Saturday, 13 July 2013
ကျောင်းဆောင် ပြိုကျ၍ ကျောင်းသားလေးဦး ထိခိုက်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ၊ ဗဟင်းကျေးရွာအုပ်စုရှိ အထက်တန်းကျောင်း တစ်ကျောင်း ကျောင်းဆောင် ပြိုကျ၍ ပဉ္စမတန်းကျောင်းသားလေးဦး ဆေးရုံတင်လိုက်ရကြောင်း ဗဟင်းကျေးရွာ ဒေသခံများက မဇ္ဈိမကို ပြောသည်။
ယင်းကျောင်းရှိ ပဉ္စမတန်း(က) ကျောင်းဆောင်တွင် ဇူလိုင်လ ၈ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ပြို ကျမှုဖြစ်ခဲ့ရာ ကျောင်းသူ လေးဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ ရကြောင်း မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က ပြောသည်။
၎င်းက “ပြိုကျတဲ့ ကျောင်းဆောင်မှာက စာသင်ခန်း ပဉ္စမတန်း သုံးခန်း၊ ဆဋ္ဌမတန်း သုံးခန်း၊သတ္တမတန်း တစ်ခန်း စုစုပေါင်း ခုနစ်ခန်း ရှိတယ်။ အဲဒီထဲကမှ ပဉ္စမတန်း (က) အခန်းဘက်က ပြိုကျတဲ့အတွက် ကျောင်းသားတွေ အခုလို ဒဏ်ရာရရှိခြင်းဖြစ်တယ်” ဟု ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ကျောင်းသူတစ်ဦး ခေါင်းကွဲ၍ သုံးချက်ချုပ်ရပြီး ကျန်ကျောင်းသူ သုံးဦးမှာလည်း ထိခိုက်
ဒဏ်ရာများ ရရှိ၍ ဆေးရုံတက် ကုသလျက်ရှိပြီး လက်ရှိတွင် စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း မြိုင်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသစ်လွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
“ ကျောင်းသားတွေရဲ့ အခြေအနေကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ အရမ်း ဆိုးဆိုးရွားရွား ထိခိုက်သွားတဲ့ အနေအထားမျိုးတော့ မရှိပါဘူး။ ကျောင်းသားတွေ အားလုံး အခြေအနေကောင်းကြပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ကျောင်းဆောင်ကို မြို့နယ် အုပ်ချူပ်ရေးမှူးအဖွဲ့နှင့်အင်ဂျင်နီယာအဖွဲ့မှစစ်ဆေးတွေ့ရှိချက် အရ ကျောင်းသား
များ နေထိုင်ကျောင်းတက်ရန် အန္တရာယ်ရှိသ ဖြင့် ကျောင်းဆောင်ကို ပြန်လည်ပြုပြင်ပြီး ကျောင်းသားများကို အခြားကျောင်းဆောင်တွင် ထား၍ စာသင်ပေးသွားမည် ဖြစ်ကြောင်းလည်း မြို့နယ် အုပ်ချူပ်ရေးမှူး ဦးရဲလင်းအောင်က ဆိုသည်။
ယင်းကျောင်းဆောင်များမှာ ၁၉၈၉ ခုနှစ်ကပင် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်များ ဖြစ်သည်။ ဦးရဲ လင်းအောင်က “ လေတိုက်လို့ ပြိုကျတာလည်း မဟုတ်ဘူး။ ဒီကျောင်းဆောင်ကို စဆောက်ကတည်းက အစိုးရက အခန်း လေးခန်း၊ အလှူရှင်တွေက သုံးခန်း လှူပြီး တည်ဆောက်ခဲ့တာ ဖြစ်တယ် ” ဟု ရှင်းပြသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်း အထက်တန်းကျောင်းတွင် ကျေးရွာပေါင်း ၁၄ရွာမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀၀ ခန့် လာရောက် ပညာသင်ကြားနေသော ကျောင်းဖြစ်သည်။
ဖိုးစိုးသူ | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၂ မိနစ်
မစ္ဖျိမသတင်းဌာနမှ ကူးယူဖော်ပြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment