မန္တတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် TETRALAVAL ကုမ္ပဏီလီမိတက်တို့မှ နို့တိုက်ကျွေးရေးအစီအစဉ်စတင်မှုအဖြစ် ဇူလိုင် ၅ ရပ် နံနက် ၁၀ နာရီက မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်က အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များအား နို့တိုက်ကျွေးခြင်းဖြင့် ခန္ဓာကိုယ်သန်မာကြီးထွားကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏဏစွမ်းအားများ တိုးတက် လာစေရေးအတွက် နိုင်ငံ၏အနာဂတ်သားကောင်းရတနာများ မွေးထုတ်ပေးသည့်စာသင်ကျောင်းများ၌ နို့တိုက်ကျွေးရေးအစီအစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်များအပြင် အလှူရှင်များနှင့် ပူးပေါင်း၍ ယခုထက်ပိုမိုတိုးတက်တိုက်ကျွေးသွားရေး စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အလှူရှင် TETRALAVAL ကုမ္ပဏီလီမိတက်နှင့် MK ကုမ္ပဏီလီမိတက်မှ Senior Project Manager Mr.Markus Huet ကကျောင်းသား၊ ကျောင်းသူများအား နို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးမြင့်သန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ အိန္ဒိယကောင်စစ်ဝန်ချုပ် ဒေါက်တာမဒမ်မိုဟမ်ဆေသီနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နို့တိုက်ကျွေးကြသည်။
အဆိုပါကုမ္ပဏီနှစ်ခု၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းမြို့နယ် ၂၈ မြို့နယ်ရှိ အခြေခံ ပညာကျောင်း ၇၉ ကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၇၅၀၀ အား ကျောင်းဖွင့်ကာလအတွင်း တစ်ပတ်လျှင် ငါးရက်နှုန်းဖြင့် နေ့စဉ်နို့တိုက်ကျွေးသွားမည်ဖြစ်သည့်အပြင် သုံးနှစ်ဆက်တိုက် နို့တိုက်ကျွေးသွားမည်ဟု သိရသည်။
စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၈၇)၊ ဇူလိုင် ၉၊ ၂၀၁၃
No comments:
Post a Comment