Friday, 4 January 2013

ရှမ်းပြည်နယ်၏ ပထမဆုံး ဆေးတက္ကသိုလ် တောင်ကြီး၌ တည်ဆောက်ဖွင့်လှစ်မည်



ရှမ်းပြည်နယ်မှ ဆေးတက္ကသိုလ် ၀င်ခွင့်ရသူများ အတွက် ဆေးတက္ကသိုလ် တစ်ခုကို တောင်ကြီးမြို့တွင် တည်ဆောက်ခွင့် ရရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အရှေ့ရိုးမ ဂျာနယ်သို့ပြောကြားသည်..။

ကနဦးစီမံကိန်းများအရ ဆေးတက္ကသိုလ်အသစ်များ တည်ဆောက်ရန် မြို့လေးမြို့ကို ရွေးချယ် ထားသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ တောင်ကြီးမြို့အား အတည်ပြူ သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းကပြောကြားသည်..။ မကြာမီကာလတွင် ယင်းတက္ကသိုလ်အတွက် မြေနေရာရွေးချယ်ခြင်း ပြည်ထောင်စုအစိုးရသို့တင်ပြခြင်း နှင့် လွှတ်တော်များ၏ ရန်ပုံငွေတောင်းခံခြင်းတို့ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းကပြောကြားသည်..။
လက်ရှိအချိန်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ်နှင့် တွဲဖက်အသုံးပြုနိုင်မည့် သင်ကြားရေးဆေးရုံအဖြစ် စ၀်စံထွန်းဆေးရုံရှိနေပြီး တက္ကသိုလ်တည်ဆောက်ရန် မြေနေရာ အသင့်ရှိပါက အမြန်ဆုံးအကောင်ထည်ဖော်နိုင်မည်ဖြစ်ကြောင်း ထပ်မံပြောကြားသည်..။
အထက်ပါမြို့တွင် ဆေးတက္ကသိုလ် တစ်ခုပေါ်ပေါက်လာပါက ရှမ်းပြည်နယ် တစ်ခုလုံးရှိ ဆေးတက္ကသိုလ် ၀င်ခွင့်ရသူများအတွက် များစွာအဆင်ပြေစေမည့်အပြင် ပြည်နယ် အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်လာမည်ဟု ယုံကြည်ရကြောင်း ပြည်သူ့ ကျန်းမာရေးဆေးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်..။ လတ်တလောတွင် ရှမ်းပြည်နယ်မှ ဆေးတက္ကသိုလ် ၀င်ခွင့်ရသူများမှာ မန္တလေးနှင့် မကွေးဆေးတက္ကသိုလ်များသို့ အဓိက သွားရောက်သင်ယူနေရသည်..။
(အရှေ့ရိုးမဂျာနယ်)

No comments:

Post a Comment