Thursday, 23 May 2013

သမ္မတကြီးနဲ့ ပြည်သူတွေ ကျောင်းလစ်နေကြတယ်...

ကျောင်းနေတဲ့ကလေးတစ်ယောက်အတွက် ကျောင်းပညာရေးမှာဖြစ်ထွန်းရေးဟာ
ကလေးရဲ့ အနာဂါတ်လူမူဘ၀နဲ့ စီးပွားဥစ္စာဘ၀ နှစ်ခုအတွက်အရေးကြီးတယ်။ ပညာရေးမှာမဖြစ်ထွန်းတဲ့ ကလေးတော်တော်များများဟာ ဘ၀ရဲ့ လူမူရေး၊ စီးပွားရေး စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေအများကြီးတွေ့ကြုံကြရတယ်။

ကလေးတစ်ယောက် ပညာရေးမဖြစ်ထွန်းရခြင်း(Academic Failures) အဓိက အကြောင်းအရင်း (Issues) သုံးခုရှိတယ်။

1) Familial Issues (မိသားစုပြဿနာ)
2) Socioeconomic Issues (လူမူစီးပွားရေးပြဿနာ)
3) Cultural Issues (ယဉ်ကျေးမူပြဿနာ)

ဒီပြဿနာသုံးမျိုးရဲ့ သက်ရောက်ခြင်းခံနေရတဲ့ကလေးတစ်ယောက်ဟာ ကျောင်းပညာရေးကို လိုလားမူမရှိခြင်း၊ အတန်းအလိုက်ရှိသင့်သော အခြေခံပညာတတ်ကျွမ်းမူမရှိခြင်း၊ ဆရာ၊ ဆရာမများ ညွန်ကြားပြသသည်ကို လိုက်နာနိုင်စွမ်းမရှိခြင်း၊ ပညာရေး၌ကြွမူမရှိခြင်း၊ သညာပေါက်နိုင်စွမ်း ပြဿနာရှိခြင်း၊ အာရုံကြောဆိုင်ရာ ပြဿနာရှိခြင်း စတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါတယ်။

ထိရောက်တဲ့ ပညာရေးဟာ ကလေးတစ်ယောက်အတွက် ကိုယ်ပိုင်တန်ဖိုး(Self-Esteem)၊ ကိုယ်ပိုင်လက္ခဏာ အသိ (Sense of identity)၊ အနာဂါတ်အလုပ်အကိုင် အခွင့်အလမ်း (Future Employability)၊ တွေကိုပြဋ္ဌာန်းပေးနိုင်စွမ်းရှိတယ်။

ထိရောက်တဲ့ပညာရေးစနစ်၊ အရည်သွေးပညာရေးစနစ်တစ်ခုဟာ လူ့အဖွဲ့အစည်းတစ်ခုကို အကျိုးပြုမယ့် ကိုယ့်ရည်ကိုယ်သွေးပြည့်၊ မိမိကိုယ်ကိုယ်ယုံကြည်တဲ့ ပညာတတ်တွေ မွေးထုတ်ပေးတယ်။ ဒီလိုပညာတတ်တွေသာ အလုပ်တစ်ခုကို အောင်အောင်မြင်မြင် စနစ်တကျ လုပ်ကိုင်နိုင်စွမ်းရှိကြတယ်

ဒါကြောင့်ပညာရေးမဖြစ်ထွန်းတဲ့ မြန်နိုင်ငံလိုမျိုးရဲ့ ပထမအရေးအကြီးဆုံး ဖွံ့ဖြိုးအောင်လုပ်ဆောင်ရမှာက ပညာရေးဖြစ်တယ်။ ပညာရေးဖွံ့ ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစိုးရကော ပြည်သူတစ်ရပ်လုံးပါ တာဝန်ရှိတယ်။

နည်းပညာတော်လှန်ရေးတွေနဲ့အတူ ကမ္ဘာကြီးမှာ ပါဝါအရွေ့ တွေဟာနိုင်ငံတည်ဆောက်ရေးမှာ အရေးအကြီးဆုံးသက်ရောက်မူတွေဖြစ်လာတယ်။ ယခင်က စစ်လက်နက်၊ စစ်အင်အားနဲ့ ပါဝါအမာသုံးပြီး တိုင်းပြည်တည်ဆောက်ခဲ့ကြပေမယ့်၊ လက်ရှိခေတ်အရ တိုင်းပြည်တစ်ပြည်ရဲ့ အဓိကပါဝါဟာ ပညာရေးဆိုတဲ့ ပါဝါအပျော့ဖက်ကို ကူးပြောင်းသွားပြီဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ ပါဝါနှစ်မျိုးလုံးဟာ လက်ရှိအခြေအနေမှာ မေးခွန်းထုတ်စရာနဲ တွေများနေတယ်။ ရှင်းလင်းမြင်သာမူ၊ ခိုင်မာတဲ့ တိုင်းကျိုးပြည်ပြု ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ ကိုတိုင်းသိပြည်သိ ပြုပြင်ပြောင်းလည်းရေးလုပ်နေတာ သိသိသာသာ ထင်ထင်ရှားရှား မတွေ့ရသေးဘူး။

ပညာရေးပြဿနာဟာ U.S တို့လို စူပါပါဝါနိုင်ငံတွေမှာတောင်၊ အချိန်နဲ့အမျှ ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်တယ်။ လက်ရှိအစိုးရအနေနဲ့ ပညာရေးကို အတိတ်အရိပ်မည်းထဲက ဆွဲထုတ်ပြီး၊ လက်ရှိခေတ်နဲ့ အညီပြုပြင်ပြောင်းလည်းရေးတွေကို ချက်ချင်းထလုပ်မယ်ဆိုရင်တောင် ခေတ်ပေါင်း ငါးခေတ်စာလောက်နောက်ကျနေသးတယ်။

တစ်ခါက ဆရာဦးအောင်သင်းပြောခဲ့ ဆိုတဲ့စကားလေး အမှတ်ရမိတယ်။

တိုင်းပြည်ကာကွယ်ရေးဆိုတာလည်း စာသင်ခန်းထဲမှာပဲရှိတယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်း စာသင်ခန်းထဲမှာပဲရှိတယ်။

လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အာရုံတွေက တိုင်းပြည်ရဲ့ အနာဂါတ်ကလေးတွေနဲ့အတူ စာသင်ခန်းထဲမှာ မရောက်လာကြသေးတာ ရင်လေးစရာအကောင်းဆုံးဖြစ်တယ်။

~AMM~
Greenhill

No comments:

Post a Comment