ကျွန်တော့်မှာ ကျေးဇူးကြီးသောဆရာများ အများအပြားရှိပါသည်။ ကျွန်တော့်အဖို့ အရေးအကြီးဆုံး လည်းဖြစ်၊ ရှေးဦးအကျဆုံးလည်းဖြစ်သည့် ငယ်ဆရာသုံးဦးရှိပါသည်။ ထိုဆရာများမှာ (တစ်) ကံ့တူလက်လှည့် ငယ်ဆရာဦးပညာ၊ (နှစ်) ဆရာဦးအုန်းနှင့် (သုံး) အင်္ဂလိပ်စာကို အေဘီစီမှစ၍ (၁ဝ) တန်းအောင် အောင် သင်ပေးလာသည့် ဆရာဦးအောင်သိန်းတို့ ဖြစ်ပါသည်။ ယခု (တစ်) နှင့် (သုံး) ဆရာများအကြောင်းကို စာဖွဲ့၍ ထိုဆရာများ၏ကျေးဇူးကို ကျွန်တော်ထုတ်ဖော်ရေးသားပြီးပါပြီ။ (နှစ်) နေရာရှိနေသော ဆရာ့အကြောင်းသာ စာဖွဲ့ဖို့ ကျန်ပါတော့သည်။
ဤသို့ စာမဖွဲ့ဖြစ်ခဲ့သေးခြင်းကား ကျွန်တော့်ဆရာကျေးဇူးကို ကျွန်တော်သတိမရသောကြောင့် မဟုတ်ပါ။ တစ်ခါက မြားနတ်မောင် မဂ္ဂဇင်း၌ ကဗျာတစ်ပုဒ်ရေးသားခဲ့ရာတွင် ရေးသောအကြောင်း အရာမှာ သူ့အကြောင်းပင် မဟုတ်သော်လည်း ကျွန်တော်ဆရာကို သတိရသဖြင့် ထိုကဗျာတွင် 'ဆရာလေးအုန်းက' ဟူ၍ ထည့်ဖွဲ့ခဲ့ပါသေးသည်။
ဆရာအုန်းသည် ကျွန်တော့်ဆရာအဖြစ်သို့ လေးလကြာမျှရောက်ခဲ့သော ဆရာဖြစ်ပါသည်။ သို့ရာတွင် ဆရာအုန်းအား ကျွန်တော့်ဆရာအဖြစ် လေးလမျှတော်ခွင့်ရခြင်းသည် ကျွန်တော့်ဘဝအနှစ်လေးဆယ် စာ၊ အနှစ်ခြောက်ဆယ်စာမက ပြဋ္ဌာန်ပေးနိုင်သည်ဟု ကျွန်တော်ယုံပါသည်။ ဤသို့ဆိုခြင်းသည် အတိသယဝုတ္တိနှင့် အလင်္ကာမြောက်အောင် ရေးခြင်း မဟုတ်ပါ။ ကျွန်တော် ထိုအကြောင်းကို အနည်းငယ် ရေးပြပါမည်။
ကျွန်တော့်အား ကျွန်တော့်ဆရာတော် ဦးပညာကျောင်းမှ အဖေကကျောင်းနှုတ်လိုက်ချိန်မှာ (၁၉၅၂) ခုနှစ်၊ မေလလောက်တွင် ဖြစ်ပါသည်။ ထိုနှစ် နှစ်သစ်ကူးပြီးကာလ၌ ကျွန်တော်တို့ရွာတောင်ဘက်က အုတ်သျှစ်ကုန်းရွာတွင် ကျွန်တော်၏ ဘကြီးတော်သူ (ကျွန်တော်က 'အဖေကြီး' ဟု ခေါ်ပါသည်) ဦးလှဒင်က ဆရာဦးအုန်းအား ငှားရမ်း၍ သူတို့ရွာမှကလေးများကို လောကဓာတ်ပညာများ သင်ကြား ပေးစေပါသည်။ (ရွာတွင် ဘုန်းကြီးရှိသော်လည်း စာလည်း မတတ်လှ၊ တတ်သမျှလည်း မသင်ပေး၊ ဆေးသာကုသည်။) ကျွန်တော့်ဆရာ ရမည့်ကျောင်းဆရာလုပ်ခက တစ်နှစ်လျှင် စပါးတစ်စီး ဟူပါ သတည်း။
အင်္ဂလိပ်မပါ၊ မြန်မာ (၇) တန်းအောင်သော ကျွန်တော့်ဆရာအဖို့မှာလည်း သူရင်းငှားလုပ်ရသည်ထက် တော့ သက်သာသောအလုပ်ဖြစ်၍ ကိုယ့်မှာအလုပ်မရှိချိန်၌ လုပ်ထိုက်သောကိစ္စဖြစ်ပါသည်။ ထိုသို့ အုတ်သျှစ်ကုန်းကျောင်းမှာ ဆရာအုန်းကို စပါးတစ်စီးနှင့် ငှားထားသဖြင့် ကျွန်တော့်အဖေက ဦးပညာကျောင်းမှ နှုတ်ခဲ့ခြင်းဖြစ်ပါသည်။
ဆရာသည် 'အကြီးဆုံးသောကုန်းပိုင်းကို တိုက်ဟုခေါ်သည်' ဆိုသော ထိုစဉ်က ဘာမှန်းမသိသည့် စာအချို့ကိုလည်း ကျွန်တော့်အားသင်ပေးသေးပါသော်လည်း တကယ်အဓိကထား သင်ခဲ့သည်ကား ဂဏန်းသင်္ချာဖြစ်ပါသည်။ ဘုန်းကြီးကျောင်းတွင် ကျွန်တော်တတ်ခဲ့သည်မှာ အပေါင်းနှင့်အနုတ်သာ ဖြစ်သည်။ ကျွန်တော့်ဆရာ ဘုန်းကြီးက ဟတ္ထမုဋ္ဌိထားကာ ပညာဝှက်ထား၍ မတတ်ခဲ့ခြင်း မဟုတ်၊ သူကိုယ်တိုင် အမြှောက်နှင့်အစားကို မတွက်တတ်သောကြောင့် ဖြစ်ပါသည်။
ဂဏန်းသင်္ချာကို အဘယ်စာအုပ်ကို လက်စွဲပြု၍ သင်သည်ကား ကျွန်တော်မသိပါ။ အမြှောက်အစား တို့ပါ တတ်မြောက်ပြီးသော် ကျပ်၊ ပဲ၊ ပိုင်၊ တန်၊ ဟနြ္ဒိတ်၊ ကွာတ စသည့် မူမတူကိန်းများကို ပေါင်း၊ နုတ်၊မြှောက်၊ စား ပုံတို့ကို ပုစ္ဆာများနှင့်တကွ စာအုပ်ပါအတိုင်း သင်ပေးပါသည်။ မေလလောက်မှ သြဂုတ်လကုန်လောက်အထိ သင်လိုက်သောအခါ ကျွန်တော်သည် လေးတန်းကျောင်းသားတို့ တတ်အပ်သော ဂဏန်းသင်္ချာများကို ကောင်းစွာတွက်ချက်သွားနိုင်ပြီ ဖြစ်ပါသည်။ ကျွန်တော့်ကို အဖေတို့၊ အဖေကြီးတို့က သာဝတ္ထိအလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ထားပေးသောအချိန်မှာ အစမ်းစာမေးပွဲစစ်နေချိန် ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးက သုံးတန်းမှာနေဆို၍ ကျောင်းတက် ခေါင်းလောင်းထိုးသော် အတန်းခန်းထဲဝင်သွားရာ စာသင်နေသည်ကို မတွေ့ရ။ စာမေးပွဲဖြေကြရမှာ တဲ့။ ထိုအတန်းဆရာ (နောင် ကျွန်တော့် အင်္ဂလိပ်စာဆရာ) က သင်ပုန်းတွင်ရေးထားသော မေးခွန်း များကိုဖတ်ကြည့်၊ ဖြေနိုင်ကဖြေ၊ မဖြေနိုင်က ဒီအတိုင်းထိုင်နေပေါ့ကွာ ဆိုသဖြင့် ကျွန်တော့်မှာ မိဘ များက စာသင်ဖို့ ကျောင်းအပ်ပေးသွားသော်လည်း စာမသင်ရဘဲ ငုတ်တုတ်ကြီး ထိုင်နေရပါသည်။ ထိုင်နေရမှာပေါ့ခင်ဗျာ၊ ကျွန်တော့်ဆရာ ဆရာအုန်းကလည်း အဲဒီလိုမေးခွန်းတွေ ဖြေနည်းမှ သင်မပေး လိုက်နိုင်သကိုး။ သို့ရာတွင် နောက်တစ်နေ့ကျတော့ ဂဏန်းသင်္ချာမေးခွန်းများကို သင်ပုန်းမှာ တွေ့ရပေသည်။ 'မင်းဖြေနိုင်လား' ဟု ဆရာကမေး၍ ဆရာ့အားဖြေမည်ဟု ပြောကာဂဏန်းသင်္ချာ မေးခွန်းကို ဖြေခဲ့ပါသည်။
ကျွန်တော်မှတ်မိသမျှ ထိုစာမေးပွဲတွင် မမလေးဆိုသူက ပထမ၊ တင်မောင်ဆိုသူက ဒုတိယရကာ၊ ဖိုးကြည်ဆိုသူက တတိယ ရပါသည်။ စာမေးပွဲအပြီးတွင် မမလေးနှင့်တင်မောင်တို့ကို စတုတ္ထတန်းသို့ တင်ပေးလိုက်ပါသည်။ ထိုစာမေးပွဲ၌ ပထမရသူ မမလေးသည် သင်္ချာတွင် (၆၄) မှတ်ရပြီး ကျွန်တော်က (၆၅) မှတ်ရခဲ့ပါသည်။ ကျွန်တော်တို့နှစ်ယောက်သည် သင်္ချာတွင် အမှတ်အများဆုံး ကျောင်းသားများ ဖြစ်ကြပါသည်။ ယခုအခါ ထိုဒေါ်မမလေးသည် သာဝတ္ထိရသေ့တောင်ဘုရားတွင် သာသနိကအဆေက်အအုံများကို ပြုစုထိန်းသိမ်းစောင့်ရှောက်နေသူ ဖြစ်ပါသည်။) ဤအချက်ကိုကြည့် လျှင် ကျွန်တော့်ဆရာ၏ ကျေးဇူးကြီးပုံကိုခန့်မှန်း နိုင်ပါသည်။
ကျွန်တော်တို့ခေတ်တုန်းက မက်ထရစ်စာမေးပွဲ၌ တဗိုင်းဗိုင်းကျနေသူများမှာ အင်္ဂလိပ်စာနှင့် သင်္ချာညံ့ ကြ၍သာ ဖြစ်ကြပါသည်။ ကျွန်တော်သည် ဦးပညာကျေးဇူးကြောင့် မြန်မာစာလည်းမညံ့၊ ဆရာ ဦးအောင်သိန်း ကျေးဇူးကြောင့် ဂဏန်းသင်္ချာအခြေခံကောင်းများရကာ သင်္ချာတွင်လည်းမညံ့သည့် ကျောင်းသားဖြစ်ရင်းမှ စာတော်သူ ကျောင်းသားအဖြစ်သို့ ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။
အကယ်၍သာ ကျွန်တော်သည် ထိုဆရာများ၏ ကျေးဇူးမရှိခဲ့ပါသော် တက္ကသိုလ်ဝင်တန်းသို့ကား အများနည်းတူ ရောက်ချင်ရောက်မည်။ သို့ရာတွင် အင်္ဂလိပ်စာ၊ သင်္ချာညံ့သည်နှင့်ပင် တောကျေးလက် တွင် သူရင်းငှားဘဝနှင့် အရိုးထုတ်ရလောက်ဖွယ် ရှိပေသည်။ ကျွန်တော်တို့ (၁ဝ) တန်းအောင်ချိန်က ကျွန်တော်တို့နယ်တွင် (၁ဝ) တန်းအောင်သူ လက်နှစ်ဖက်မပြည့်သေးသဖြင့် ကျွန်တော်တို့မှာ သူ့ခေတ်သူ့အခါအလျောက် (မွဲပင်မွဲသော်လည်း) ဂုဏ်မငယ်ခဲ့ပါ။ ထိုသို့ဖြစ်ရခြင်းတွင် ဆရာဦးအုန်း၏ ကျေးဇူးသည်လည်း အဓိကနေရာမှ ပါဝင်သည်ဆိုရပါမည်။
ကျွန်တော့်ဆရာသည် နောင်တော် အစိုးရမူလတန်းဆရာ ဖြစ်သွားပါသည်။
ကျွန်တော့်ဆရာ အဘယ်မျှ ရိုးသနည်းဆိုသော် 'အ' သည်အထိ ရိုးသည်ဟု ဆိုနိုင်ပါသည်။ ကိုယ့် ဆရာကို 'အ' သည်ဟူ၍သုံးရသည်မှာ အစွမ်းကုန်ရိုးကြောင်း ပေါ်လွင်အောင် ဖြစ်ပါသည်။
ဆရာသည် လုပ်သက်ရင့်လာသောအခါ လက်ထောက်ဆရာအဖြစ်မှ မူလတန်းကျောင်းအုပ်ဖြစ်သည်။ သူဖြစ်သည့်ကျောင်းမှာ သာဝတ္ထိမြို့နှင့်မဝေးသော ရွာကကျောင်းတွင် ဖြစ်သည်။ လယ်ဝေးအနောက်၊ အတော်ခေါင်သည့်ရွာမျိုးတွင် ကျောင်းအုပ်ဖြစ်သူက ငွေသုံးရာယူပြီး သွားလာမှု အဆင်မပြေသော နေရာသို့ ဆရာကသွားလေသည်။ ကိုယ့်သားမယား ခေါ်သွားဖို့လည်းမလွယ်၊ ကိုယ့်လခနှင့် နှစ်အိမ် ထောင်ခွဲနေရသလို ကြာရှည်နေလို့လည်း မဖြစ်သောအခါ ဆရာသည် ကျောင်းအုပ်ရာထူးမှ လက်ထောက်ရာထူးသို့ ပြန်ဆင်းလေသည်။ မြို့နယ်ပညာရေးမှူးကို တပူပူ အပူကပ်သည်နှင့်ပင် သူ့အားကျောင်းအုပ်အဖြစ်မှ လက်ထောက်အဖြစ်သို့ မူလတန်းရာထူးအတိုင်း ပြန်ထားပေးခဲ့ရလေ သည်။
ကျွန်တော် သာဝတ္ထိတွဲဖက် အ.ထ.က ၌ ဆရာဝင်လုပ်စဉ်ဆရာသည် ပင်စင်မယူသေးပေ။ သူသည် အသက်အကြီးဆုံး ဆရာဖြစ်ပြီး၊ အငယ်ဆုံးအတန်းကိုပင် ကိုင်ရကာ ကလေးငယ်များ၏ အညစ် အကြေးကိုပါ မရွံမရှာ သုတ်သင်ပေးသောဆရာအဖြစ် ကျော်ကြားလေသည်။ ဆရာသည် အင်မတန် ရိုးသူဖြစ်ရကား တစ်ခါတစ်ရံ ဆရာ၊ ဆရာမငယ်များက နောက်ပြောင်ပြောသည်ကိုလည်း တကယ်ပင် ထင်မှတ်နေတတ်သည်။ ထို့ကြောင့် သူ့ကို တချို့ဆရာငယ်များက အပျော်အပြက် နောက်ပြောင်လေ့ ရှိသည့်အခါ ဆရာကစိတ်ဆိုးတတ်သူမဟုတ်၍ မထောင်းတာလှသော်လည်း ကျွန်တော်က သူ့အ တွက်စိတ်မကောင်း ဖြစ်မိသည်။
ကျွန်တော့်အပေါ် ကျွန်တော်က တရိုတသေ ဆက်ဆံသည်ကို မြင်ကြသည့်အခါ သူ့အားရယ်စရာ ကလေးကြီးကဲ့သို့ သဘောထားသူဆရာများက ကျွန်တော့်အား အထူးအဆန်းသဖွယ် ထင်မြင်ကြ သည်။ နောင်သူတို့ မနေနိုင်လှတော့၍ ကျွန်တော့်အား ဘာကြောင့် ဤမျှသူ့အပေါ်ရိုသေလေးစား ရပါသနည်းဟု မေးကြသော် ကျွန်တော်က ကျွန်တော့်ဆရာဖြစ်ကြောင်း ပြန်ပြောပြရသည်။ ကျွန်တော် သည် ဆရာအုန်း၏ တပည့်ဖြစ်ခဲ့ကြောင်းကို ကျွန်တော်နှင့်ခေတ်ပြိုင်သူငယ်ချင်းများပင် ကောင်းစွာ မသိကြပါ။
တစ်ခါတွင် ဆရာသည် ရွာထိပ်က ဘောလုံးကွင်းကြီးထဲ၌ ညဥ့်နက်သည့်တိုင် ကျွန်တော်နှင့်စကား ထိုင်ပြောသည်။ ထိုစဉ်ကဆရာပင်စင်ယူတော့မည် ဖြစ်သည်။ အသစ်ပြန်လုပ်ရန်လိုအပ်သည်ဆိုသော အမှုထမ်းစာအုပ်များအတွက် လိုအပ်ရာရာကို ကျွန်တော်မန္တလေးက ရှာဖွေယူလာပြီးပေးသည်။ ဆရာက ကျေးဇူးတင်၍မဆုံးပါ။ သူ့အားလုံချည်လေးတစ်ထည် ကန်တော့ဖူးသည်ကိုလည်း မမေ့နိုင် ဘဲ ပြောပြနေသည်။ ထိုညကဆရာပြောပြသော စကားတစ်ခွန်းမှာ တော်တော့်ကိုပင် အံ့သြဖွယ် ကောင်းသည်။ ဆရာက 'တို့နှစ်ယောက်တည်းတွေ့လို့ မောင်တင်ဦးကို ငါ့တပည့်ရ၊ ဘာရနဲ့ ခေါ်တာ ပါကွာ။ ဆရာလူရှေ့သူရှေ့မှာ ဆရာ့တပည့်လို့ မပြောပါဘူး' ဟု ပြောပါသည်။ ဆရာသည် ထိုမျှပင် ရိုးလှပါသည်။ ကျွန်တော့်ကို သူ့တပည့်ဟု ပြောလိုက်ပါလျှင် ကျွန်တော်ပဲ ဂုဏ်ငယ်သွားရတော့မလို အောက်မေ့နေပုံရပါသည်။
စကားပြောသော အသည်းနှလုံးဇာတ်ကား၌ ဆရာဝန်ဖြစ်သွားသော သားစိုးနိုင်ကို မိခင်ကြည်ကြည် ဌေးက သူ့သားဟူ၍ မပြောရက်သလိုမျိုးမှာ ဆရာက သူ့ဘာသာသူ ခံစားမိရော့လား မပြောတတ်ပါ ပေ။ ထိုဇာတ်ကားက ကြည်ကြည်ဌေး သရုပ်ဆောင်ရသည့် မိန်းမပျက်ဇာတ်ရုပ်နှင့် ကျွန်တော့်ဆရာ သည် အလျဉ်းမတူနိုင်ပါပေ။ သို့ရာတွင် ဆရာကား ထိုမျှပင် ရိုးလှပါပေသည်။
ကျွန်တော့်ဆရာသည် ထိုမျှရိုးလှသော မူလတန်းဆရာတစ်ယောက်ဖြစ်ရာ ဆင်းရဲနုံချာစွာနေရင်းပင် သေဆုံးသွားခဲ့ပါပြီ။
သို့ရာတွင် ကျွန်တော်ကမူ သူ့ကျေးဇူးကို မမေ့နိုင်လောက်အောင် ဖြစ်နေဆဲပါပင်။ ။
ဦးတင်ဦး (ကျူရှင်)
ရုပ်ရှင်သစ္စာ မဂ္ဂဇင်း
၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလ
No comments:
Post a Comment