Thursday, 3 January 2013

မြန်မာ့ပညာရေး သုညကစပါ

နေတာက လှိုင်သာယာမှာ.. ကလေးတွေကျောင်းက မရမ်းကုန်းမှာ..။ မနက်တစ်ခေါက် ညနေတစ်ခေါက် ကျောင်းပို့ကျောင်းကြိုနဲ့ မဒမ်မှာ အားရတယ်ကို မရှိရှာဘူး..။ ကျောင်းကားရှိတယ်ဆိုပေမယ့်..ကျောင်းဆင်းတာနဲ့ အိမ်ကိုတန်းမပြန်နိုင်ဘူး..။ ကျုရှင် ပို့ရတယ်..။ ကျုရှင်ပြီးတော့ မှောင်ရီဖျိုးဖျ မိုးချုပ်ပြီ..။


အဲဒါဟာ.. တနေ့မဟုတ်တော့.. ကျုရှင်မထားဖို့ ကြိုးစားကြည့်မိတယ်..။ ဆရာမကို ကျုရှင်လခ အစား
ဓါးကြီးပါတိတ်လေးဘာလေး ကန်တော့ပြီး.. ငွေရေးကြေးရေးကြောင့် မဟုတ်ပါဘူး- ကလေးတွေနားချိန်မရှိဖြစ်နေတာရယ်- သူတို့အပို့အကြို မနိုင်နင်းတော့တာရယ်ကြောင့်.. ဒီလကစလို့ ကျုရှင်မထားတော့ဘူးဆရာမရယ်... လို့ ပြောတော့.. '' ရပါတယ် '' တဲ့..။

ဆရာမက ပြောရှာတယ်..။

သို့သော်.. အဲဒီလကစလို့.. သားတော်မောင် ရဲ့  ပညာရည်မှတ်တမ်းက.. သိပ်အားရစရာမကောင်းတော့ဘူး..။ ကျုရှင်မဲ့ ပထမလ.. အမှတ်နည်းလာ၊ နောက်လ အောင်မှတ်သာသာ၊ နောက်လ ဘာသာစုံကျတော့.မိဘလာတွေ့ပါတဲ့..။ သားတော်မောင်ရဲ့  မျက်နှာကလဲ.. ဇီးစေ့လောက်ပဲ ကျန်တော့တယ်..။ မဖြစ်ချေဘူးဆိုပြီး ဆရာမဆီ သွားတွေ့တော့.. ကျုရှင်မထားလို့ မဖြစ်ဘူးတဲ့..။ ဒုံရင်းဒုံရင်း ပြန်ရောက်ရတယ်..။

ဒါပေမယ့် စိတ်ထဲမှာ.. သိပ်ဘ၀င် မကျဘူး..။ အဲဒါနဲ့ ဆရာမသင်နေကျဝိုင်းမှာတော့.. လာမထားပါရစေနဲ့- ဖြစ်နိုင်ရင် အိမ်လာသင်ပေးပါ- ဆိုပြီး ညှိနှိုင်းမိတယ်..။ '' ရပါတယ် '' တဲ့..။

ဆရာမက ပြောရှာတယ်။

အဲသလိုနဲ့ သားတော်မောင်ခမျာ့.. သူ့အတန်းပိုင်ဆရာမနဲ့ .. တစ်ပတ်နှစ်ရက် အိမ်မှာကျုရှင်ရတော့တယ်။ ပိုက်ဆံတော့ နည်းနည်းပိုကုန်တာပေါ့..။ သို့သော်.. အဲဒီလကစလို့ သားတော်မောင်ရဲ့  ပညာရည်မှတ်တမ်းက ငရဲပြည်ကနေ နတ်ပြည်တန်းတက်သွားတော့တယ်..။ ကောင်းလေစွ..။

လွှဲသာရင် ဘယ်မိဘမှ ကျုရှင် ထားချင်မယ်မထင်ဘူး..။ သို့သော် ခေတ်ရေစီးဆိုတာ.. ဆန်ချင်တိုင်းဆန်ဖို့ မလွယ်ဘူး..။ ငါတို့ငယ်ငယ်တုံးက ''ဘာကျုရှင်မှ မယူခဲ့ဘူး '' ဆိုတဲ့ အခြေအနေနဲ့ ကိုယ့်မျိုးဆက်ကို ဇွတ်ပုံသွင်းလို့ မရနိုင်တော့ဘူး..။

( given situations ) အခြေခံတွေက သိပ် ခြားနားသွားပြီး..။ ကျွန်တော်တို့ငယ်ငယ်နဲ့ အခုကလေးတွေငယ်ငယ်နဲ့က ဘာဆိုဘာမှ မတူတော့ဘူး..။ အဲဒါကို အရှိတရားတစ်ခုအဖြစ် လက်ခံပြီး သကာလ အဖြေရှာကြရမယ်..။

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သူ့တပည့်တွေကို မေးဖူးတယ်..။ '' တက္ကသိုလ်ကို မင်းတို့ ဘာလို့ တက်သလဲ '' တဲ့..။ '' ဘွဲ့ရချင်လို့ ..လို့ '' တချို့ ကဖြေတော့ ဒေါက်တာသန်းထွန်းခမျာ့ ပက်လက်ကိုလန်ရော..။

တက္ကသိုလ်ဆိုတာ.. တကယ်က ပညာလိုချင်သူတွေ စုရုံးရောက်ရှိသင့်တဲ့အရပ်..။ တက္ကသီလာ- အတတ်ပညာ၊ အသိပညာတွေ လေ့လာဆည်းပူးအပ်တဲ့ နေရာပဲ..။

ဘွဲ့က သာမည- ပညာကအဓိက။

ရေကူးသင်တန်းတက်တယ်ဆိုတာ ရေကူးတတ်ရေး အဦးမူရတယ်..။ တကယ်ရေမကူးတတ်ဘဲ သင်တန်းဆင်းလက်မှတ်ကြီးကိုင်ပြီး ရေထဲခုန်ချသူတွေလို ဘွဲ့ရပြီး-ပညာမတတ်ကြရင် ဘ၀ပင်လယ်မှာစုန်းစုန်းမြုပ်ပြီး.. တိုင်းပြည်ပါ မြောင်းထဲရောက်ကရော..။

မြန်မာတွေ မညံ့ဘူး ဆိုတဲ့စကား ဟိုနားဒီနား မကြာခဏ ကြားရလေ့ရှိတယ်..။ တကယ်က အဲဒီစကား ဟုတ်မထင်ဘူး..။ လူမျိုးတိုင်းလူမျိုးတိုင်းမှာ.. တိုင်းပြည်အခြေအနေ ဘယ်လောက်ဆိုးဆိုးတစ်ယောက်စနှစ်ယောက်စ ဖောက်ထွက်ထူးချွန်သူ ဆိုတာ ရှိတာချည်းပါပဲ..။

အဲသလို မတစ်ထောင်-တစ်ကောင်ဖွားတွေကို လက်ညှိုးထိုးပြပြီး မြန်မာတွေ မညံ့ဘူးလို့ ကုန်းအော်နေတာဟာ
ရွာလွန်ရွက်တိုက်တာပဲ..။ အားမနာတမ်းဝန်ခံရရင် မြန်မာတွေ ညံ့သွားတာ အတော်ကြာခဲ့ပြီ..။

ဇာတ်မင်းသား သိန်းဇော်က '' ဒီနေ့သိန်းဇော်က မနေ့ကသိန်းဇော်ထက်သာအောင် ကြိုးစားနေပါတယ် '' လို့ ဥဒါန်းကျုးတယ်။ ဘယ်သူနဲ့မှ မပြိုင်ပါဘူး- ကိုယ့်ကိုယ်ကိုပဲပြိုင်ပါတယ် ဆိုတဲ့အတွေးအမြင်နဲ့ ကမ္ဘာ့ရွာ
ထဲ ရှင်သန်ရပ်တည်လို့ ဘယ်ရမလဲ..။

ကိုယ့်ဖာသာလဲ ပြိုင်ရမယ်- ဘေးဘယ်ညာကလူတွေနဲ့လဲ ပြိုင်ရမယ်- ကမ္ဘာပတ်ပြီးလဲ ပြိုင်ရမယ်..။ အဲသလို ပြိုင်ရာမှာလည်း ပုဂံခေတ်က စစ်သည်လေးသိန်းလွှတ်လိုက်သလိုမျိုး တစ်ယောက်ကောင်းနှစ်ယောက်ကောင်းနဲ့ သွားမပြိုင်ပါနဲ့..။

မြန်မာတွေ မညံ့ဘူး ဆိုတာ သက်သေပြချင်ရင်  '' မြန်မာ တွေ- မြန်မာများ- majority '' နဲ့ ပြိုင်ကြရမှာ..။ ဘာနဲ့ ပြိုင်ရမှာလဲ ဆိုတော့ '' ပညာ '' နဲ့  ပြိုင်ရမှာ..။

ဒါကြောင့် ပညာရေး- မြန်မာ့ပညာရေး သိပ်အရေးကြီးတယ်။ အကုန်မြေလှန်ရမှာ..။ တက္ကသိုလ်တွေက စရမှာမဟုတ်ဘူး..။ မူကြိုက စရမှာ..။ အခြေခံကစရမှာ..။ သုညကစရမှာ..။ ဖုတ်ပူမီးတိုက်-ဆေးမီးတိုနဲ့ အပေါ်ယံ မိတ်ကပ်ဖို့ လို့ မဖြစ်ဘူး..။

ပညာရေး ဘတ်ဂျက်..  ပုံမှန်ထက် တိုးတယ်..။ ဟိုနားဒီနား တက္ကသိုလ်တွေ အဆင့်မြှင့်တင်နေကြတယ်..။

နိုင်ငံတကာတက္ကသိုလ်တွေ အဆင့်မြင့်တယ်ဆိုတာ.. အဲဒီကျောင်းတော်ကြီးတွေမှာ သင်ကြားပေးတဲ့
ဆရာ-ဆရာမတွေရဲ့  အဆင့်မြင့်တာပဲ..။ သင်ကြားမှု စနစ်-စံနှုန်းတွေမြင့်တာပဲ..။ အဲဒါတွေနဲ့ လိုက်လျောညီထွေသင်ယူလက်ခံနိုင်တဲ့ ကျောင်းသားတွေရဲ့  အဆင့်အတန်း မြင့်တာပဲ..။

ဆရာ-ဆရာမတွေ အဆင့်မြင့်ချင်တာ သိပ်မခက်ဘူး..။ ဒီမှာမရှိ- ပိုက်ဆံတတ်နိုင်ရင် နိုင်ငံခြားက ဆရာတွေ ခေါ်သင်ခိုင်းလို့ ရတယ်..။ သင်ကြားမှု စံနှုန်း.. မြှင့်ဆွဲဖို့ဆိုတာလည်း မခဲယဉ်းဘူး..။ ဒါပေမယ့်..ကျောင်းသားတွေရဲ့  အရည်အချင်း.. တက္ကသိုလ်ကျောင်းသားများရဲ့  အဆင့်.. ဟပ်ချလောင်းဆိုပြီး.. နေ့ချင်းပြီး နှစ်ချင်းပြီး မြှင့်တင်လို့ မရနိုင်ဘူး..။ အခြေခံကမစဘဲ.. တက္ကသိုလ်ရောက်မှ မြှင့်ချင်လို့ ရကိုမရနိုင်ဘူး..။

ဒါကြောင့် မြန်မာ့ပညာရေး မူကြိုက စပါ..။ အခြေခံပညာအဆင့်က စပါ..။ အဲဒီအဆင့်က ဆရာ-ဆရာမတွေရဲ့  အဆင့်မြှင့်တင်ပေးပါ..။ ပညာရေးဘတ်ဂျက် အဲဒီအဆင့်တွေမှာ ပိုသုံးပေးပါ..။ ပြည်သူအများလှူစရာရှိရင် ပညာရေးဖက်ပိုလှူကြပါ..။ လှူသမျှ အကျိုးရစေဖို့.. စေတနာပညာဦးစီးတဲ့ မြန်မာ့သားကောင်းများ စီမံခန့်ခွဲခွင့်ပေးကြပါ..။

အခြေခံက စနေရလို့ စောင့်ရတယ်ဆိုတော့လဲ.. ပိုကောင်းဖို့အတွက်-ခိုင်မာဖို့အတွက်-ရေရှည်ပါဖို့အတွက် ပဲ..။ ကျွန်တော်တို့ စောင့်ကြရမှာပေါ့..။ ကိုယ့်တသက်မမီတော့လည်း ဘာအရေးလဲ..။ ကိုယ့်မျိုးဆက် ရဲ့ 
မျိုးဆက်တွေ.. မြန်မာတွေ.. ကမ္ဘာ့အလယ် မျက်နှာမငယ်ကြစေကြောင်း.. ကျွန်တော်တို့ စိတ်ချသွားချင်မိပါတယ်..။
by Ko Navana on Thursday, 3 January 2013 at 13:10 ·

No comments:

Post a Comment