Saturday, 13 July 2013

ပဲခူး အ .ထ .က-၃ ကျောင်းတွင် တိုင်းပညာရေးမှူးရောက်နေစဉ် ဗုံးလန့်


တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပဲခူးတိုင်းတစ်ခုလုံး၌ အောင်ချက်အများဆုံးအဖြစ် နာမည်ကြီးသည့် ပဲခူးမြို့မှ အမှတ်-၃ အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့သွားသဖြင့် ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီကျော်က ကျောင်းရှေ့သို့ လူများစုဝေးရောက်ရှိခဲ့ကြသည်။


ထိုသို့ကောလာဟလများ ထွက်ပေါ်ချိန်သည်အဆိုပါကျောင်း၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်တန်း အခမ်းအနားကို ကျင်းပနေကြပြီး တိုင်းပညာရေးမှူးလည်း ရောက်နေသလို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးလည်း ရှိနေခဲ့သည်။

ယင်းကဲ့သို့ သတင်းများထွက်ပေါ်လာသဖြင့် အဆိုပါကျောင်းသို့ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ ကျောင်းအုပ်
ဆရာမကြီး ဒေါက်တာဇင်သက်ဦးက “ဘယ်လိုသတင်းထွက်သွားလဲ မသိဘူး။ ထ-၃ မှာ ဗုံးပေါက် တယ်ဆိုပြီး၊ ဆိုင်ကယ်နဲ့ အော်သွားတယ်လို့လည်း ပြောတာပဲ။ ကျောင်းသားမိဘအချင်းချင်း ဖုန်းတွေ ဆက်ပြီးရောက်လာ
ကြတာ။ ဘာဗုံးမှ မပေါက်ပါဘူး။ ကျောင်းသားတွေ နိုင်ငံတော်သီချင်း၊ မြန်မာ့ကျောင်း သီချင်းဆိုပြီး စာသင်နေကြပါပြီ”ဟု ပြောသည်။

ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းကလည်း “ကျွန်တော်တို့လည်း အခမ်းအနားမှာ ရှိနေတာပဲဗျာ။ ဘာမှကိုမဟုတ်တာပါ။ ကျောင်းသားမိဘတွေကိုလည်း ရှင်းပြလိုက်ပါပြီ” ဟုဆိုသည်။

အဆိုပါသတင်းကြောင့် ကျောင်းသားမိဘများ တစ်ဖွဲဖွဲရောက်လာကြပြီး ကျောင်းရှေ့ လမ်းပိတ်ဆို့ခဲ့သောကြောင့်လုံခြုံရေးများက မိနစ် ၃၀ ခန့်ကြာ လမ်းကြောင်းရှင်းခဲ့ရသည်။

အမည်မဖော်လိုသည့် ကျောင်းသားမိဘတစ်ဦးကလည်း “ဗုံးပေါက်တယ်ဆိုပြီးတော့ ဖုန်းနဲ့ အသိတစ်ယောက်ကပြောတာ။ ကလေးက ကျောင်းတက်နေတော့ စိတ်ပူပြီးလာတာ”ဟု ရှင်းပြသည်။

လက်ရှိအချိန်၌ ပဲခူးမြို့တွင် အေးချမ်းလျက်ရှိနေသည်ဟု ပဲခူးရဲစခန်းမှ တာဝန်ကျဝန်ထမ်းတစ်ဦးက အတည်ပြုပြောဆိုခဲ့ပြီး ကောလာဟလလွှင့်သူကို စုံစမ်းခြင်း ရှိ၊ မရှိကိုမူ ၎င်းအနေဖြင့် သိရှိခြင်းမရှိ ကြောင်း၎င်းဝန်ထမ်းက မဇ်္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဗုံးလန့်သည့် အမှတ်-၃ အထက်တန်းကျောင်းတွင် ကျောင်းသား ၄၅၀၀ ကျော်ပညာသင်လျှက်ရှိသည်ဟု
ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။
မင်းမင်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၂ မိနစ်  
မစ္ဖျိမသတင်းဌာနမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment