Wednesday, 8 May 2013

ကျောင်းကောင်စီများ ပြန်လည်ဖွဲ့စည်းမည်

အခြေခံပညာ ကျောင်းများတွင် ခေတ်စနစ်နှင့် အညီ ဒီမိုကရေစီ ဆိုင်ရာ အတွေးအခေါ်၊ အပြုအမူ၊ အလေ့အကျင့်များ ရရှိစေရန် ကျောင်းကောင်စီများကို ဇူလိုင်လအတွင်း အပြီးဖွဲ့စည်းမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
စာသင်ခန်းနှင့် ကျောင်းဝင်းတွင်း ဒီမိုကရေစီ လုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ကျောင်းကောင်စီ များကို ဖွဲ့စည်းသွားမည် ဖြစ်ပြီး ကျောင်းကောင်စီ အတွင်းရေးမှူးနှင့် အသင်းခေါင်းဆောင်များကို ကျောင်းသား၊ ကျောင်းသူများ၏ သဘောဆန္ဒနှင့် ရွေးချယ် သွားရမည်ဖြစ်သည်။

“ကျောင်းကောင်စီမှာ အတွင်းရေးမှူးတို့ အသင်း (၅)သင်း ခေါင်းဆောင်တို့ ကျောင်းသား ကိုယ်စားလှယ်တွေ ရှိလာမယ်။ ဒီစနစ်ကို ပြန်ပြီးတော့ အားဖြည့်တာပါ။ အရင်ကလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအသင်းတွေရဲ့ လှုပ်ရှားမှုက သိပ်ပြီးအသက်မ၀င်ခဲ့ဘူး။ အခုက ဘက်စုံဖွံ့ဖြိုး တိုးတက်မှုအတွက် အားကောင်းလာအောင် ဆောင်ရွက်တာပါ” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောင်းကောင်စီကို ဖွဲ့စည်းမည်ဖြစ်သလို အလောင်းဘုရား၊ ဘုရင့်နောင်၊ ကျန်စစ်သား၊ ဗန္ဓုလနှင့် အနော်ရထာ အသင်း(၅)သင်းကို အားကောင်းမောင်းသန်ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ တုန်းကတော့ အသင်းလေးသင်း ရှိခဲ့တယ်။ အခုက အနော်ရထာအသင်း ထပ်တိုးတာပေါ့။ အသင်းတွေက ဖွဲ့ထားပေမယ့် လှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အသင်းဝင်ပြီး နာမည်ကပ်ထားရုံ သပ်သပ်ပဲရှိခဲ့တာပါ။ အခု လှုပ်ရှားမှု ကောင်းကောင်းနဲ့ ဖွဲ့စည်း ဆောင်ရွက်မယ်ဆိုရင် ၀မ်းသာစရာပါ။ အသင်းအဖွဲ့နဲ့ လုပ်ကိုင်တဲ့ ဓလေ့လေးတွေ ပြန်ရလာတာပေါ့” ဟု အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
အခြေခံပညာ ကျောင်းများတွင် ယခင်က အသင်းလေးသင်း ဖွဲ့စည်း၍ ကျောင်းသန့်ရှင်းရေး၊ အားကစားလှုပ်ရှားမှုတို့တွင် အပြိုင်အဆိုင်ဖြင့် လှုပ်ရှားဆောင်ရွက်မှု ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင် စာမေးပွဲစနစ် အခြေခံသော ပညာရေးစနစ်ကြောင့် အသင်းဖွဲ့စည်းမှုနှင့် လှုပ်ရှားဆောင်ရွက်မှုများ အားနည်းသွားခဲ့ ကြခြင်းဖြစ်သည်။


No comments:

Post a Comment