ဒေါက်တာသိန်းလွင်
မြန်မာ့ပညာရေးအခြေအနေနဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း
အဲဒီကော်မတီမှာပါဝင်တဲ့ ဒေါက်တာသိန်းလွင်ကို တွေ့ဆုံမေးမြန်း ထားပါတယ်။
ချင်းမိုင်မှာ
ပညာရေးလုပ်ငန်းတွေ လုပ်နေရာကနေ မြန်မာပြည်ပြန်သွားပြီး
ပညာရေးလုပ်ငန်းတွေလုပ်တာ ၇ လလောက်ရှိပြီ။ အဲဒီကာလအတွင်းမှာ
မြန်မာ့ပညာရေးအပြောင်းအလဲ ဘယ်လိုရှိပါသလဲ။
“မြန်မာနိုင်ငံပညာရေးပြောင်းလဲဖို့အတွက်
လူထုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုက တော်တော်လေး နိုးနိုးကြားကြားဖြစ်လာတာ
တွေ့ရတယ်။ ပညာရေးလုပ်တဲ့တိုင်းရင်းသားအဖွဲ့တွေရော၊
ဘာသာရေးအဖွဲ့အစည်းတွေရော၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ။
ပညာရေး ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ ပြုပြင်ပြောင်းလဲရင် ဘယ်ကဏ္ဍတွေမှာ
ပြောင်းရမယ် ဆိုတာ ဆွေးနွေးကြတယ်၊ အကြံပေးကြတယ်။ ဒီလိုလှုပ်ရှားမှုတွေက
ကျယ်ကျယ်ပြန့်ပြန့်ကြီး ဖြစ်လာတာ တွေ့ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးကွန်ရက် ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီ။ ၂ နှစ်အတွင်းမှာ
ပညာရေးကွန်ရက်ရဲ့ လုပ်ဆောင်မှုတွေက ဘယ်လောက်ဖြစ်ထွန်းလဲ။
“ပညာရေးကွန်ရက်တွေ
ဖွဲ့စည်းစကတော့ ပညာသင်ဖို့ အခက်အခဲဖြစ်တဲ့ လူငယ်တွေ၊ အထူးသဖြင့် မိဘ
ဝင်ငွေနည်းတဲ့ကလေးတွေ၊ ကျောင်းဆက်တက်ဖို့ ခက်ခဲတဲ့ကလေးတွေ၊ ကျူရှင်တက်ဖို့
ခက်ခဲတဲ့ ကလေးတွေကို အခမဲ့ကျောင်းတွေ ဖွင့်ပေးတယ်။ စဖွင့်ကာစ ၂၀၁၁ မှာ
ကျောင်းပေါင်း ၂၆ ကျောင်းရှိတယ်။ ၂၀၁၂ မှာဆိုရင် ကျောင်းပေါင်း ၇၀
ကျော်ဖြစ်လာတယ်။ ဒီကျောင်းတွေက အန်အယ်လ်ဒီအဖွဲ့ဝင်တွေရော ပညာရေးကို
အားပေးတဲ့ ဒေသခ့တွေရော ပူးပေါင်းပြီး ဖွင့်တာပါ။ ဖွင့်ကာစကတော့ ကလေးတွေ
စာမေးပွဲ ဖြေဖို့အတွက် အဓိကထားပြီး ဖွင့်ပေးတာပါ။ တဖြည်းဖြည်း စာမေးပွဲ
ဖြေရုံတင်မကဘဲ ကလေးတွေ အသိပညာ မြင့်မားလာဖို့၊ လိမ္မာရေးခြားရှိဖို့၊ တခြား
ပေါင်းသင်းဆက်ဆံရေးစွမ်းရည်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်၊ လေ့လာမှုစွမ်းရည်
မြင့်လာဖို့ ကျနော်တို့ ကျောင်းတွေကနေ ဆောင်ရွက်ပေးတယ်။
အသက်မွေးဝမ်းကျောင်းလည်း ကျနော်တို့ လုပ်ပေးတယ်။
တချို့
ကျောင်းမနေတဲ့ကလေးတွေ၊ လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ကလေးတွေကို စုဆောင်းပြီး
စာသင်ပေးတယ်၊ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးတယ်။ စက်မှုလက်မှုလည်း
သင်ပေးတယ်။ အလှပြင်သင်တန်းဖွင့်ပေးတယ်။ အခြေခံရှိတဲ့ လူငယ်တွေကို
ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ သင်ပေးတယ်။ တခြား ရုံးလုပ်ငန်းတို့၊
ခေါင်းဆောင်မှုသင်တန်းတို့ ပညာဒါနကျောင်းပေးပါတယ်။ အခုဆိုရင်
ပညာဒါနကျောင်းတက်ရောက်တဲ့ ကျောင်းသားတွေ တော်တော်များတယ်။ ဒီနှစ်ထဲ
တိုးတက်မှုကတော့ ပညာဒါနကျောင်းတွေဟာ လူငယ်တွေရဲ့ ပညာရေး
မြှင့်တင်ရုံတင်မကဘူး၊ ပညာရေးပြုပြင်ပြောင်းလဲမှု လှုပ်ရှားမှုပါ ပါလာတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အင်းစိန်ကျမ်းစာသင်ကျောင်းမှာလုပ်ခဲ့တဲ့
ဆွေးနွေးပွဲဆိုရင် ဦးဆောင်တဲ့အဖွဲ့ထဲမှာ အန်အယ်လ်ဒီ ပညာရေးကွန်ယက်ပါ ပါတယ်။
တခြားအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊
တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွဲဖက်ပြီး ပညာရေးပြုပြင်ပြောင်းလဲဖို့အတွက်
ဆွေးနွေးအကြံပေးတဲ့အဖွဲ့ထဲမှာ အန်အယ်လ်ဒီပညာရေးကွန်ရက်လည်း ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်က
ကွန်ရက်တွေထူထောင်လိုက်ပြီး မြန်မာပြည်အတွက် လှုပ်ရှားမှုလေးတွေပေါ့။
ကျန်းမာရေး၊ ပညာရေး ကွန်ယက်တွေ၊ နောက်ဆုံး ဂီတအနုပညာတွေပါတယ်။
ပညာရေးကွန်ရက်က ၂ နှစ်ပြည့်ပြီ။ အဲထဲမှာ ဆရာဒေါက်တာ သိန်းလွင်နဲ့ အဖွဲ့ဝင် ၅
ဦးလို့ သိရတယ်။ ဒါလေးရှင်းပြပါ။
“ပညာရေးကော်မတီပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖွဲ့ပေးလိုက်တာပါ။
အဖွဲ့ဝင် ၅ ဦးပါ။ ဦးဟံသာမြင့်၊ ဒေါက်တာတင်လှိုင်၊ ဒေါက်တာ သန့်လွင်မောင်၊
ကျနော်ရယ်၊ ဦးမိုးဇော်ဦး (အရင် လူငယ်ဗဟိုက)။ ပညာရေးကော်မတီရဲ့
လုပ်ငန်းတာဝန်ကတော့ လွှတ်တော်ထဲမှာ အန်အယ်လ်ဒီရဲ့
လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲဆွေးနွေးဖို့ ပညာရေးဆိုင်ရာကိစ္စတွေ
ကျနော်တို့ အကြံပေးရတယ်။ အထူးသဖြင့်
ရန်ကုန်တက္ကသိုလ်ပြုပြင်ပြောင်းလဲရေးမှာ
ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာမျိုး အကြံဥာဏ်တွေ ပေးရတယ်။
နောက်ဆက်တွဲအလုပ်ကတော့ အမျိုးသားပညာရေးမူဝါဒ ပြဋ္ဌာန်းဖို့ပေါ့။ ကျနော်တို့
ပညာရေးကော်မတီကနေ ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုဆောင်ရွက်ရင် သင့်တယ်ဆိုတဲ့
နည်းလမ်းတွေလည်း အကြံဥာဏ်တွေ ပေးပါတယ်။”
ထိုင်းမှာအခြေစိုက်လုပ်တုန်းကလည်း
ပြည်တွင်း Teacher Training ပေါ့ Critical Thinking သင်တန်းတွေလေ၊
အဲဒါလည်း လုပ်တယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လုပ်နေတော့
အရင်လုပ်ထားတာတွေက ဘယ်လိုအခြေအနေရှိလဲ။
“ဝေဖန်ပိုင်းခြားစဉ်းစားခြင်း
သင်တန်းတွေလည်း ဆက်တိုက်လုပ်ပါတယ်။ အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင်တွေ
ကျနော်ကိုယ်တိုင်ပဲ သင်တန်းပေးပါတယ်။ တပြိုင်နက်တည်းလုပ်တာ၊ လူငယ်တွေ
နေ့စဉ်လိုအပ်တဲ့ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း ဆွေးနွေးတဲ့အခါ၊
ပြောဆိုတဲ့အခါ၊ စာဖတ်တဲ့အခါ၊ စာရေးတဲ့အခါ လိုအပ်တဲ့
ဝေဖန်ပိုင်းခြားစဉ်းစားခြင်း သင်တန်းတွေလုပ်တယ်။ တပြိုင်တည်းမှာ
ဆရာတွေအတွက် သင်တန်း။ ပြီးခဲ့တဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ
ပညာရေးကွန်ရက်က ပညာဒါနလုပ်တဲ့ ဆရာတွေ ၇၀၀ ကျော်ပေါ့နော် သူတို့ကို
သင်တန်းပေးခဲ့တယ်။ လာမယ့် နွေရာသီကျောင်းပိတ်ရက်မှာလည်း
သင်တန်းတွေပေးဦးမယ်။ ပေးတဲ့သင်တန်းတွေက ကလေးတွေ တက်ကြွစွာသင်ယူတဲ့နည်းနဲ့
ဝေဖန်ပိုင်းခြားစဉ်းစားတဲ့နည်းတွေနဲ့ သင်ဖို့အတွက် သင်တန်းတွေလုပ်တယ်။
တခြားဒေသတွေမှာလည်း လုပ်တယ်။ မန္တလေး၊ ရှမ်းပြည်၊ ချင်းတောင်
အဲဒေသတွေမှာလည်း သင်တန်းတွေ ဆက်တိုက်လုပ်ပါတယ်။”
ဟိုးတုန်းကဆို
ဘွဲ့ရတယ် အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး။ ထိုင်းတို့မှာဆို ပထမနှစ်၊
ဒုတိယ၊ တတိယနှစ်လောက်ရောက်ရင်ပဲ အစိုးရဆိုလည်း အစိုးရ၊
အလုပ်ကုမ္ပဏီတွေဘာတွေကနေ သူတို့ဆီမှာ အလုပ်လုပ်ဖို့ လာကမ်းလှမ်းပြီး
ထောက်ပံ့တာမျိုး ရှိတယ်။ မြန်မာပြည်မှာက ဘွဲ့ရပြီးရင်တောင်
အလုပ်မရဖြစ်နေတာမျိုးတွေ။ အခုရော ဘယ်လိုအခြေအနေရှိပါလဲ။
“အခုအခြေအနေကလည်း
သိပ်တိုးတက်လာတာမရှိသေးဘူး။ အလုပ်အကိုင်အခွင့်အလမ်းကလည်း လူငယ်တွေအတွက်
သိပ်များများစားစား မရှိသေးဘူး။ နောက် သင်လိုက်တဲ့ပညာကလည်း အလုပ်ထဲမှာ
အသုံးချနိုင်တဲ့ ပညာမဟုတ်ဘူး။ အခု ဆယ်တန်းအောင်တဲ့အဆင့်ထိ၊
တက္ကသိုလ်ကဘွဲ့ရတဲ့အဆင့်အထိက စာအုပ်မှာပါတဲ့ စာကိုပဲ အလွတ်ကျက်
အလွတ်ဖြေအဆင့်ဆိုတော့ ဘ၀မှာလိုအပ်တဲ့၊ အသက်မွေးဝမ်းကျောင်းမှာလိုအပ်တဲ့
စွမ်းရည်တွေမပေးနိုင်ဘူး။ အဲအတွက် လူငယ်တွေဟာ ဘွဲ့ရတယ်။ တကယ်လက်တွေ့
အသုံးချမယ့် စွမ်းရည်မပါလာဘူး။ ဒါက တချက် ပညာရေးစနစ်ကြောင့်ဖြစ်တာ။ နောက်
စီးပွားရေးကလည်း ကျနော်တို့လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးတဲ့
စီးပွားရေးလုပ်ငန်းမဟုတ်သေးဘူး။ လူငယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းက
နည်းနေသေးတယ်။”
ဆက်လက်ဖော်ပြပါမည်
ဆက်လက်ဖော်ပြပါမည်

No comments:
Post a Comment