Thursday, 23 August 2012

သူတို့ စာသင်ခန်း

ကျနော် သူတို့ဆီက ပညာရေး ကို တော်တော် စိတ်ဝင်စားပါသည်။ ဘာကြောင့်ဆိုတော့ ပညာရေးက ပုံစံခွက်ထဲကို အလုံးစုံရောက်နေတဲ့ စနစ် မဟုတ်သောကြောင့် ဖြစ်သည်။ ဒီတော့ အဝေးက ညီငယ် ညီမငယ်များနှင့် စိတ်ဝင်စားသူ မိတ်ဆွေများ အတွက် ဝေမျှပေး လိုပါသည်။ သေချာတာ တခုတော့ ကျနော်ဦးဆုံး ပြောထားပါမည်။ ကျနော် ဇီးသီးသည်မဗျိုင်း မဟုတ်ရပါ။ ဒီတော့ ကျနော် ဝေမျှခြင်းသည် လေ့လာနိုင်ရေး အတွက်သာ ဖြစ်သောကြောင့် အခွင့်လမ်း မရှိသေးသူများ အနေဖြင့် တစေ့တစောင်း လေ့လာနိုင်ခြင်းအားဖြင့် ကမ္ဘာကြီးကို အနည်းငယ်များမျှ တီးခေါက်မိ ရလေအောင် မအ ရအောင် ရေးသားပေးခြင်း ဖြစ်ပါသည်။



ပထမဆုံးနေ့
အတန်း တတန်း စပြီးတက်ပြီဆိုလျှင် ပထမဆုံးနေ့ကို ပါမောက္ခများ နည်းပြဆရာများ အထူးနေ့လို့ သဘောထားလေ့ရှိသည်။ များသောအားဖြင့် စည်းကမ်းကြီးသူ ပါမောက္ခများသည် ပထမနေ့နှင့် ဒုတိယနေ့ ပျက်ကွက်သူ ကျောင်းသားများကို သူတို့၏ အတန်းမှ ဖယ်လိုက်သည် ဒီကကျောင်း အသုံးနှုန်းဖြင့် Drop out လုပ်လိုက်သည်လို့ သိကြသည်။ ကျောင်းသား ခမြာ သိပ်ကိုခံစားရသည် ကျနော် ကောလိပ်အင်္ဂလိပ်စာ အတန်းများတက်နေတုန်းက ထိုင်ဝမ်ကျောင်းသား တယောက်ကို လုပ်လိုက်တာ တွေ့ဖူးသည်။ ကျနော်တို့ အားလုံး စိတ်မကောင်းကြပါ ထိုကျောင်းသား အတွက် လေးလတန်းတတန်း နောက်ကျရချေပြီ။ သို့သော် ဘာမှ လုပ်မရချေ စည်းကမ်းသည် စည်းကမ်းသာဖြစ်သည်ဟု ထိုပါမောက္ခ ဘွားတော်က ပြောသည်။ အဲဒါ ပထမဆုံးနေ့ကို အလေးထားပုံ၏ ကိုယ်တွေ့တခုပါ။

အဲဒီ ပထမဆုံးနေ့မှာ စာသင်ခန်းထဲကို ၀င်လာသူတွေကို အခန်းထဲမှာ အသင့်ရောက်ပြီးသား ပါမောက္ခ (သို့) နည်းပြဆရာက ကြိုနေပါမည်။ ထိုနောက် Section နှင့် ပတ်သက်သော သင်ကြားမည့် Outline ကိုပေးမည်။ တချိန်ထဲမှာ ပါမောက္ခမှ သူ့အမည်နှင့် သူ့ကိုယ်ရေး အကြောင်းရာ အချို့ကို မိတ်ဆက် ပြောကြားပါမည်။ သူ့ကို မည်သို့ခေါ်ပါ အစချီသည့် ကျောင်းသားနှင့် ဆရာကြားမှာ ပွင့်လင်းရင်းနှီးစေရန် ဦးတည်သည့် စကားများ ပြောလေ့ရှိသည်။ ကျနော်ကြုံသော အမေရိကန်ပါမောက္ခများသည် သူတို့အား ဒေါက်တာတို့ ပါမောက္ခ ဘယ်သူစသည်ဖြင့် ခေါ်ခြင်းကို သိပ်မနှစ်သက်ကြပေ။ သူတို့၏ အမည်များကို ခေါ်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံစေချင်သည်။ ဆရာဆိုပြီး အထူးတလည် ပြောဆို ဆက်ဆံခြင်းကို ရှောင်ကျဉ်သည်။

နောက်အရေးကြီးဆုံး တခုက ကျောင်းသားနှင့်ဆရာကြား စာချုပ်လက်မှတ်ထိုးပေးရမည်။ ဆောင်ရန် ရှောင်ရန် အချက်လက်များကို ဖတ်ပြီး သိရှိပြီးပါကြောင်းနှင့် ချိုးဖေါက်ပါက အတန်းမှ ထုက်ပယ်ခံရမည် ဆိုသည်ကို သိရှိပြီးပါကြောင်း ပါဝင်သည်။ စည်းကမ်းချက်များက အခန်းတွင်း ဖုန်းမပြောပါဘူး ဆိုတာမျိုး အစပြုပြီး research တွေ Project တွေ Assignment တွေကို မိမိကိုယ်တိုင် လုပ်ရမှာဖြစ်ပြီး ၀ယ်ယူခြင်း တပါးသူလုပ်ပေးခြင်း ခိုးချခြင်း လုပ်သည်ကို Plagiarism လို့ခေါ်ပြီး စစ်ဆေးတွေ့ရှိပါက ကျောင်းထုက်ခံ ရမည့်အပြင် ပြည်နယ် ပညာရေးဥပဒေ အရ ရာဇ၀တ်မှု ပုဒ်မဖြင့် အရေးယူခံရမည်ဟု ဖေါ်ပြထားသည်။ ကျူးလွန်သူသည် the violations of academic integrity list သွင်းခံရပြီး။ အနာဂတ်ပညာရေး မှတ်တမ်းကို အကြီးကျယ် ထိခိုက်စေမည်။

ပထမဆုံးနေ့တွေမှာ အတန်းသားတွေကို တဦးနှင့် တဦးရင်းနှီးရအောင် မိတ်ဆက်စေသည်။ ပါမောက္ခ တဦးနှင့် တဦး Idea မတူပါ။ တချို့ ပါမောက္ခသည် အတန်းသားများ အခြင်းခြင်း မိတ်ဆက် စကားပြောစေပြီး။ မိမိကိုယ်ကို မိတ်ဆက်ရခြင်း မလုပ်ပဲ အခြားသူ၏ကိုယ်စား မိတ်ဆက်ပေးရသည်။ အခြားပါမောက္ခမှလည်း တတန်းလုံးတွင် မည်သူက မည်သည့် အစားစာကြိုတ်သည် မည်သည့် ဇာတ်ကားကြည့်သည် စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် ရယ်မောကာ တဦးနှင့် တဦးအကြား ရင်းနှီးမှု မြန်စေသည်။

သင်ကြားမှု အထောက်ကူပြုများ
သချာင်္နှင့် သချာင်္အခြေပြု ဘာသာရပ်များမှ လွဲ၍ ၏သည် မရွေ့ သင်ကြားပေးမှု မရှိပါ။ အကြောင်းရာ တခုကို မသင်ကြားမှ အိမ်မှီ ဖတ်လာရပြီး။ အတန်းထဲတွင် ဆွေးနွေးကြရမည်။ ငြင်းမည် ခုန်မည်။ Unit တခုတိုင်းမှာ မိမိ၏ တုန့်ပြန်ထင်ကြေး Responding ရေးတင်ရမည်။ မိမိကိုယ်ပိုင် စာကြောင်းများကို အကိုးကား အထောက်ထားဖြင့် ရေးထားခြင်း ဖြစ်ရသည်။ ရမ်းတီးလို့မရပါ။ ဆိုပါစို့ Dr. Martin Luther King ၏ လုပ်ဆောင်ချက်သည် လစ်ဟာမှုရှိသည်ဟု မိမိရေးနိုင်သည် ဒါပေမယ့် ထိုလစ်ဟာမှုကို အထောက်ထားပြနိုင်ရမည်။ နောက်ဆုံး ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲထားတာ လွဲနေသည် ဘယ်လို ပြောင်းရေးသည့်သည်ဟု အခြေမြစ်ရှိရှိ ထောက်ပြ ရေးသားနိုင်သည်။ ကျောင်းသားရေး သမျှကို အချက်လက်များကို လိုအပ်ပါက သက်ဆိုင်ရာ ဌာနများမှ ယူငင်သုံးဆွဲမည် သုတေသန လုပ်ခွင့်  ပြုရမည် ဖြစ်သည်။ ပညာသင်ရင်း သမိုင်းအမှားကို သိနိုင်သည်။ ကျနော်ဆိုရင် လူနီများနှင့် ပတ်သက်သော အမေရိကန်ပြည်ထောင်စု တည်ခါစက အမှားများကို သင်ကြားသော သမိုင်းကို သိပ်စိတ်ဝင်စားသည်။ သူတို့ကို လူမျိုးတုန်းအောင် လုပ်ထားခဲ့သည် လုပ်နေဆဲ ဥပဒေကို သင်ကြားရသော အခါ မေးခွန်းထုက် လိုက်သည် ပါမောက္ခကို ဘာလို့ သူတို့တွေကိစ္စကို လက်တွေ့ မဖြေရှင်းနိုင်ပဲ သမိုင်းစာအုပ်ထဲ ထည့်သင်နေရသလဲလို့ မေးလိုက်တာ။ မင်းတို့တွေကို ဒါတွေပေးသိပြီး မျိုးဆက်သစ်တွေကနေ ပြုပြင်ပြောင်းလွဲပစ်ဖို့ လုပ်ခြင်းက အကောင်းဆုံးဖြေရှင်းနည်း ဖြစ်နေလို့ပါ နောက်တခုက မင်းတို့လို သန်းပေါင်းများစွာသော ကျောင်းသားများထံက ရလာတဲ့ အဖြေတွေနှင့် ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်တယ်လေလို့  ပြန်ဖြေပါသည်။


စာသင်ခန်း တခန်းတွင် ကျောင်းသား ၂၀ ဦးမှ ၂၅ ဦးအထိ သင်ကြားရပြီး။ အခန်းတွင်း အပူ အအေး စက်များ ကောင်းစွာအ လုပ်လုပ်သည်။ ပါမောက္ခမှ whiteboard အပါဝင် ကွန်ပြုတာမှတဆင့် projector နှင့် အသံချဲ့စက် အသုံးပြုကာ သင်ကြားပေးသည်။ ကျောင်းဝင်းအတွင်း တော်တော် အားကောင်းသော WiFi အခမဲ့ရသည် ကန့်သက်ချက်မရှိ ဒေါင်းနိုင်သည် လုပ်ခြင်ရာ လုပ်နိုင်သည်။ ကျောင်းသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သည် သန့်ရှင်းစင်ကြယ်စွာ ရှိသည်။ အိမ်သာ လုံလုံလောက်လောက် သန့်သန့်ရှင်းရှင်း ရှိသည်။ ကျောင်းတွင်း အစားသောက်များ အပြင်ထက် ဈေးသက်သာလေ့ရှိသည်။ အားကစားလုပ်ရန် ခမ်းမများ အလုံလောက်ရှိသည်။ ကျောင်းလုံခြုံရေး အတွက် သီးသန့်  ရဲဌာန ရှိသည်။ အဲဒီရဲတွေကို လိုသလို ခိုင်းရသည် ကားသော့ ကားထဲကျန်ခဲ့တာမှ စပြီး စက်ဘီးသော့ ဖွင့်မရခြင်း စသော တိုလီမုစ ပြဿနာများကို မငြီးမညူ ပြန်မဟောက်ပဲ ခိုင်းသမျှ လုပ်ပေးသည်။ ကိုယ့်ဆီက ရဲတပ်ဖွဲ့ဝင်တွေ သတိရလိုက်တာ။ ပစ္စည်းပျောက်ဌာနရှိသည်။ ငွေထုက်စက်များ အလိုလျှောက် အအေး အပူရောင်းစက်များ လိုသည်ထက် ပိုအောင် ရှိသည်။၂၄ နာရီ လုံခြုံရေးကင်မရာများ အလုပ်လုပ်နေပြီး နေရာမလပ်ရှိသည်။ သေနတ်နှင့် ၀င်ပစ်တော့ အရင်သေတဲ့ လူသေ CCTV ကနေကြည့်ပြီး ပစ်သူကိုဖမ်း အရူုးဆိုပြီး ဆေးကုပေးပေါ့။


ကျောင်းသားသည် ဘာသာရပ်ဆိုင်ရာ အချက်လက်များကို မိမိကျောင်း Database ယူငင် သုံးဆွဲနိုင်သည်။ ကျောင်း စာကြည့်တိုက် အပါဝင် ပြည်နယ် စာကြည့်တိုက် ကို သုံးဆွဲနိုင်သည်။ မိမိ ဖတ်လိုသည့် စာအုပ်ကို စာကြည့်တိုက်တွင် မရှိပါက အော်ဒါပေးပြီး ရှာဖွေခိုင်းနိုင်သည်။ ထို့အတွက် မည်သည့် အပိုကြေးမှ ပေးဆောင် ရခြင်း မရှိပါ။ ကျောင်းသားသည် One semester တခု (လေးလတန်း) တွင် ကျောင်းရှိ ကွန်ပြူတာများ သုံးဆွဲခွင့်ရှိပြီး စာရွတ် ၃၀၀ အထိ အခမဲ့ Print ထုက်နိုင်သည်။ အပိုကို တရွတ်လျှင် ၅ ဆင့် ( တဒေါ်လာ ၂၀ ရွတ်) ဖြင့် ထုက်နိုင်သည်။

အခမဲ့ စာဖတ်ဝိုင်းကို မိမိသက်ဆိုင်ရာ ဘာသာရပ်ဌာနမှ အလှည့်ကျ နည်းပြများဖြင့် ကျောင်းချိန် အပြင် တက်ရောက်နိုင်သည်။ သို့သော် စာရင်းကြိုပေးရသည် တဦးကို တပတ်လျှင် သုံးနာရီသာ ခွင့်ပြုသည်။ ထိုစာဖတ်ဝိုင်းသည် နည်းပြနှင့် ကျောင်းသား နှစ်ဦးထဲသာဖြစ်သည်။ ပါမောက္ခများ နည်းပြများသည် အတန်းတွင်း မည်သူက စာတော်သည် စာညံ့သည်ဟု လူသိရှင်ကြား ဝေဖန်ခွင့် မရှိပါ။ ကျောင်းသားမှ စာသင်ချိိန်  ပြင်ပတွင် ပါမောက္ခ နှင့် သီးခြားတွေ့ဆုံခွင့် ရှိသည်။ ကျောင်းစာနှင့် ပတ်သက်သော အချက်လက်များသာ ဆွေးနွေးရန်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အတိုင်ပင်ခံများ( Councilor)  ကျောင်းတွင် အခမဲ့ရယူနိုင်သည်။ ကျနော်ကို ၂၀၁၀ တုန်းက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသည်ဟု ဆိုပြီး အတိုင်ပင်ခံများဖြင့် ပြန်လည် လေ့ကျင့်ပေးဖူးသည်။

အရည်ချင်းစစ်ပုံ
အတန်း တတန်းကို သင်ကြား တက်မြောက်မှုသည် စာမေးပွဲ တခုတည်းကို အခြေမခံပေ။
များသော အခြေခံအားဖြင့်
 စာမေးပွဲ လေးခု ၄၀%
သုတေသနစာတမ်း ၂၀%
ဆွေးနွေးနိုင်စွမ်း ၅%
ဘာသာရပ်ပေါ် နားလည်မှု ၁၀%
အိမ်စာ ၁၅%
အတန်းမှန်တက်မှု  ၁၅%
 အခုဖေါ်ပြသည့် အချက်များက မိမိသက်ဆိုင်ရာ ဘာသာရပ် အလိုက်ရာခိုင်နှုန်းကွာခြားသည်။ ယေဘူယျ အဖြစ်လေ့လာနိုင်အောင် တင်ပြပါသည်။

အတန်း အောင်မှတ်ကို သတ်မှတ်သည့် Grade သည်လည်း ဘာသာရပ်အလိုက် ကွဲပြားသည်။ အချို့သာသာရပ်က ၂.၅၊ ၃.၀၊ ၃.၅ စသည်ဖြင့် ခွဲခြားသည်။ အမေရိကန်အခြေခံ Grade ခွဲခြားသည့် အမှတ်စာရင်းမှာ

4.0 ( 91- 100%)
3.5 ( 86- 90%)
3.0 ( 81- 85%)
2.5 ( 76- 80%)
2.0 ( 71-75%)
1.5 (66-70%)
1.0 (60-65%)
0.0 (0-59%)

ကိုးလို့ကန့်လန့်ဖြစ်နေသည့် အမှတ် ဥပမာ ၉၀.၅ ဖြစ်နေလျှင် မူလတက်လာသော အတန်းက အမှတ်ကို ပြန်စစ်ပြီး ဆုံးဖြတ်ပေးသည်။ ကိုယ်တွေ့ပါ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျနော်အမှတ်ပေါင်းက ၉၀.၅ ဖြစ်နေလို့ တက်လာတဲ့ အတန်းက အမှတ်ကို ပြန်စစ်တော့ အမှတ်ကောင်းတာနှင့် Grade 4.0 ပေးတာ ရခဲ့သည်။

ကဲချစ်ရတဲ့ ညီလေး ညီမလေးတို့ရေ မင်းတို့အကို ဦးကျည်ပွေ့လက်သစ် ပြည်နယ်က လေ့လာမိသမျှပါပဲ တတိုင်းပြည်လုံးမှာ အခြေခံအားဖြင့် တူပါသည် ပြည်နယ်ဥပဒေ ဘက်ဂျက်တွေအရ ကွဲပြားမှုတော့ ရှိမည်။ သိသမျှတော့ ရေးလိုက်တာ မှတ်ထားကြပေတော့ နောက်ဆက်ရေးပေးပါမည်။

ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

No comments:

Post a Comment