၂ဝ၁၂ ကား ကုန်ဆုံးတော့မည်။
ဒေါင်းလုလင်ကြီးများမှာ
အသက်က ကျောင်းအုပ်အရွယ်ရောက်လာ
အလုပ်မှာ ကျောင်းသားလည်း မဟုတ်တော့ရာ
စာရေးဆရာလိုလို စာဟောဆရာလိုလို
ပန်းချီဆရာလိုလို ကဗျာဆရာလိုလို
ဟိုလိုလို သည်လိုလိုလုပ်မနေကြပါနှင့်တော့
နောင် ၃ နှစ်ဆိုလျှင်
ဥပဒေပြုရေးထဲပဲ ဝင်မလား၊ အုပ်ချုပ်ရေးပိုင်းပဲ ပြောင်းမလား
ဒေါင်းပျိုများက သိချင်နေကြ၏။
သူတို့ကား ရှေ့ကနမူနာအဖြစ်
ဒေါင်းအမေကိုများ ကြည့်နေကြလေရော့လား၊
အမေ့မှာ ဆူးကြားကဘူးခါးသဖွယ်
စစ်ကြားအိုများနှင့် စောင့်ကြည့်နိုင်ငံသားများကြားက
ဓားသွားပေါ်မှပျားရည်လက်ခုပ်သံအချို့ကိုလျက်ရင်း
နောင် ၃ နှစ်မှာ သမ္မတဖြစ်လိုဟု
နိုင်ငံ့အကျိုးထမ်းစိတ်အခြေတည်ကာ ထုတ်ဖော်လာခိုက်
စစ်အုပ်စုနဲ့ပဲလက်ဝါးချင်းရိုက်နေသယောင်
အစိုးရနဲ့ပဲ အကြည်စိုက်နေသယောင်
တိုင်းရင်းသားတွေကိုပဲ ဂရုမစိုက်သယောင်
တောကြောင်များက ခြေထိုး၊ လူရိုးများက ပူပန်၊
တယူသန်များက ဒေါကန်
သည်ဒဏ်တွေကိုများ ဒေါင်းလုလင်ကြီးတွေ မခံလိုရော့သလား
တရွေးသားမျှအမုန်းမခံလိုဘဲ
နိုင်ငံရှိ လူကုန်၏ ထာဝရမေတ္တာကိုသာ ခံလိုလေသလား
ကျွန်တော်များလည်း မသိနိုင်၊ အကြံပိုင်ကြပါပေ့
မအံ့သြနိုင်ပါတော့အံ့။
တိုင်းရင်းသားလက်နက်ကိုင်များလည်း
နှစ်မသစ်ခင်မှာ အဖြေသစ် ကျန်ရစ်လိုလေသလားမဆိုနိုင်
မီးကုန်ယမ်းကုန် ထိုးစစ်ဆင်တစ်ဖုံ
ဆက်ကြေးကောက်တစ်နည်း
အစိုးရလမ်းစဉ်ကို ဘာသာပြန်ပြီးကျင့်သုံးလာကြ
နိုင်ငံသားများဘဝကား ကြောက်ရမည့်နီးရာဓားများ
မကုန်နိုင်မခမ်းနိုင်သေးသည်မှာ
ခရစ်နှစ်သစ်မက၊ မြန်မာနှစ်သစ်မက
နှစ်ပေါင်းများစွာပင် သစ်ကြသလောက်
ကြောက်ရသည်မှာ ရာသက်ပန်၊
ခံရသည်မှာ ရာသီပတ်လည်
ဘဝဟောင်းဝဲသြဃထဲမှာသာလည်ပြီးရင်း လည်ကြ
အံ့သြကုန်နိုင်ရပါပေ့။
ဘုရားမှာ လင်းတနားပြီး
ဟဲဟိုးမှာ လေယာဉ်မီးလောင်
ဟိမဝန္တာတောင်ကြီးချမ်းခိုက်
လင်းတတွေ လေကြုံလိုက်၊ တောင်ပံစိုက်လာ
ရှမ်းရိုးမမှာ မြူတွေဆိုင်းတော့
အဲပုဂံလည်း ဒိုင်ဗင်ထိုး၊ တောင်ပံကျိုး။
ဝေဒဆရာအလိုအရတော့
လင်းတကြောင့် လေယာဉ်ပျက်သတဲ့
ကမ္ဘာကြီးပူနွေးလာမှုကြောင့်
ရွှေ့ပြောင်းလူသားသာမက ရွှေ့ပြောင်းသတ္တဝါများပင် ရှိလာ
ရေကြည်ရာမြက်နုရာကိုသွားမည်ဆိုလျှင်
မြောက်တည့်တည့်ကို ပျံ၊
နေပြည်တော်ကို ဆန်လေသည်လားမသိ
တွေးကြည့်လျှင် ကြက်သီးထမိပါ၏။
မအံ့သြကြပါနှင့်။
အဖော်အချွတ် အညှီအဟောက်များပါသဖြင့်
မတော်တရော်စာစောင်ဟု ဝေဖန်ပြစ်တင်သည့်သတင်းအတွက်
ယင်းအညှီအဟောက်ဓာတ်ပုံကိုပင် ထပ်မံပုံနှိပ်ဖော်ပြလာကြ
မည်ကဲ့သို့ နားလည်ရမည်မှန်းပင် မသိ
မြန်မာ့စာနယ်ဇင်းများ၏အစွမ်းသတ္တိကား
အံ့ဖွယ်သူရဲ ထူးကဲလှချေ၏။
မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်း
နှစ်ဟောင်းကုန်၍ နှစ်သစ်ရောက်လျှင်
ဒေါင်းအိုးဝေစစ်စစ်များ၏ ကောင်းကျိုးလုပ်ရပ်များကို
တိုးရင်းပေါင်း ခံစားနိုင်ကြကာ
ဒေါင်းယောင်ဆောင်သည့် လင်းတကြီးများ၏ရန်မှ ကင်းဝေးနိုင်ကြပါစေ။
(ယူတာကဒီနေရာက) http://www.myanmarij.com/?p=8383
http://stoganews.com/op-ed/going-digital/8185/
by Myo Myint on Wednesday, 26 December 2012 at 19:58

No comments:
Post a Comment