Friday, 15 February 2013

အထက်တန်းကျတဲ့စိတ်နဲ့ စာခိုးသူ ပြဿနာများ

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆယ်တန်းစာမေးပွဲရက်အတွင်းမှာ ကျွန်တော့် မိတ်ဆွေရဲ့ သမီးငယ်လေး စာဖြေရာကအပြန် အိမ်ရောက်ရောက်ချင်းပဲ ရှိုက်ကြီးတငင် ငိုပါတော့တယ်။ ဘာဖြစ်လို့လဲ မေးတော့ တခြားအခန်းက ကျောင်းသားတွေကျတော့ ခိုးချလို့ရပြီး သူတို့အခန်းကျတော့ ခိုးချလို့ မရလို့ပါတဲ့။

"ဟဲ့-စာမေးပွဲမှာ ခိုးချခွင့် မပြုတာက အမှန်တရားပဲ။ ဒါမှ စာမေးပွဲက အဓိပ္ပာယ်ရှိမှာပေါ့။ အဲသလိုသာ ခိုးချင်တိုင်း ခိုးခွင့်ရရင် ဒီစာမေးပွဲဆိုတာကြီးကို ဘာလို့ အချိန်ကုန်ခံ၊ အပင်ပန်းခံပြီးလုပ်စရာ လိုသေး လဲ။ ဘယ့်နှယ် ခိုးချလို့မရလို့ ငိုရတယ်လို့ကွယ်။ စာမဖြေနိုင်လို့ဆိုတာ လူကြားကောင်းသေးတယ်။ ခိုးချလို့မရလို့ ဆိုတာကတော့ သူများတွေကြားရင် ရှက်စရာကွာ။"
ကိုယ့်သမီးလိုဖြစ်နေလို့ လေသံခပ်ပြင်းပြင်းပြောမိရင်းက ဒီပြဿနာဟာ သိပ်သေးဖွဲတဲ့ ပြဿနာ မဟုတ်ဘူးဆိုတာကိုပါ တစ်ဆက်တည်း လေးလေးနက်နက်ကြီး တွေးမိခဲ့တယ်။
ဒီလိုနဲ့ ၂-၅-၉၅ နေ့ ကြေးမုံ သတင်းစာမှာပါလာတဲ့ သတင်းတစ်ပုဒ်ကို ဖတ်မိရပြန်တော့ ဒီပြဿနာနဲ့ ပတ်သက်တဲ့ အတွေးစတွေ ပြန်ပြီးခေါင်းထောင် လာပြန်ပါရော။
ကြည့်ပါ။
ကျောင်းသားများ အဆင့်မြင့်မြင့် စာခိုးချ
လန်ဒန်-မေ, ၃
“ဗြိတိန်နိုင်ငံတွင် ကျောင်းသူ ကျောင်းသားအားလုံးအနက် ထက်ဝက်ကျော်သည် စာမေးပွဲများဖြေဆို ရာတွင် စာခိုးချခဲ့ကြကြောင်း၊ စာခိုးသူများသည် စာမေးပွဲစစ်ဆေးသူများအား တစ်ပတ်ရိုက်ကာ စာခိုး ချနိုင်ရန် ယခုအခါ အဝေးထိန်း စနစ်သုံး ရေဒီယိုမင်တန်ကဲ့သို့သော အဆင့်မြင့် ကိရိယာများကိုပင် လျှင် အသုံးပြုနေကြပြီဖြစ်ကြောင်း ဗြိတိသျှ စိတ်ပညာအသင်း၏ ဥက္ကဋ္ဌ ပါမောက္ခ စတီဖင်နယူးစတက် ၏ နှစ်နှစ်ကြာ လေ့လာချက် တစ်ရပ်တွင် ဖော်ပြသည်”
အဲဒီသတင်းမှာ ဆက်ဖော်ပြထားတာကတော့ ကျောင်းသား/သူတွေဟာ သမာရိုးကျနည်းရော၊ ဆရာ ဆရာမတွေကို လာဘ်ပေးတဲ့နည်းရော၊ စာမေးပွဲခန်းအတွင်း အနီအောက်ရောင်ခြည်သုံး စက်ကိရိယာ ငယ်လေးတွေနဲ့ တစ်ဦးနဲ့တစ်ဦး စာလှမ်းမေးတာမျိုးတွေပါ နည်းမျိုးစုံ သုံးကြတဲ့အကြောင်းတွေ ရှိရတာပါပဲ။ ကျွန်တော်တို့ဆီက ကျောင်းသူ/သားလေးတွေ (ဘာဂျာတို့၊ ဖလင်တို့၊ ပေတံတို့မျှလောက် သာ သိကြသူတွေ) အားကျပြီး တီထွင်အသုံးပြုကြရင်တော့ အဲ-အဲ-တီထွင်နိုင်တယ်ဆိုရင်တောင် ဘာပဲဖြစ်ဖြစ် ဝမ်းသာစရာ ကောင်းဦးမယ်။ မှာယူ အသုံးပြုကြရင်တော့--

တကယ်တော့ စာမေးပွဲဆိုတာ ကျောင်းသားတစ်ယောက်ရဲ့ အရည်အသွေးကို စစ်ဆေးဖို့ရာ အနီးစပ် ဆုံး အဖြေရနိုင်လို့သာ နည်းလမ်းတခုအနေနဲ့ သုံးနေရတာ။ တကယ်တော့ ပြီးပြည့်စုံတဲ့ စနစ်မဟုတ် သေးကြောင်း ပညာရှင်အများက လက်ခံပြီးသားပါ။ သို့သော်လည်း သူ့ထက် အားကိုးရတဲ့ အခြားနည်း စနစ်မရသေးသမျှတော့ ဒါပဲသုံးနေရဦးမှာပဲ။
ပြောချင်တာက စာမေးပွဲဆိုတာ အရည်အသွေးစစ်ဆေးရေး နည်းလမ်းတစ်ခုသာ ဖြစ်တယ်ဆိုတာ ရယ်၊ နောက်တစ်ချက်က စာမေးပွဲဆိုတာ ဘဝဆိုတဲ့ ဖြစ်စဉ်ကြီးထဲမှာ ပေါင်းစပ်ပါဝင်နေတဲ့ ဖြစ်စဉ် ငယ်လေးတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အချက် ၂ ချက် အကြောင်းပါ။
ဘာ့ကြောင့် စာခိုးချရသလဲဆိုတဲ့ ပြဿနာကို စိတ်ပိုင်းဆိုင်ရာ ရှုထောင့်က ကြည့်ရင် ကိုယ်နဲ့မထိုက် တန်တဲ့ ဂုဏ်ကို မတရားသောနည်းနဲ့ အချောင်ရချင်လို့ဆိုတာ သွားတွေ့မိတယ်။ ဒါဟာ အချောင် သမားစိတ်ဓာတ် ဖြစ်တယ်။ အောက်တန်းကျတဲ့ ကလေကချေစိတ်ဓာတ်ဖြစ်တယ်။ စာမေးပွဲ ဘဝ အစိတ်အပိုင်း ဖြစ်စဉ်ငယ်လေးမျိုးမှာတောင် အဲဒီစိတ်မျိုးနဲ့ ရင်ဆိုင်ချင်သူမျိုးဟာ တကယ့်ဘဝကြီးထဲ မှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ရင်ဆိုင်ပါလိမ့်မလဲ။ သေချာပါတယ်။ အချောင်သမားစိတ်၊ ကလေကချေ စိတ်၊ ကိုယ်ပိုင်အစွမ်းအစကို အားမကိုးချင်တဲ့စိတ်၊ အညံ့စားအောက်တန်းစား စိတ်မျိုးနဲ့သာ ရင်ဆိုင် ကြပေလိမ့်မယ်။
လောကကြီးထဲမယ် အဲသလို ကိုယ်နဲ့ မတန်မရာ နေရာတစ်ခုရဖို့ တရားမျှတမှု ရှိရှိ မရှိရှိ လုပ်မယ် ဆိုတဲ့ အညံ့စားအတွေးအခေါ်မျိုး လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုမှ အထက်တန်းစားနိုင်ငံမျိုး ဖြစ်မလာနိုင်ဘူးဆိုတာ သေချာတယ်။
တစ်ညနေ မိသားစုစကားဝိုင်းမှာ ဇနီးသည်က အဆင့် (၁) ရဖို့ဆိုတာ ကလေးက စာတော်ရုံနဲ့လည်း မရနိုင်ကြောင်း၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမများနဲ့ အဆင်ပြေဖို့ကလည်း လိုသေးကြောင်း ပြောပြ တယ်။ (အဆင်ပြေဖို့ဆိုတာကတော့ အဆင်ပြေဖို့ပေါ့လေ)
ခက်ပုံက အဲသလို အဆင်ပြေစေတဲ့ နည်းတွေသုံးဖို့ ဇနီးသည်ကော ကျွန်တော်ပါ စိတ်မဝင်စားတာဘဲ။ စိတ်မဝင်စားတဲ့အပြင် စိတ်ပျက်လက်ပျက်ကြီးပါ ဖြစ်ရတယ်။ သီတင်းကျွတ်လို့ တန်ဆောင်တိုင်လို အခါမျိုးမှာတော့ မိဘ၊ ဆရာသမားများကို မြန်မာဓလေ့ ယဉ်ကျေးမှု အစဉ်အလာအတိုင်း စားဖွယ် သောက်ဖွယ်နဲ့ ကန်တော့ဖို့ စေခိုင်းတာမျိုးတော့ ရှိပါရဲ့။ ဒါပေမယ့် ကိုယ့်သားသမီးအတွက် မထိုက် တန်ဘဲ နေရာတစ်ခုရဖို့ အညံ့စားနည်းလမ်းတွေသုံးဖို့ ဝါသနာမပါ။
"ကိုယ့်အရည်အချင်း အစစ်နဲ့ရတဲ့ အဆင့်မျိုးကိုပဲ လိုချင်တယ်။ ကိုယ့်မှာ အရည်အချင်း မရှိဘဲ မတန် တဲ့အဆင့် ရအောင် မတရားနည်းတွေသုံးပြီး အရယူတယ်ဆိုတာ လူညံ့တွေရဲ့ စိတ်ဓာတ်ပဲ။ ဒါကြောင့် ကိုယ့်အရည်အချင်းကို လိုချင်တဲ့ အဆင့်နဲ့ ထိုက်တန်အောင် အားထုတ်။ မတန်ရင် မလိုချင်နဲ့။"
၆ တန်းတက်ရမယ့် သားနဲ့သမီးကိုပြောတဲ့ စကားက သိပ်လေးလံနေလွန်းသလားတော့ မသိပါ။ ကိုယ့်စိတ်ထဲမယ် တကယ် ရိုးရိုးသားသားယုံကြည်တာကို ပြောခဲ့မိတယ်။ တနည်းအားဖြင့် မတရား နည်းတွေသုံးပြီး အဆင့်တွေဝင်အောင် လုပ်မပေးနိုင်ဘူးဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြောတာမျိုး လည်း ဖြစ်နိုင်ပါတယ်။
"ဒါပေမယ့် တစ်ခါတစ်လေ အရည်အချင်းချင်းတူနေတဲ့အခါ အဆင်ပြေတဲ့ မိဘရဲ့ သားသမီးကို ဦးစားပေးလိုက်တာမျိုးကျတော့ ဘယ်လိုလုပ်မလဲ။"
ဇနီးသည်က စကားစမပြတ်ဘဲ ဆက်လာနေပြန်တယ်။
"အဲဒီအခါကျတော့လည်း အဲဒီ အဆင့်တစ်ဆိုတာကြီးကို မယူနဲ့တော့ပေါ့ကွာ။"
အထေ့အငေါ့ ပြောခြင်းမဟုတ်ပါ။ ကိုယ့်စိတ်ထဲရှိတာကို ရိုးရိုးသားသား ပြောချင်းသာ ဖြစ်ပါတယ်။ (ကိုယ့်အရည်အချင်းကို ကိုယ်တိုင် မှန်မှန်ကန်ကန် အကဲဖြတ်ယုံကြည်နိုင်သူအဖို့ သူများကပေးတဲ့ သတ်မှတ်ချက်တွေအပေါ်မှာ ဝမ်းနည်းဝမ်းသာဖြစ်နေစရာ မလိုပေဘူး။)
ခုနေခါ လူငယ်တွေ စိတ်ထဲမှာ စာခိုးချတာကိုပဲ ပျော်စရာ၊ ဂုဏ်ယူစရာလို့ သဘောထားလာကြတာက တော့ စိတ်မသက်မသာ ဖြစ်စရာပါပဲ။ အဲဒီလုပ်ငန်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကိုယ်နဲ့မထိုက်တန်တဲ့ အရာကို မတရားသော နည်းလမ်းတွေနဲ့ အချောင်လိုချင်တဲ့ အောက်တန်းစား ခပ်ညံ့ညံ့စိတ်ဓာတ်တွေ ထူပြောလာမှာကို စိုးရိမ်မိတာပါပဲ။ လူ့သမိုင်းစဉ်တစ်လျှောက်မှာ အရည်အချင်းမဲ့သူတွေရဲ့ ရူးပေါပေါ အတွေးတွေ၊ လုပ်ရပ်တွေကြောင့် (၇) ရက်သားသမီးတွေခမျာ ဒုက္ခသုက္ခ ရောက်ကြရတဲ့ သာဓက တွေကလည်း အများသားကိုး။
ဒါကြောင့် ကျွန်တော်တို့ရဲ့ သားသမီး၊ တူ၊တူမတွေကို သင်ကြားပေးကြရမှာက စာမေးပွဲမှာ ခိုးမချကြဖို့ ဆိုတဲ့ အချက်မျှသာမဟုတ်၊ လောကကြီးထဲမှာ ကိုယ်နဲ့မတန်ဘဲ ဘာမှမလိုချင်တဲ့ စိတ်ဓာတ်မျိုးဖြစ်တဲ့ တကယ့် လူကြီးလူကောင်းဆန်တဲ့ ရိုးသားထက်မြက်ပြီး အဆင့်အတန်းမြင့်တဲ့ စိတ်ဓာတ်မျိုး ခိုင်ခံ့သွား အောင်ပါ လုပ်ပေးကြဖို့ပါပဲ။
ကိုယ့်အရည်အသွေးက လိုအပ်တာထက် လျော့နေရင်ထပ်ဖြည့်ပေါ့။ ပေမှီဒေါက်မှီ ဒေါင်ဒေါင်မြည် အရည်အသွေး ရှိသူအဖို့ စာမေးပွဲမှာလည်း ခိုးချဖို့မလို။ ဘဝကြီးထဲမှာလည်း မတန်တာရအောင် အချောင်သမားစိတ် မွေးဖို့မလို။ ကိုယ့်အရည်အသွေးနဲ့မတန်တဲ့ နေရာကိုလုယူဖို့ တခြားသူတွေကို လည်း နင်းခြေချိုးဖဲ့ဖို့ မလို။
အဲသလို လူကြီးလူကောင်း စိတ်ဓာတ်၊ အထက်တန်းကျတဲ့ စိတ်ဓာတ်၊ ကိုယ်ကျင့်တရားရိုးသားဖြောင့် မတ်ပြီး ထက်မြက်ကြီးမားတဲ့ မဟာဉာဏ်ပညာရှင် အမျိုးကောင်းသားတွေ အပြည့်ရှိမယ်ဆိုရင် မရှိတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကြွားဝါနေဖို့ မလိုပါဘူး။ တခြား လူ့အဖွဲ့အစည်းတွေက အထင်ကြီးမော်ကြည့်ရတဲ့ တောက်ပဝင်းလက်တဲ့ လူမျိုးတစ်မျိုးအဖြစ် အလွဲမသွေ ထည်ဝါနိုင်ရမယ်လို့ ယုံကြည်မိကြောင်းပါ။
Written by ဖေမြိုင် 
သင့်ဘဝ မဂ္ဂဇင်း
၁၉၉၆ ဇန်နဝါရီလ


No comments:

Post a Comment