အရပ်အခေါ် သူ့နာမည်က ကိုကရင်။ အမည်အရင်းက ကိုအုန်းနိုင်..။ ဆံပင်ရှည်ရှည်ကို စုစည်းထားပြီး ရပ်ကွက်ထဲက သာမန်လူတစ်ယောက်ပုံထက်ဘာမှမပို။ သံချည်၊ သံကွေး၊ ပန်းရံ ကြုံရာနေ့စား အလုပ်သမား။ နေ့စားခက တစ်နေ့ (၅၀၀၀) ကျပ်။ ပညာအရည်အချင်းက အလယ်တန်းအဆင့်မှာ ရပ်ခဲ့ရသူ။
NLD ပါတီဝင်။ စကားခပ်ဖြေးဖြေး နဲ့ လေးလေးပြောတတ်ပြီး အနေအေးအေး။ မုဆိုးမအမေကြီးကို တဖက်ကလည်းရှာကျွေးတဲ့သူ...။
သူ့အိမ်ရှေ့မှာ ကျွန်တော်တို့အဖွဲ့ဆိုက်ကယ်တွေ ရပ်လိုက်တော့ အိမ်အ၀င်မှာ ရပ်ကျေးပါတီ ဆိုင်း ဘုတ်ကြီးက ၀င့်ဝင့်စားကြီး၊ အိမ်ရှေ့မှာ ရွှေမကင်း၊ မျိုးမကင်းရဲ့ အကြော်စုံတဲလေးလည်းရှိလေရဲ့၊ ခြံလေးရဲ့ ၀င်ဝင်ချင်းဘယ်ဘက်ထောင့်မှာတော့ ရေသိမ်မကြည်တဲ့ ရေတွင်းလေး တစ်တွင်းနဲ့ အိမ်ခေါင်း ရင်းနဲ့ အရှေ့မြေကွက်လပ်မှန်သမျှကို စံပါယ်ပန်းရုံတွေ က လွှမ်းထားတယ်။ကျွန်တော် နည်းနည်း အပြောစောသွားတယ်။ သူ့အိမ်မဟုတ်ဘူး သူ့ရဲ့ ပညာဒါနကျောင်းလေး။ သူ့ရဲ့ သားအမိနှစ်ယောက် တည်းနေတဲ့ အိမ်နဲ့ခြံလေးကို ဖြစ်သလို အဖီလေးချပြီး သင်နေတဲ့ ပညာဒါနကျူရှင်ကျောင်းနေရာလေး။
ကျွန်တော်တို့ သူ့ကျောင်းလေးကို ရောက်သွားရတဲ့အကြောင်းအရင်းက ပုသိမ်ရေဘေးအတွက် ရေဘေးခိုစခန်းတွေကို လှည့်ပတ်ကြည့် လှူဖို့အဆင်ပြေတဲ့နေရာလှူ၊ အိမ်ပြင်ပေးဖို့ လိုတဲ့နေရာ လိုလုပ်နေကြတုန်း အိမ်ရှင်မြို့ခံ ကျူရှင်ဆရာလေးကို ကျွန်တော်တို့အဖွဲ့ကို ဒီနေရာလေးရှိတယ်။ စိတ်ဝင်စားရင် လှူတာမလှူတာနောက်မှ သွားကြည့်စေချင်တယ်ဆိုလို့ရောက်သွားကြ
တာ။ ကျောင်းထဲမှာနဲ့ သူ့အိမ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေကို ကပ်ထားသလို၊ တနေရာမှာတော့ ကဗျာလေးတစ်ချို့ကို အထပ်သားပြားအဟောင်းလေး တစ်ခုပေါ်မှာ ကပ်ထား တာတွေ့ရတယ်။ မှတ်မှတ်သားသားသွားတွေ့လိုက်တာက ကဗျာဆရာ ကိုလှသန်းရဲ့ လက်ကဗျာ။
ကျောင်းလေးကို ဒီနှစ်မှ စတည်ထောင်ခဲ့လို့ စတနာကလွဲ ဘာမှ ဝေေ၀ဖြိုးဖြိုးမရှိတဲ့ ပညာဒါနကျောင်းလေးပေါ့။ ၈ တန်း ၁၈ ယောက်၊ ၉တန်း ၁၇ ယောက်နဲ့ ၁၀တန်း(တက္ကသိုလ်ဝင်တန်း) ၁၇ ယောက် မှီခိုပညာရည်နို့စို့နေရတယ်။ သူ့ရဲ့ ရတစ်ရက်၊ မရတစ်ရက် နေ့စားလုပ်အားခကို ၂၀၀၀ထောင်ကို အမေ့ပြန်ပေးပြီး ၃၀၀၀ကျပ်ကိုကျောင်းအတွက် သုံးပေးတယ် တဲ့။ ရေကြီးတဲ့အဖြစ်အပျက်တွေနဲ့ မြို့လေးက ကယောက်ကယက်ဖြစ်လာတဲ့အခါမှာ ပညာဒါနလာသင်ပေးနေရှာတဲ့ ဆရာ ၃ ဦးလည်းပေါ်မလာနိုင်တော့ဘူး။ လက်ရှိမှာ ဆရာ ၂ ဦးတည်းနဲ့ လည်နေရတဲ့ကျောင်းလေးဟာ ၆လစွန်းစွန်းသာကျန်တော့တဲ့ ပညာသင်နှစ်ကို မ၀င့်မရဲဖြစ်နေရှာတယ်။
သူနဲ့အေးဆေးစကားပြောဖြစ်တော့ ၁၀ တန်း ၁၇ ယောက်ကို ၉၀ ရာခိုင်နှုန်းအောင်အောင်လုပ်ချင်သလို၊ ၅ ဦးလောက်ကပင်ကို အရည်အချင်းရှိပြီး ဆရာဖိဖိစီးစီးနဲ့သာ သင်ခွင့်ရရင်သေချာပေါက်အောင်မယ့် အခြေအနေရှိတယ်လို့ ဆိုတယ်။
ဒါပေမယ့် ကျောင်းလေးဟာ မိုးသည်းလာရင် အကာမရှိဘူး။ ညဘက်အချိန်တွေ စာကျက်ဝိုင်း လုပ်ပေးချင်ပေမယ့်လည်းမီးမရှိဘူး။ ခင်ဗျားခုလတ်တလော ခင်ဗျားကျောင်းလေးအတွက် အလိုအပ်ဆုံးအရာဟာ ဘာဖြစ်မလဲဆိုတော့ လျှပ်စစ်မီးတပ်ချင်တယ်တဲ့။ ဆယ်တန်းတွေအတွက် လစ်လပ်သွားတဲ့ ဆရာ ၃ ယောက်နဲ့ ညစာကျက်ဝိုင်းအတွက် ဂိုက်တစ်ယောက် လောက်လို ချင်တယ်တဲ့..။
ပါတီဆိုင်းဘုတ်ကြီးတွေ့လို့ ပါတီကို အကူအညီမတောင်းခံဘူးလားလို့မေးတော့ ပါတီကို ချစ်လို့ဝင်တာတဲ့ အလကားနေ လိုက်အားမကိုးဘူး၊ ဟိုတောင်းဆို ဒီတောင်းဆိုလုပ်၊ မရရင် ပါတီကိုအပြစ်မြင်တဲ့ သူမျိုးအဖြစ်မခံချင်ဘူးလို့ အလယ်တန်းပညာသာရှိတဲ့ ကျောင်းတာဝန်ခံ ကိုကရင်က တည်တည်ငြိမ်ငြိမ်နဲ့ပြောပါတယ်။ ပါတီက ကလေးတွေအတွက် နှစ်စပိုင်းက သင်ထောက်ကူ
ပစ္စည်းတွေထောက်ပံ့ပေးသွားတာလည်းရှိပါတယ်တဲ့..။
မီတာဘောက်၊ မီးလိုင်းလိုင်စင်၊ မီးကြိုး အပါအ၀င် လျှပ်စစ်မီးဆင်အပြီးအစီးက ၂သိန်းလောက်ကျမယ်။ ဆရာတစ်ယောက်ကို တစ် ၅၀၀၀၀ ကျပ်နဲ့ ၄ ယောက်အတွက် တစ်လကို ၂ သိန်းလိုမယ်။ ဒါတောင် တကယ့်ဆရာတွေ ငှားလို့ရမှာမဟုတ်ဘူး။
စေတနာနည်းနည်းရှိတဲ့ ဆရာတွေကို ပြောပြပြိးငှားရမှာ..။ လာမည့် ဗုဒ္ဓဟူးနေ့မှာတော့ အဲဒီမြို့လေးက နာမည်ရှိကျူရှင်ဆရာလေးတစ်ဦး ဦးဆောင်မှုနဲ့ ကျွန်တော်အပါအ၀င် ဂိုက်ဆရာ၊ ဆရာမများ၊ သူတို့ကျောင်းလေးအတွက် အစည်းအဝေးလေးတစ်ခုလုပ်ကြပြီး ဒီနှစ်ပညာသင်နှစ် လက်ကျန်လတွေ အတွက် အစီအစဉ်တွေတိုင်ပင်ကြဖို့ရှိပါတယ်။
အကယ်၍ စာဖတ်သူအနေနဲ့ အဲဒီပညာဒါနကျောင်းလေးကို ထောင်ပံ့လှူဒါန်းချင်တယ်ဆိုရင် (မဟာစေတီလမ်း၊ ဘုရားကြီးကုန်း
ကျေးရွာ၊ ၁၂ ရပ်ကွက်၊ ပုသိမ်မြို့ဖြစ်ပြီး။ အသေးစိပ်သိလိုတာတွေကိုတော့ ကျောင်းလေးရဲ့တာဝန်ခံ ကိုကရင် ခ ကိုအုန်းနိုင်
ဖုန်း(တဆင့်) ၀၉ ၄၉၀၀ ၃၁၂၃နဲ့ လုပ်အားပေး ဆရာ ကိုတင်မာင်စိုး ဖုန်း ၀၉ ၄၂၂ ၄၈ ၂၁၆၃ ) ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်သလို၊ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို တိုက်ရိုက်မေးမြန်းပြီး တစ်ခုခုလုပ်ပေးဖို့ စဉ်းစားကြမလားလို့ သတင်းလေးပေးလိုက် ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
(အထက်ပါသတင်းအချက်အလက်တွေကို တာဝန်ခံ ကိုကရင်ရဲ့ ခွင့်ပြုချက်ဖြင့် ရေးသားတင်ပြတာဖြစ်ပါသည်။)

ကျောင်းလေးကို ဆက်အသက် ရှည်အောင်ဆွဲဆန့်မယ့် မြို့ခံ ဆရာ ၂ ဦးနဲ့....

No comments:
Post a Comment