင်ရောက်၍ လုပ်ငန်းကျွမ်းကျင် ကာလ(၅)နှစ်ထပ်ပေါင်းသောအသက် (၃၃)နှစ်အရွယ်ရောက်မှသာ တိုင်းပြည် က အားကိုးရနိုင်သည့်လုပ်သားကောင်း တစ်ဦးဖြစ်လာတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံသားတို့၏ပျှမ်းမျှသက်တမ်း အနှစ်(၆၀)ဖြင့်တွက်ချက်ကြည့်လျှင်၎င်း ပညာရှင်တစ်ဦးကိုတိုင်းပြည်က အနှစ် (၂၀)နီးပါးမျှသာအသုံးပြုနိုင်မည်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းပညာရှင် များ ဖြစ်လာဖို့ရန်အတွက် ပညာသင် ကာလကိုတွက်ချက်ကြည့်လျှင် အခြေခံ ပညာ ၁၂တန်းနှင့်မူကြို၅နှစ်ပေါင်းထည့် ကြည့်လျှင် ၁၇နှစ်တွင် အခြေခံပညာပြီး ဆုံး၍ ၁၈နှစ်တွင်တက္ကသိုလ်ပညာစတင် သင်ကြားရမည်ဖြစ်သည်။ အကယ်၍ ဆေးကျောင်းသားတစ်ဦးဆိုလျှင်ဆေး တက္ကသိုလ်မှာနောက်ထပ်(၇)နှစ်အသုံးပြု ပါက အက်(၂၅)နှစ်အရွယ်ရောက်မှ ရိုးရိုး ဆရာဝန်ဘွဲ့ကို ရမည်။ မဟာဆေးပညာ ဘွဲ့များ၊ ပါရဂူဆေးပညာဘွဲ့များကို ထည့်မတွက်ဘဲဆိုလျှင်လုပ်ငန်းကျွမ်းကျင် ကာလ(၅)နှစ်ပေါင်းထည့်မည်ဆိုပါက တိုင်းပြည်က အသုံးပြု၍ရမည့် အထွေ ထွေအဆင့်ဆရာဝန်တစ်ဦးက အသက် (၃၀)ပြည့်မှသာရရှိမည်ဖြစ်သည်။
အသက်(၅၀)နီးပါးရောက်လာလျှင် သက်တမ်းအရ မြန်မာလူမျိုးတို့၏ လုပ်အားနှုန်းကျဆင်းလာပြီဖြစ်သည်။ တိုင်းပြည်ကစွန့်လွှတ်စွန့်စားနိုင်သည့် အရွယ်များကို စာသင်ကျောင်းများတွင် ကုန်ဆုံးစေခြင်းက တိုင်းပြည်လုပ်အားကို ကျဆင်းစေနိုင်သည်။ အသက်(၃၀) အရွယ်စဉ်းစားချင့်ချိန်နိုင်သောအရွယ် ရှိသည့် ဆရာဝန်တစ်ဦးကို ကိုယ်ကျိုးစွန့် ဖို့အတွက် နားသွင်းရသည်မှာမလွယ်ကူ ကြောင်းအုပ်ချုပ်မှုအတတ်ပညာကို နားလည်သည့်သူတိုင်းသိကြသည်။
မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲ သည့်ကာလဖြစ်သည်။ တိုင်းပြည်တွင် အမှန်တကယ်အလိုရှိနေသည်မှာကိုယ်ကျိုး စွန့်ပြီး တိုင်းပြည်မျက်နှာကိုကြည့်မည်သူ များသာဖြစ်သည်။အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တရား ရေးမဏ္ဍိုင်အစရှိသော တိုင်းပြည်ကို မောင်းနှင်နေသည့်အဖွဲ့အစည်းများတွင် အဂတိကင်းကင်းလုပ်ဆောင်နေသည့် ပုဂ္ဂိုလ်မှာ ရှားပါးနေပါသည်။ တိုင်းပြည်လိုအပ်ချက်ကိုသာအဓိကထားပြီး လုပ်ဆောင်သင့်ပါသည်။ မတော်မတည့် စီမံကိန်းများက အရှိန်ဖြင့်သွားနေသည့် နိုင်ငံကိုနောက်တွန့်စေရန် ဘရိတ်အုပ် နေသည့်ပုံပေါ်နေ၏။
နိုင်ငံတကာစံချိန်၊ စံညွှန်းဟူသော စကားလုံး လှလှကလေးများသုံးပြီး လွှတ်တော်အတွင်းက ပုဂ္ဂိုလ်များကို အယုံမသွင်းသင့်ပါ။ တကယ့်ဖြစ်ရပ်က စာသင်ကျောင်းများအတွင်းရှိသင်ထောက် ကူပစ္စည်းစုံလင်မှုရှိမရှိ၊ ဒေသခံပြည်သူ ဦးရေးနှင့် စာသင်ကျောင်းလုံလောက်မှု ရှိမရှိ၊ စာသင်ကျောင်းများတွင် သင်ကြား မှု ဆရာ၊ ဆရာမလောက်ငှမှုရှိမရှိ။ သင်ရိုးညွှန်းတမ်းက ကျောင်းသူ၊ ကျောင်းသားများကိုအမှန်တကယ် အထောက်အကူပြုမှုရှိမရှိ၊ အကယ်၍ သင်ရိုးညွှန်းတမ်းက ပြည့်စုံလျှင်လည်း စာမေးပွဲမေးခွန်းများသည်အမှန်တကယ် တတ်ကျွမ်းမှုကို စစ်ဆေးနိုင်စွမ်းရှိမရှိ၊ နယ်ကျောင်းသားများနှင့် မြို့နေကျောင်း သားများကြားတွင် ပညာရေးအဆင့် အတန်းကွာခြားမှုရှိမရှိများကို လေ့လာ စစ်ဆေး၍ လုပ်ဆောင်ချက်များကိုသာ ဖြေရှင်းသင့်ပါသည်။
၂၀၁၄-၁၅တွင်စတင်ကျင့်သုံးမည့်  ပညာရေးစနစ်၏အားနည်းချက်မှာ တစ်တိုင်းပြည်လုံး၏လုပ်အားကို ၂နှစ် မျှနောက်ကျသွားစေရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
တစ်တိုင်းပြည်လုံး၏GDPပမာဏ ကို၂နှစ်မျှနော်ကျစေသည့်အပြင်ပညာရေး ၀န်ကြီးဌာန၏ အသုံးစရိတ်ကို ၂နှစ်စာ မြှင့်လိုက်သည်နှင့် တူ၏နိုင်ငံတကာစံချိန် စံညွှန်းသည် ဂုဏ်တစ်ရပ်ဖြစ်သည်။ ဂုဏ်တု ဂုဏ်ပြိုင်လုပ်ဖို့အတွက်ကိုယ်နိုင်ငံ က ဘယ်လောက်ချမ်းသာနေသလဲဆို တာကိုတွက်ချက်ကြည့်ရမည်။ လုပ်အား ဆုံးရှုံးနေသောနိုင်ငံက ဂုဏ်သိက္ခာစကား ပြောသည်ဆိုလျှင် သိပ်ပြီး မူမမှန်တော့ သည်ကိုသတိချပ်ရမည်ဖြစ်သည်။
ဤနေရာတွင် ရှင်ဒိသာပါမောက္ခ ၏စကားတစ်ခွန်းကိုသွားသတိရမိသည်။ ပုဂံကို တရုတ်တို့ ကျူးကျော်စဉ်က ရှင်ဒိသာပါမောက်က သံတမန်အဖြစ် ကူဗလိုင်ခန်နှင့် တွေ့ဆုံကာ ပုဂံပြည်ကြီး စည်ကားစေရန်အတွက် စောင့်ပါဦး။ ပုဂံပြည်ကြီးဆန်ရေစပါးပေါကြွယ်ဝသည့် အချိန်မှသာ လာရောက်သိမ်းပိုက်ပါဟု လည်း အချိန်မနှောင်းသေးကြောင်း အဓိပ္ပာယ်ရသည့်စကားကိုဆိုခဲ့သည်။ စာရေးသူကလည်း ပညာရေးဒုဝန်ကြီး ကို ၀န်ကြီးခင်ဗျာ။ မြန်မာ့ပညာရေးစနစ် ကို ပြင်မယ့်အစားလက်ရှိသွားနေတဲ့ အကျိုးအပဲ့၊ အပေါက်အပြဲများနေသည့် ပညာရေးဆိုင်ရာကိစ္စရပ်များကိုဖာထေး ပြုပြင်ပါဦး။ ပြီးမှဝန်ကြီးရဲ့မဟာဗျူဟာ ကြီးကို ချပြရင်လည်းစအချိန်မနှောင်း သေးပါဟုဆိုလိုက်ချင်ကြောင်းပါ။

မောင်ယဿ