Wednesday, 2 January 2013

ကံ့ကော်တော စွယ်တော်တော စကားဝါတောတို့၏ အတွင်းသရုပ်


တက္ကသိုလ်တို့ကို တက္ကသိုလ်နယ်မြေအတွင်း ပေါက်ရောက် ပွင့်လန်းနေသော သစ်ပင်ပန်းမာလ်တို့ဖြင့် တင်စားသည့် အလေ့အထရှိပါသည်။ ထို့ကြောင့်ပင် ကံ့ကော်တော၊ စွယ်တော်တော၊ စကားဝါတော စသည်ဖြင့် တင်စားခေါ်ဝေါ် ကြပါသည်။ ထိုထိုသော ပန်းတော တက္ကသိုလ်တို့အပြင် အချို့အချို့က လှောင်၍ ငေါ့၍ ကွန်ကရစ်တောဟု ကင်ပွန်း တတ်ထားခြင်းမျိုးလည်း ကြားဖူးပါသည်။ အချို့အချို့ကလည်း တက္ကသိုလ်ရှိရာ အနီးဒေသကို ညွှန်းသလိုလိုနှင့် ထိန်ပင်၊ တာဝ၊ ညောင်ကိုင်း စသဖြင့် ထေ့၍ နံနှိမ်၍ ခေါ်ကြခြင်းမျိုးလည်း တွေ့ဖူးပါသည်။ နှင်းဆီပန်းကို မည်သို့ခေါ်ခေါ် မွှေးလျက်ပါပဲဟု ရေးဖွဲ့ခဲ့တာတွေ့ဖူးပါသည်။ ထို့အတူ တက္ကသိုလ်ကို မည်သို့ညွှန်းညွှန်း မွှေးလျက်ပါပဲလို့ ရေရွတ်မိပါသည်။

ထိုထိုသော တင်စား၍ ခေါ်ကြသည့် လှောင်၍ခေါ်ကြသည့် ထေ့၍ခေါ်ကြသည့် တက္ကသိုလ်တို့၏ အတွင်းသရုပ်သည် မည်သို့ရှိသနည်း။ ပန်းသီးလိုလား၊ ဒူးရင်းသီးလိုလား၊ ကျီးအာသီးလိုလား၊ အညာဆီးသီးလိုလား သိလိုစိတ် ပြင်းပြနေပါသည်။ သိလိုရာကို အဖြေရှာရာတွင် ပကတိအရှိကို ဆန်းစစ် ကြည့်နိုင်ရန်အတွက် SWOT analysis နည်းကို လက်ကိုင်ပြုထားပါသည်။ သမုဒ္ဒရေပြင်ကျယ်ကို ယုန်သူငယ် ခြေထောက်နှင့်စမ်း တိုင်းထားသည်ဟု အပြစ်တော်တင်လျင်လည်း ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုစများလျား ထားပါးချေမိ ငါ့ဝန်ရှိဟုသာ မ၀ံ့မရဲ ခွန်းတုံ့ပြန်လိုပါသည်။ မီသလောက် တွေ့သလောက် မြင်သလောက် စမ်းတိုင်းကြည့်ပါဦးမည်။
၁။ တက္ကသိုလ်အကြီးအကဲ
တက္ကသိုလ်အကြီးအကဲက ပါမောက္ခချုပ်ပါ။ ပါမောက္ခချုပ်အောက်မှာ ဒုတိယပါမောက္ခချုပ် နှစ်ဦး ထားရှိပါသည်။ ပါမောက္ခချုပ်ကသာ ဆုံးဖြတ် အမိန့်ချနိုင်သဖြင့် ဒုတိယပါမောက္ခချုပ်တို့က တိုးမပေါက်နိုင်ပါဘူး။ ပညာရှင်များဖြစ်ကြသဖြင့် အာဏာလုသည် ထင်ကြမည် စိုးရိမ် သောကြောင့်လား မသိ ဘာသာလ၀ါပဲ နေနေ ကြပါသည်။ ပါမောက္ခချုပ်က ခုံလုမှာ ဘက်လုမှာ စားခွက်လုမှာစိုးလို့ ချောင်ထိုးထားတာလည်း ပါ ပါသည်။ မြန်မာဆိုလျင် လက်ဘက်ရည်ကြိုက်တာပေါ့ ဆိုသည့် ကြော်ငြာလိုပဲ မြန်မာဆိုလျင် လက်ဘက်ရည်ဖိုးလည်း ကြိုက်ပါသည်။ ပါမောက္ခချုပ်များက မြန်မာတွေဖြစ်လို့ လက်ဘက်ရည်၊ လက်ဘက်ရည်ဖိုး ကြိုက်ကြတာပေါ့။

Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- အနည်းဆုံး ပါမောက္ခ လုပ်ဖူးမှ၊ အချို့ ပါရဂူဘွဲ့ရဖြစ်မှ ပါမောက္ခချုပ် ဖြစ်ပါသည်။
Weaknesses အားနည်းချက်
-ဗိုလ်များကိုအုပ်ချုပ်ရန် ဗိုလ်ချုပ်၊ ပါမောက္ခများကို အုပ်ချုပ်ရန် ပါမောက္ခချုပ် ခန့်ထားသလိုပါပဲ။ အုပ်ချုပ်မယ် စီမံမယ် အာဏာပြမယ် ဆိုတာကြီးပဲ။ အချို့ဆို အိတ်ထဲ အကုန် ထည့်မယ်လို့များ သန္နိဋ္ဌာန်ချထားသလားမသိ။
-နူးညံ့တဲ့အမိန့်၊ ခက်ထန်တဲ့အမိန့်တွ ပေးနေရောပေါ့။
-မယုံတတ်တဲ့ ရောဂါစွဲကပ်ပြီး အားလုံးငါပဲ ဆေးကိုသုံးရော။
External
origin
အပြင်
Opportunities အခွင့်အရေး
-ပညာ၊ သမ္ဘာနှင့် ဦးဆောင်နိုင်မှာပါ။
-ပညာပြည့်ဝနှလုံးလှနေရင် စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်တာပေါ့။
Threats အခက်အခဲ
- decisions maker ဆိုပြီး အာဏာရှင်ဆန်နေရင် သွားရော။
-management မကျွမ်းတော့ ကပြောင်းကပြန်ဖြစ်ရော။
-အောက်ခြေအထိဆင်းရမယ်ဆိုပြီး နေရာတကာပါနေတော့ ကမောက်ကမ ဖြစ်ကြရော။

 ၂။ ဘာသာရပ်ဌာနအကြီးအကဲများ
သင်ကြားရေးဘာသာရပ် အကြီးအကဲက ပါမောက္ခ၊ ဌာနမှူး ဖြစ်ပါသည်။ P1 (head) ဟု အများက ခေါ်ကြသည်။ ဌာနတစ်ခုလျင် ပါမောက္ခ နှစ်ဦးထားရှိသည်။ ကျန်ပါမောက္ခကို P2 ဟု အများက ခေါ်ကြသည်။ အချို့ဌာနတွင် ဘာကြောင့်ရယ်မသိ။ ပါမောက္ခ သုံးဦးလောက်အထိ ရှိပါသည်။ ပါမောက္ခအောက်မှာ တွဲဖက်ပါမောက္ခ လေးဦးထားရှိပါသည်။ AP(အပို)ဟု အများကခေါ်ကြပါသည်။ ပါမောက္ခ၊ဌာနမှူးကသာ အခရာဖြစ်ပါသည်။  P1 AP များက ဘေးထိုင် ဘုပြောလောက်ပါပဲ။ ထို့အပြင် ခိုင်းတာလုပ်ပေါ့။ အဖွဲ့ဖြင့်နှီးနှော ဆုံးဖြတ်ခြင်းက ကောင်းသော်လည်း ငြင်းခုန် နယ်လုနေတာနှင့် အချိန်ကုန်ရော။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- ၀ါရင့်အတွေ့အကြုံရှိမှ ပါမောက္ခ၊ဌာနမှူး ဖြစ်ပါသည်။ အချို့ ၀ါနုသော်လည်း Dr. ပါရဂူဘွဲ့ရသဖြင့် ပါမောက္ခ၊ ဌာနမှူး ဖြစ်သွားပါသည်။
- ၀ါရင့်၊ သမ္ဘာရင့် ပါမောက္ခ၊ဌာနမှူးများက ပညာ၊ သမ္ဘာဖြင့် ခန့်ခွဲစီမံပါသည်။
Weaknesses အားနည်းချက်
-ပညာ၊ သမ္ဘာမရှိပဲ ပါရဂူဘွဲ့ပဲ ရှိသူတို့ကတော့ အမိန့်၊ အာဏာနှင့် အုပ်ချုပ်တော့တာပဲ။(  သူမှာက ရာထူးပဲ ရှိတာကိုး)
- ဦးဆောင်နိုင်သည့် အရည်အချင်း အနေအထား မရှိတော့ အချို့က ရူးချင်ယောင်ဆောင်၊ အချို့က ညာတာပါတေးနှင့် အောက်လူကိုခိုင်း မာယာအပလိန်းနှင့်ပေါ့။ (ဘာမှမတတ်တာ)
External
origin
အပြင်
Opportunities အခွင့်အရေး
-မိမိဘာသာရပ်၊ ဌာန တိုးတက်မှု၊ ထက်မြက်မှုတို့ကို ဖန်တီးနိုင်ပါသည်။
-ဘာသာရပ်နယ်ပယ်၊ သုတေသန၊ လူ့စွမ်းအား အရင်းအမြစ်တို့ကို ရှင်သန်လာနိုင်စေပါသည်။
Threats အခက်အခဲ
- P1( head) သာဖြစ်လာတယ် အရည်အချင်းနွမ်းပါးတော့ ခုံပြုတ်မှာစိုးလို့ အမျိုးမျိုးသော မဟုတ်မဟပ် ပညာသာပြရ အမိန့်ပေးရဖြစ်ရော။
- ဘာသာရပ်လည်းမကျွမ်း၊ စီမံခန့်ခွဲမှုလည်းမတတ်၊ အာဏာကလည်းပြချင် ဦးနှောက်မရှိမှ ခေါင်းဆောင် ဖြစ်တယ်လို့ ဆိုစရာဖြစ်ရော။

၃။ ဘာသာရပ် ဆရာဆရာမများ
သင်ကြားရေးဘာသာရပ်များမှာ သင်ကြားရေး ၀န်ထမ်းများအဖြစ် ကထိက၊ လက်ထောက်ကထိက၊ နည်းပြ (၀ိဇ္ဇာဘာသာရပ်)၊ သရုပ်ပြ(သိပ္ပံဘာသာရပ်) ဆရာဆရာမများရှိပါသည်။ နည်းပြ၊ သရုပ်ပြ ဆရာဆရာမများကို ဦးစီးဌာနကပဲ ရာထူးခန့်ထား နေရာချထားပေးပါသည်။ နည်းပြသရုပ်ပြရာထူးအတွက် အနည်းဆုံး မဟာဘွဲ့ ရရှိရပါသည်။ ကထိကရာထူးကို ပါရဂူဘွဲ့ရမှ ရာထူးတိုးပေးပါသည်။ ဆရာဆရာမတို့၏ mind-set မှန်ကန်ရေး၊ အရည်အသွေးတိုးမြင့်ရေး၊ သုတေသန ဆောင်ရွက်ရေး၊ သင်ကြားရေး အစီအစဉ် စသည်တို့ကို ဦးဆောင် လမ်းပြပေးမည့်သူမရှိ၊ တစ်ရွာတစ်ပုဒ်ဆန်း  ဆင်ကန်းတောတိုး လုပ်နေရသဖြင့် ထိရောက်မှု အားနည်းနေပါသည်။
ဆရာဆရာငယ်တို့ လျှောက်ခဲ့သောလမ်းကို ပြန်တွေးကြည့်မိပါသည်။ အခြေခံပညာ အတန်းများတက်စဉ်ကလည်း ကျူရှင်ယူခဲ့ ရပါသည်။ ဘွဲ့ကြို သင်တန်း ကာလတွင်လည်း ကျူရှင်ယူခဲ့ရပါသည်။ ဘွဲ့လွန်သင်တန်းကာလများကလည်း ကျူရှင်ယူခဲ့ ရပါသည်။ ပါရဂူသင်တန်း ဖြေစဉ်ကလည်း ကျူရှင်ယူခဲ့ရပါသည်။ နည်းပြ သရုပ်ပြ ရာထူးရေးဖြေ စာမေးပွဲဝင်စဉ်ကလည်း ကျူရှင်ယူခဲ့ ရပါသည်။ ကျူရှင်ကောင်းကင် အောက်က လူသားဖြစ်ခဲ့ရသည်ပေါ့။ ပညာရွှေအိုးက သည်လောက်ဆို တန်းဖိုး တော်တော်ကြီးနေပြီ။ သို့ဖြစ်လေရာ ဆရာဆရာမလည်းဖြစ်ရော ပညာရွှေအိုးအတွက် ကုန်ကျစရိတ်များကျေအောင် ကျူရှင်ပြရော။ အများမိုးခါးရေသောက်လို့ လိုက်သောက်တာလို့ ဆိုကြတယ်။ မသောက်လျှင်လည်း ဂေါက်ကြောင်ပေါက်ကြောင်လို့ ကဲ့ရဲ့ကြမှာ။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- သင်ယူခဲ့ဖူးသော၊ လေ့လာထားသော ပညာများကို ဖြန့်ဝေခွင့်ရပါသည်။
- မိမိကိုယ်မိမိ ဖန်တီးနိုင်သူ၊ မိမိဘာသာရပ်ကို မိမိတပည့်များကို ဖန်ဆင်းပေးနိုင်သူ ဖြစ်ပါသည်။
Weaknesses အားနည်းချက်
-မတတ်သူက မသိသူကိုသင်တယ်လို့ အပြောခံနေရသည်။
-ငါ့ဝမ်းပူဆာမနေသာ ဖြစ်နေရတာများ နေပါသည်။ (သူတို့ အပြော ကတော့ အူမတောင့်မှ သီလစောင့်မယ်ပေါ့။)
-ဆရာအတတ်ဆိုတာ သီးခြားမသင်ခဲ့ရတော့ စမ်းတ၀ါးဝါးနှင့် ပေါ့။ methodology, education psychology , teaching method, conceptual learning ဆိုတာဝေးရော။
- ဆရာများအတွက် vision ဆိုတာ မှုန်ပျပျနှင့်ဆိုတော့ mission ဆိုတာ ရီဝေေ၀ပေါ့။
External
origin
အပြင်
Opportunities အခွင့်အရေး
-ပညာဖြန့်ဝေခြင်း၊ မျိုးဆက်သစ်မွေးထုတ်နိုင်ခြင်း၊ အမွေခံကောင်း ဖန်တီးနိုင်ခြင်း စွမ်းအားရှိလာပါသည်။
- မိမိအတွက်လည်း ကောင်းစွာ အသက်မွေးဝမ်းကြောင်း ပြုနိုင်ပါသည်။
Threats အခက်အခဲ
- ဆရာလုပ်ရာမှာ ၀ါသနာ ပါကောင်း ပါ ပါမည်။ စေတနာ အနစ်နာကိုတော့ စွဲစွဲမြဲမြဲ ထဲထဲဝင်ဝင် ထားလေ့မရှိပါ။
- ၀မ်းရေးကိုပဲ ဦးစားပေးနေတော့ ပညာပေးဝေရေး ချွတ်ယွင်းပါရော။

၎။ အထောက်အကူပြု ၀န်ထမ်းများ
တက္ကသိုလ်ရုံးဌာနများမှာ သင်တန်းရေးရာဌာန၊ စီမံ-ဘဏ္ဍာဌာနဟု ဌာနကြီး ၂ ခုရှိပါသည်။  သင်တန်းရေးရာဌာနအောက်တွင် စာမေးပွဲနှင့်ဘွဲ့နှင်းသဘင်ဌာနခွဲ၊ ကျောင်းသားရေးရာနှင့် ကျောင်းဆောင်ဌာနခွဲ၊ (အချို့ တက္ကသိုလ်တို့တွင် ကျောင်းသားရေးရာဌာနဟုသာ ရှိတော့သည်။)၊ အားကစားနှင့် ကာယပညာဌာနခွဲ၊ စာကြည့်တိုက် (အချို့တက္ကသိုလ်တို့တွင် စာကြည့်တိုက်သည် သီးခြားဌာနဖြစ်သည်။) ၊ ကွန်ပျူတာဌာနစိတ် (အချို့တက္ကသိုလ်တွင် သီးခြားဌာနဖြစ်ပြီး အချို့တွင် စီမံဌာနအောက်တွင်ရှိသည်။) တို့ရှိပါတယ်။ သင်တန်းရေးရာဌာနမှူးက အကြီးအကဲဖြစ်ပါသည်။ များသောအားဖြင့် မော်ကွန်ထိန်းက ရာထူးတိုးသည့်သူများဖြစ်သည်။ ဌာနမှူးအောက်မှာ မော်ကွန်းထိန်းနှစ်ဦး၊ လက်ထောက်မော်ကွန်းထိန်း လေးဦး ရှိတတ်ပါသည်။ မော်ကွန်းထိန်းဘက်ကို သင်ကြားရေး၊ အားကစား၊ ရုံးဌာနများမှ ကူးလာကြသည်။ ဆရာကလာသူကလည်း ငါဆရာပဲဆိုပြီး လက်မသာထောင်နေ၊ အလုပ်ကြတော့ လက်မှိုင်ချနေ၊ အားကစားက ကူးလာသူကလည်း ၀ီစီမှုတ်ရုံ၊ အနီကတ်ပြရုံလောက်ပဲတတ်၊ ရုံးစာတောင် တိကျမှန်ကန်အောင် မရေးနိုင်၊ ရုံးပိုင်းက ကူးလာသူကလည်း အရာရှိဆိုပြီး ဂုဏ်မောက် ပါဝါပြ၊ အလုပ်မှာဦးမဆောင်နိုင်၊ ကျန်ဌာနခွဲ တာဝန်ခံတို့ကလည်း မ သုံးလုံးမူဝါဒ (မလုပ်၊ မရှုတ်၊ မပြုတ်) နှင့် အပီ နေ နေပါသည်။ registrar function ဖြစ်သော steward, co-ordinator, recorder, provider, adviser ဆိုတာတွေ ကြားတောင်ကြားဖူးပါရဲ့လားမသိ။
စီမံ-ဘဏ္ဍာဌာနအောက်တွင် စီမံဝန်ထမ်းရေးရာဌာနခွဲ၊ ဘဏ္ဍာစာရင်းပြုဌာနခွဲ၊ ဘဏ္ဍာငွေလက်ခံဌာနခွဲ၊ ဘဏ္ဍာလစာနှင့်စရိတ်ဌာနခွဲ၊ စတိုပစ္စညှ်းဌာနခွဲ၊ အင်ဂျင်နီယာ ဌာနခွဲ (အချို့တက္ကသိုလ်တို့တွင် အင်ဂျင်နီယာဌာနသည် သီးခြားဌာနဖြစ်သည်။) နယ်မြေဌာနခွဲ (အချို့တက္ကသိုလ်တို့တွင် နယ်မြေဌာနသည် အင်ဂျင်နီယာဌာန အောက်တွင် ရှိသည်။) တို့ရှိပါသည်။ စီမံ-ဘဏ္ဍာဌာနမှူးက အကြီးအကဲပါ။ ဌာနခွဲမှူး၊ ဌာနစုမှူး စသည်ဖြင့် ရာထူးအဆင့်ဆင့်ရှိပါသည်။ ရုံးပိုင်းဆိုင်ရာမှ အဆင့်ဆင့်တိုးလာသူများပါ။ service ပေးရသူများဟူသော mind-set မရှိပဲ officer ဆိုပြီး ဂုဏ်မောက်နေသူများပါတယ်။ FIFO  (First In First Out) ခေတ်ကြီးမှာ FISH (First In Stay Here) (မသုံးလုံးဝါဒီတွေ) ဖြစ်နေသူတွေပါ။ ၀န်ဆောင်မှု ပေးဖို့ထက် အမိန့်ပေးဖို့၊ ဟန်လုပ်ဖို့၊ ဒီကြားထဲ အပိုင်းလေးလည်း လိုချင်လိုမှာပေါ့။ လာဘ်ပေး- ရန်မလို ထဲမှာလည်း ပါနေသလားမသိ။ service ပေးဖို့ ၀န်လေးနေသူများပါပဲ။
ဌာနများတွင် အခြားအဆင့် ၀န်ထမ်းအသီးသီးလည်း ရှိပါသည်။ ထို့အပြင် သိပ္ပံဘာသာရပ်ဌာနများတွင် ဓာတ်ခွဲခန်း ၀န်ထမ်း များလည်းရှိပါသည်။ တက္ကသိုလ် အမှုထမ်းဆိုသည်မှာ အခြားဝန်ထမ်းများနှင့်မတူပါ။ ကျောင်းသားရှိလာ၍ ဆရာရှိလာသည်။ ဆရာရှိလာ၍ ၀န်ထမ်း ရှိလာသည် ဟူသော concept ထားရမည့် ၀န်ထမ်းများဖြစ်ပါသည်။ satisfactory level of service ပေးရခြင်း၊ supporting staff အဖြစ်ဆောင်ရွက်ခြင်း ဟူသောအဆင့်ရောက်အောင် ဆောင်ရွက်ရမည့် သူများဖြစ်ပါသည်။ အခုတော့- ထိုသို့၊ ဤသို့။
သည်ဌာနများအပြင် တက္ကသိုလ်တွေမှာ အများမျက်စိလည်စရာ အဝေးသင်ဌာနခွဲလည်း ရှိပါသည်။ အဝေးသင်ဆိုလျင် ပြောစရာများလွန် လွန်းလို့ နောက်များမှပဲ သီးခြားပြောပြပါဦးမည်။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- ပညာလွှမ်းမိုးထားသော ပတ်ဝန်းကျင်တွင် အမှုထမ်း ရသည်။
- လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရာတွင် ပံ့ပိုးခွင့် ရသည်။
Weaknesses အားနည်းချက်
-အရာရှိလုပ်ဖို့၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် အတွက် ဦးစားပေးနေ၍ ၀န်ထမ်းစိတ်ထားပျောက်နေရော။
-ငါ့ဝမ်းပူစာ မနေသာ စိတ်စွဲနေရော။ အူမမတောင့်လို့ သီလမစောင့်ဘူး ဖြစ်နေရော။
-အသာစီးရအောင် သူများကို ချည်တတ်သည့်ညာဉ်၊ အပြစ် မကျအောင် ရှောင်တတ်သည့်ညာဉ်၊ အချိန်ခိုးတတ်သည့် ညာဉ်၊ အလုပ်ကြောက်၍ တာဝန်မခံတတ်သည့်ညာဉ် ဆိုတဲ့ ညာဉ်ဆိုးတွေ ကပ်ရောဂါလို စွဲကပ်နေရော။
External
origin
အပြင်
Opportunities အခွင့်အရေး
-ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်နိုင်၊ အသက်မွေးဝမ်းကြောင်း နိုင်ပါသည်။
-အသိအမြင်မြင့်မားရန်၊ ကျွမ်းကျင်မှုတိုးပွားရန် ဆောင်ရွက် နိုင်ပါသည်။
Threats အခက်အခဲ
- တာဝန်သိမှု၊ တာဝန်ခံမှု အလေ့အကျင့်ပျောက်ပြီး တာဝန်ရှောင်လွှဲမှု၊ အပြစ်ပုံချမှု တို့ကြောင့် တာဝန်ကျေမှု ကင်းမဲ့နေရော။
-တာဝန်မကျေ၊ အရည်အချင်းမရှိ၍ ဖယ်ရှားရမည့် အမှိုက်တွေက ၀န်ထမ်းလောကမှာ အားလုံးနည်းပါးပါပဲ။
(အသာထိန်းပြီး သန့်စင်ရမှာ၊ ဖယ်သင့်တာဖယ်၊ သန့်သင့်တာ သန့် မဟုတ်လျင် ၀န်ထမ်းတွေ ပြုန်းသွားမှာ။)

၅။ တက္ကသိုလ်ဝင်ခွင့်
တက္ကသိုလ်ဝင်ခွင့်သည် ကျောင်းသားတို့၏ရွေးချယ်မှု၊ တက္ကသိုလ်၏ရွေးချယ်မှုမဟုတ်၊ ဗဟိုဦးစီးစနစ်ဖြင့် ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပါသည်။ ယေဘုယျဆိုသော် တက္ကသိုလ်ဝင်တန်းရမှတ်ပေါင်းကို ကြည့်ခွဲလေ့ရှိသည်။ ၀ါသနာပါရာ၊ သင်ကြားလိုရာ၊ သင်ယူနိုင်မည့် အနေအထား (မိသားစုဝင်ငွေ၊ မိသားစုလိုအင် စသည်တို့အပေါ်) အခြေမခံပါ။ တက်ရမည့်တက္ကသိုလ်ကိုလည်း တက္ကသိုလ်ဝင်တန်းအောင်သည့် စာစစ်ဌာနကိုကြည့်ပြီး ခွဲပါသည်။ နေထိုင်ရာအရပ်၊ ဆန္ဒရှိသည့်ကျောင်းစသည့် ကာယကံရှင် ကျောင်းသား၊ မိဘတို့၏ လိုအင်ဆန္ဒကို မျက်ကွယ် ပြုထားပါသည်။ မိဘ၏လိုအင်၊ ကျောင်းသား၏လိုအင်၊ တက္ကသိုလ်၏လိုအင် တို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စစ်ဌာန၊ ရမှတ်ပေါင်းတို့ကို အခြေခံကာ ဗဟိုဦးစီးစနစ်ဖြင့် ရွေးပေးလိုက်သဖြင့် တက်ရမည့်ကျောင်းကို မတက်လည်းတက် တက်လည်းတက်နှင့် ရောက်သွားပါသည်။ ဆင်ကန်းတောတိုး၊ သေချင်တဲ့ကျားတောပြောင်း မဟုတ်ပါစေနှင့်ဟုပဲ ဆုတောင်းရတော့မှာပါ။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- တက္ကသိုလ်ဝင်တန်းအောင် သူတိုင်း တက္ကသိုလ်တက်ခွင့် ရပါသည်။
-
Weaknesses အားနည်းချက်
-စိတ်ဝင်စားမှုမရှိသည့်ကို သင်ရသဖြင့် လုံလထုတ်ဖို့အားနည်း၊ လုံလနည်း၍ ပညာနည်းရတာပေါ့။
-အရည်အချင်းပြည့် လူ့စွမ်းအားအရင်းအမြစ် ရဖို့ အခွင့်အရေး လက်လွတ်ရတာပေါ့။
External
origin
အပြင်
Opportunities အခွင့်အရေး
-ရသည့်ပညာကို ကြိုးစား သင်ယူလျင် တိုးတက် နိုင်ပါသည်။
-ပညာဟူသမျှ ကောင်းလေစွ ဟုခံယူထားလျင် ဘ၀ အတွက်  အသုံးကျပါသည်။
Threats အခက်အခဲ
- ခံယူမှု၊ သင်ယူမှု အလွဲက တစ်ဘ၀လုံးပါသွားရော။
-သင်ရတဲ့ပညာက အသုံးမကျဘူးဆိုလျင် သင်ယူသူကကော အသုံးကျအောင် သင်ခဲ့ပါသလား မေးရမလို ဖြစ်နေပြီ။


၆။ တက္ကသိုလ်သင်တန်းကာလ
တက္ကသိုလ်သင်တန်းတွေက ဒီဇင်ဘာလဆန်းမှာ စလေ့ရှိပြီး မတ်လအထိကို ပထမပညာသင်ကာလ (Semester I)၊ ဇွန်လမှာ ပြန်စပြီး  စက်တင်ဘာလအထိကို ဒုတိယပညာသင်ကာလ (Semester II) ဟု သင်ကြားလေ့ရှိပါသည်။ ပထမလေးလ ဒုတိယလေးလနှင့် ပညာသင်နှစ် တစ်နှစ်လျင် ရှစ်လ သင်ကြားနိုင်ပါသည်။ ယခင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များက ပညာသင်နှစ်တစ်နှစ်မှာ ဆယ်လသင်ကြားပေးပြီး ယခု semester ပုံစံ သွားကာမှ ရှစ်လ ( စာမေးပွဲလုပ်သည့် မတ်နှင့် စက်တင်ဘာနှုတ်လျင် ခြောက်လ) သင်ကြားပေးပါသည်။ သို့ဖြစ်၍လည်း ဘာမတတ် ညာမတတ် ဖြစ်ကုန်တာပါ။ ဘာဖြစ်လို့များ တစ်နှစ်မှာ ရှစ်လ/ခြောက်လ ပဲ စာသင်တာလဲလို့ မေးလာလျင် အင်း-ဟို-ဟယ် ဖြေရမလို။ မတ်၊ဧပြီ မေတို့မှာ တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ် အမှတ်စုစည်း အောင်စာရင်းလုပ် လုပ်ရလို့ နွေရာသီကျောင်းပိတ်ရက် လုပ်ထားရသည်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ တို့မှာ အဝေးသင် အနီးကပ်သင်တန်း၊ စာမေးပွဲတို့နှင့် ပြီးတော့ အဖြေလွှာစစ် အမှတ်စုစည်း အောင်စာရင်းလုပ်ပေး အလုပ်ရှုပ် အရှုပ်လုပ်ရလို့ ကျောင်းပိတ်ထားရသည်။ ဤသို့သူများ အလုပ်လုပ်ရတာနှင့် ကိုယ့်ကျောင်းသားများကို စာမသင်ရတောဘူး။ ကိုင်း- ကောင်းရော။ တော်သေး ရှစ်လ/ခြောက်လ လောက်သင်ချိန်ရလို့။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- ပညာသင်ကာလနှစ်ခုခွဲ၊ စာသင်ချိန်နည်းပေမဲ့ သင်ရိုး မလျော့တော့ စာတော့ သင်ရပါသေးသည်။
- သင်ရိုးကာမိအောင်၊ သင်ရိုးကုန်အောင် နည်းမျိုးစုံနှင့် ပို့ချ ပေးရပါသည်။
Weaknesses အားနည်းချက်
-စာသင်ချိန်နည်းနည်း စာကများများဆိုတော့ ဦးနှောက်ထဲ စုပြုံထိုးထည့်ပြီး တွန်းပိတ်လိုက်တော့ ဖွင့်လိုက်လျင် အားလုံး ထွက်ကုန်ရော။
External
origin
အပြင်
Opportunities အခွင့်အရေး
-ရသမျှယူဖို့ပါပဲ။ အတန်းအောင်ဖို့လွယ်သလိုလိုပဲ။
Threats အခက်အခဲ
- အတန်းအောင်ဖို့ နည်းမျိုးစံနှင့်လုပ်ရတော့ ကျူရှင်ဆိုတာကြီး ပါလာရော။ ပြီးတော့ spot ဆိုတာနှင့် ဘာစာမှမတတ်တော့ဘူး။


၇။ တက္ကသိုလ်သင်ခန်းစာများ
သင်ခန်းများကို နိုင်ငံတကာဆင့်မီအောင် လုပ်တော့လုပ်ပါသည်။ မူရင်းစာအုပ်များကို မ၀ယ်နိုင်၊ မဖြန့်ချိနိုင်တော့ ဟိုနည်းနည်း ဒီနည်းနည်း ဖြတ်ညှပ်ကပ်ပေါ့။ ပြည့်ပြည့်စုံစုံ မရှိနိုင်တော့ပါ။ ၀ါရင့် ဆရာကြီးများက ညွှန်းတာလောက်ကိုပဲ ထည့်သွင်းသင်ကြားနေရပါသည်။ မှန်ရာကို သစ္စာဆိုရလျင်တော့ ခေတ်နောက်ကျနေသည့် စာအုပ်များ၊ ဟိုတစ်စ ဒီတစ်စ ရထားသည့် စာအုပ်များကိုသာ အားကိုးနေရပါသည်။ ခေတ်မီစာအုပ်များကတော့ ဟိုဝေးဝေးကနှင်းတွေ လိုပါပဲ။ ပါမောက္ခ၊ဌာနမှူးတွေက ဘာကြောင့်လဲတော့မသိဘူး။ curriculum , syllabus  ဆိုလျင် လျှို့ဝှက်ထားကြသည်။ သူတို့လည်း သေသေချာချာ မသိပါဘူး။ နီးမှ ဘာသင် ညာသင် ပြောပြသည်။ သင်သည့်ဆရာတောင် သင်ရိုးကို မသိလျင် တပည့်တွေအတွက် ကိုယ့်ကို ဘာသင်မှာမို့ ဘယ်လို သင်ယူရမယ်ဆိုတာ ဘယ်သိတော့မှာလဲ။ အမှန်က ဘယ်လိုတတ်အောင် ဘာတွေသင်မယ်ဆိုတာ ကြိုပြောသင့် သိသင့်တာပေါ့။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- သုံးနှစ်သင်ရိုး၊ လေးနှစ်သင်ရိုး ပြဋ္ဌာန်းစာကို သင်ခွင့် ရပါသည်။
-ခေတ်မီလည်း အခြေခံအသိသညာ ဆည်းပူးခွင့်ရပါသည်။
Weaknesses အားနည်းချက်
-စာအုပ်ထဲ စာတွေသာများသွားသည် ဦးနှောက်ထဲ ဘာမျှမရှိ။
-အခြေခံအသိသညာက သီအိုရီ၊ သီအိုရီက လက်တွေ့ သွားရမှာ ဒါသင် ဒါကျက် ဒါမေး ဒါဖြေ ဒါလောကဆိုတော့ အားလုံးသွားရော။
External
origin
အပြင်
Opportunities အခွင့်အရေး
-စာရဖို့ ကျက်လိုက်ရင်ပြီးရော။
-ဒါသင်ဒါမေးဆိုတော့ လွယ်ပါတယ်။
Threats အခက်အခဲ
- သင်ရသည့်စာကိုအခြေခံ ဆင်ခြင်ဥာဏ်ဖြည့် လက်တွေ့သုံး ဆိုသည်ကို ဦးစားမပေးတော့ စာသင်ရတာ အ အ အိမ်မက် မက်သလိုပါပဲ။

၈။ တက္ကသိုလ်သင်ကြားပုံ/ သင်ယူပုံများ
သင်ခန်းစာများကို မြန်မာလိုဆိုလျင် စာခေါ်ပေး၊ အင်္ဂလိပ်လိုဆိုရင် ဘာသာပြန်ပြ တက္ကသိုလ်ဆိုတာ မူကြိုသာသာလောက် လို့ ပြောနေကြပြီ။ စာသင်သားတို့ ဦးနှောက်ထဲရောက်အောင်သင် ၊ ဦးနှောက်ထဲရောက်သည်ကို ခွဲခြမ်းစိတ်ဖြာတတ်အောင်သင် ၊ ခွဲခြမ်းစိတ်ဖြာ အနှစ်ထုတ်ရတာကို လက်တွေ့စမ်းသပ်နိုင်အောင်သင်၊ လက်တွေ့စမ်းသပ်ရတာကို အသုံးချ တတ်အောင်သင် ဒီလိုသင်တာမှ တက္ကသိုလ် မဟုတ်ပါလား။ ဆရာဆရာမတွေက အရည်အချင်းမရှိဘူးဆိုလျင် ကျီးကန်းတွေလို ၀ိုင်းအာကြမှာ။ အရည်အချင်း ရှိတယ်ဆိုလျင်တောင် သင်ကြားနည်းစနစ် လွဲနေတယ်လို့ ဆိုရမှာ။ ကျောင်းမှာ အတန်းထဲမှာ ကောင်းကောင်းမသင်ချင်ကြဘူး။ အခန်းမှာ ကျူရှင်မှာမှ သင်ကြတာ။ ဒါတောင် သင်ကြားနည်းစနစ်လွဲနေပါသည်။ တပည့်က ပညာသင်ချင်တာမဟုတ်၊ စာမေးပွဲအတွက် ready-made answer ကိုပဲလိုချင်တာ။ ဒီတော့ ဆရာကလည်း ဖြတ်ညှပ်ကပ်အဖြေကိုပဲ စာစီစာရိုက်ပေးပြီး စာရွက်ကိုင် ရှင်းပြလိုက်တာပဲ။ သူ့အရပ်နှင့် သူ့ဇာတ် ဟပ်နေရော။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- သုံးနှစ်သင်ရိုး၊ လေးနှစ်သင်ရိုး ပြဋ္ဌာန်းစာကို သင်ခွင့် ရပါသည်။
-ခေတ်မီလည်း အခြေခံအသိသညာ ဆည်းပူးခွင့်ရပါသည်။
Weaknesses အားနည်းချက်
-စာအုပ်ထဲ စာတွေသာများသွားသည် ဦးနှောက်ထဲ ဘာမျှမရှိ။
-အခြေခံအသိသညာက သီအိုရီ၊ သီအိုရီက လက်တွေ့ သွားရမှာ ဒါသင် ဒါကျက် ဒါမေး ဒါဖြေ ဒါလောကဆိုတော့ အားလုံးသွားရော။
External
origin
အပြင်
Opportunities အခွင့်အရေး
-စာရဖို့ ကျက်လိုက်ရင်ပြီးရော။
-ဒါသင်ဒါမေးဆိုတော့ လွယ်ပါတယ်။
Threats အခက်အခဲ
- သင်ရသည့်စာကိုအခြေခံ ဆင်ခြင်ဥာဏ်ဖြည့် လက်တွေ့သုံး ဆိုသည်ကို ဦးစားမပေးတော့ စာသင်ရတာ အ အ အိမ်မက် မက်သလိုပါပဲ။

 ၉။ တက္ကသိုလ်စာမေးပွဲစစ်ဆေးပုံ
တက္ကသိုလ် စာမေးပွဲများကို semester အလိုက်စစ်ဆေးပါသည်။ ပထမပညာသင်ကာလ semester I စာမေးပွဲကို မတ်လတွင် လည်းကောင်း၊ ဒုတိယပညာ သင်ကာလ semester II စာမေးပွဲကို စက်တင်ဘာလတွင်လည်းကောင်း  စစ်ဆေးပါသည်။ semester I စာမေးပွဲ အောင်စာရင်း မထုတ်ပြန်ပါဘူး။ အောင် အောင် မအောင် အောင်  semester II ဆက်တက်ရတာပါပဲ။ ဒီတော့ ကျောင်းသား ကျောင်းသူ တွေကတော့ ဘာမှန်းညာမှန်းမသိ မျက်စိစုံမှိတ်ပြီး ဆက်တက်နေ ရပါသည်။ semester II ပြီးမှ နှစ်ခုပေါင်းကြည့်ပြီး အောင်စာရင်းထုတ်ပါသည်။ ဒီကျမှ အောင်လျင်ဆက်တက် ကျလျင်နေမြဲပေါ့။ ရှိသေးသည်။ နောက်ဆက်တွဲ စာမေးပွဲ supplementary exam ရှိပါသည်။ ဘွဲ့ကြိုတန်းဆို အများဆုံး လေးဘာသာအထိ သတ်မှတ်အမှတ်ရလျင် ၊ ဘွဲ့လွန်တန်းဆို အများဆုံး နှစ်ဘာသာအထိ သတ်မှတ်အမှတ်ရလျင် နောက်ဆက်တွဲ စာမေးပွဲဖြေဆိုခွင့် ရသည်။ ဒီမှာအောင်လျင် ဆက်တက်ပေါ့။ အခု နောက်ဆက်တွဲစာမေးပွဲ ပယ်ဖျက်ဖို့လုပ်နေပါသည်။ ဘာကိုကြောက်တာလဲမသိ။ လုံးလုံးမဖျက်ရဲသေးဘူး။ နောက်နှစ်မှာ ကျသည့်ဘာသာပဲဖြေဆိုလားပဲ။ ဘာပဲပြောပြော စနစ်ကျ တိကျ ခိုင်မာသည့် စာမေးပွဲ စနစ်ဖြစ်ဖို့ လိုပါသေးသည်။ မေးခွန်းထုတ်တာကတော့ ပါမောက္ခ၊ဌာနမှူး လုပ်ပိုင်ခွင့်ပါပဲ။ course ကို must know, should know, could know ခွဲပြီးသင်၊ မေးခွန်းကို လည်း must, should, could မျှအောင်မေး ဆိုသည့် မူရှိပါသည်။ သင်ကြားရေးဘာသာရပ်ဌာနများကတော့ တစ်ကောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း သင်နေတာပါပဲ။ မေးခွန်းထုတ်တော့လည်း ရုံးတစ်ရုံး ဓါးတစ်စင်း မူနှင့်ထုတ်နေတာပါပဲ။ သူ့တပည့်နှင့် သူ့ဆရာတော့ ကိုက်နေပါရဲ့။ စာမေးပွဲ အဖြေလွှာ စစ်ဆေးပုံ ကတော့ အန္တိမပန်းတိုင်က အောင်ချက်မြင့်မားရေးပါ။ အောင်ချက်မြင့်မားရေးအတွက် အသုံးချသည့် ဗျူဟာက moderation ပါပဲ။ စာစစ်သူများ ငြီးလေ့ရှိသည့် သီချင်းကတော့ အမှတ်ဆင်းရင်း ဆင်းရင်း အ၀ီစိရောက်တော့မယ်။ စစ်ပွဲတစ်ရာ နွှဲချင်တယ် စာမစစ်ချင်ဘူး တဲ့။ အောင်စာရင်းထုတ်သူ တစ်ဦး ပြောဘူးပါသည်။ အခန်းထဲ ဖြတ်ပျံသွားတဲ့ စာကလေးတောင် အောင်စာရင်းထဲ ပါသွားမှာဆိုလို့ မောင်းထုတ်ရတယ်တဲ့။ ဖြေသမျှအောင် သေသူနှင့် မဖြေသူပဲကျ တဲ့။ quality ဆိုတာပျောက်ပြီး quantity ကိုပဲ ဦးစား ပေးနေရောပေါ့။ ကလေးတွေ့ကညံ့လို့ လျှော့ပေါ့ရသည် ဟု တပည့်ကို ပုံချသူများ၊ ဘယ်သူကချမှတ် အမိန့်ပေးထားမှန်း ကွဲကွဲပြားပြားမရှိသည့် အောင်ချက် မြင့်မားရေးဆိုသည်မူကို လက်ညိုးထိုးနေသူများ တတ်အောင်သင် အောင် အောင်စစ်ဆိုသည်ကို အောင် အောင်စစ်သာ လုပ်နေသူများ  ထိုသူတို့သာ တရားခံဖြစ်ပေသည်။ အရည်အချင်းမရှိသူကို အရည်အချင်းရှိလာအောင်၊ အရည်အချင်းရှိသူကို အရည်အချင်းတက်လာအောင် ဆရာဝတ္တရား ကျေအောင် ဆောင်ရွက်ဖို့လိုလာပါပြီ။


Helpful အကူအညီ
Harmful အန္တရာယ်
Internal
origin
အတွင်း
Strength အားသာချက်
- စာမေးပွဲတော့ အောင်မှာပါပဲ။
Weaknesses အားနည်းချက်
-သိ၍ တတ်၍ ဖြေတာမဟုတ်တော့ အလွတ်ကျက်ဖြေ တစ်ပွဲတိုးမှတ်ဖြေပါပဲ။ ဒီအမှားက အောင်နေတော့ ကြာလာတော့ လက်သုံးနည်း ဖြစ်သွားရော
External
origin
အပြင်
Opportunities အခွင့်အရေး
-မှတ်ဥာဏ်စစ်ဆေးဖို့ အခွင့်ရသလိုပါပဲ။
-တစ်တန်းပြီး တစ်တန်းအောင်တော့ အချိန်တန် ဘွဲ့ရရော။
Threats အခက်အခဲ
- မတတ်သည့်စာ မကျွမ်းသည့်ဘွဲ့နှင့် လောကအလယ် အူလည်လည်ပေါ့။

၁၀။ တက္ကသိုလ်အတွင်း ကျင့်သုံးပုံ
ပါမောက္ခချုပ်ကလည်း ဒါလုပ် အမိန့်ပေး ၊ ပါမောက္ခ၊ဌာနမှူးကလည်း ဒါလုပ် အမိန့်ပေး၊ ဆရာဆရာမတွေကလည်း ဒါပဲကျက် အမိန့်ပေး၊ မော်ကွန်းထိန်း စည်းကမ်းထိန်းတွေကလည်း ဒါပဲလုပ် ဟိုဟာမလုပ်နှင့် အမိန့်ပေး၊ တက္ကသိုလ်ာလတက်တာ အကျဉ်းကျခံရသလိုပါပဲ။ ကျောင်းသားတွေ တီးတိုပြောတာလေး ဖောက်သည်ချချင်ပါသည်။ တက္ကသိုလ်မှာ (မရိုသေ့စကား-ကန်တော့ပါရဲ့) ရှူးတောင် ဖြောင့်ဖြောင့် မပေါက်ရဘူး။ ရေအိမ်ထဲကြာနေရင် လုံခြုံရေးက လိုက်စစ်တာတဲ့။ စာသင်သားတို့၏ စိတ်သဘောထား၊ ခံယူချက်၊ ဘ၀လိုအင်တို့ကို အလေးမထား၊ student demand က ဘာမှန်းမသိ။ အပေါ်က ဒါသင်ဆိုလို့ (ဘယ်အပေါ်ကမှန်းလည်း မသိ) သင်ထည့်လိုက်တာ။ စာသင်သားနှင့် အံဝင် မ၀င်၊ ခေတ်စနစ်နှင့် ကိုက်မကိုက်၊ အကျိုး ရှိမရှိမသိ။ သင်ရိုးပြီးအောင် နည်းအဖုံဖုံနှင့် သင်လိုက်တာပဲ။ စာသင်သားကလည်း စာမေးပွဲအောင် အောင် သိသိ မသိသိ ရအောင်ကျက် ဖြေရတာပါပဲ။ စာသင်သားတို့၏လိုအင်ကို ဆန်းစစ်ပြီးမှ သင်လျော်ရာကို ပေးသည့် စနစ်မရှိတော့ပါ။ သည်အတွက် စာသင်သားတို့ ဘယ်လိုအကျိုးရသွားမှာလဲ။ ဥာဏ်ကိုမြှင့် ဦးနှောက်ကိုဖွင့်လာသော စာသင်သားတို့ အခုမှ အမိန့်ပေး ပညာရေးဆိုတဲ့ အလေးတုံးကြီးကြီးနှင့် အဖိခံရပါတော့သည်။ အခွင့်အရေး ပွင့်လန်းသောပညာရေးဆိုတာ ဘယ်လိုပါလဲ။ မမြင်ဘူးပါ။ သို့ဆိုလျင် စာသင်သားတို့ ရှေ့ဆက်ပြီး ဘ၀ကို ဘယ်လိုတည်ဆောက်ကြရမည်နည်း။ ဘယ်အုပ်ချုပ်သူမှ၊ ဘယ်ဆရာမှ ကရုဏာ မသက်တော့ဘူးထင်ပါရဲ့။ ဘွဲ့နှင်းသဘင်မှာ ဘွဲ့ရတွေက တို့တုံးတာ သင့်ကြောင့်လို့ လက်ညိုးထိုး မသွားလျင်၊ နောက်လူတွေ သင့်ကြောင့် မတုံးပါစေနှင့်လို့ စာတမ်း ကပ်မသွားလျင် တော်သေးတာပေါ့။ အားနာလို့ပြောမသွားတာဖြစ်မှာ။
တက္ကသိုလ်ရပ်ဝန်းသည် အလှတို့များရာမြေဖြစ်ပါသည်။ ဤမြေကို ပေါင်းသင်လိုက်လျင် ပန်းပေါင်းစုံပွင့်ရာမြေ ဖြစ်လာနိုင်ပါသည်။ တက္ကသိုလ်နှင့် ဆိုင်သူတိုင်းက စေတနာအမှန်ထား၊ မိမိကိုယ်တိုင်အရည်အချင်းရှိရေး၊ မိမိတပည့်အရည်အချင်းရှိရေးကို အန္တိမပန်းတိုင်ထား၊ ဥာဏ်အား၊ ၀ီရိယအားများဖြင့် ဆောင်ရွက်သော် တိုးတက်သည့်တက္ကသိုလ် မလွဲဧကန် ဖြစ်ပေမည်။ တက္ကသိုလ်မြေမှာ မွေ့လျော်သူ ဖြစ်သောကြောင့် တက္ကသိုလ်မြေ နေ၀င်မှာစိုးပါသည်။ တက္ကသိုလ်မြေကိုအစဉ် ထွန်းလင်းလှပ သည်ကိုသာ လိုလားပါသည်။ ပညာအား၊ ဥာဏ်အားကြီးသူတို့က ၀ိုင်းဝန်းပံ့ ပိုးပေးစေလိုပါသည်။ ကံ့ကော်ပင်အနီး၊ စွယ်တော်ပင်အနီး၊ စကားဝါပင်အနီး နွံထဲ၌ တက္ကသိုလ်နစ်နေသည် ကူ၍ တွန်းပေးကြပါ ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်။
ကိုအော

No comments:

Post a Comment