၁။ အစိုးရကပြဋ္ဌာန်းလို့ ပေါ်လာရတဲ့ကျောင်းတွေမှာ မသင်မနေရ ပညာရေးနဲ့ မတက်မနေရစနစ်တွေကို အကောင်အထည်ဖော်ပါတော့တယ်။ ဒီကျောင်းတွေမှာ သင်ကြားမှုပုံစံတွေကလည်း တစ်မျိုးတစ်စားတည်း၊ သင်နည်းတွေကလည်း တစ်ပုံစံတည်း၊ သင်နေတာတွေကလည်း တစ်မျိုးတည်းဆိုသလိုဖြစ်နေတယ်။ ကျောင်းကိုလာတဲ့ကလေးတိုင်း မတူညီဘူး။ ဒါကို ဆရာတွေ သဘောမှပေါက်ပါစ။ မတူတာတွေကို ခွဲခြားပြီး ကွဲပြားအောင် သင်မယ်ဆိုတဲ့အစား၊ အားလုံးဟာ တစ်မျိုးတစ်စားတည်းလိုသဘောထားပြီး၊ တစ်တန်းတည်း သင်၊ တစ်မျိုးတည်းနဲ့ ပိုင်းဖြတ်နေတာက စမှားတော့တာပဲ။
၂။ အစိုးရကျောင်းတွေမှာ ဆရာတွေက ပေါတဲ့နေရာပေါ၊ ရှားတဲ့နေရာ မရှိသလောက်ဖြစ်နေတယ်။ ရေများရာ မိုးရွာနေသလိုဖြစ်နေသေးတယ်။
ပြီးတော့ ဆရာတွေက ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ တတ်သလိုလိုပုံဖမ်းပြီး အထူးထုတ်ကို ဒူးမြှုပ်ပြီးသင်နေတာ ပိုဆိုးတယ်။ မသိတာကို သိအောင်၊ သိပြီးတာကို ပိုတတ်အောင် လေ့ကျင့် သင်ကြားပေးရမယ့်အစား သိသလောက်သင်၊ သင်သလောက်မေး၊ အတွေးအားမပေး၊ ကလေးတွေကို အလေး မထားသေးတာတွေရှိနေတယ်။
၃။ သင်ယူမှုဆိုတာ ပုံသေမဟုတ်ဘူး။ သင်ယူခြင်းကို စာအုပ်တွေနဲ့ ကန့်သတ်ထားလို့မရဘူး။ ကျောင်းဆိုတာ စာသင်ဖို့ (စာအုပ်သင်ဖို့) ဆိုတဲ့ အတွေးအခေါ်တွေကို ဖျောက်မပစ်နိုင်သရွေ့ ကျောင်းတွေ မတိုးတက်နိုင်ဘူး။ တီထွင်ဖန်တီးတတ်အောင်၊ ထိုးထွင်းကြံဆတတ်အောင်၊ ဖောက်ထွက်ရှုမြင်တတ်အောင်၊ ဇောက်ထိုးတွေးသင့် ရင် တွေးတတ်အောင် မပြင်ဆင်ပေးနိုင်သမျှ ပညာရေးမဟုတ်သေးဘူး။
Written by မောင်ခေတ်
http://www.school-survival.net/
No comments:
Post a Comment