Saturday, 15 December 2012

အပြောင်းအလဲကို သတိပြုမိဖို့လိုသည်


အောက်တိုဘာလ ၂၉ရက်နေ့ထုတ် The Voice Weekly တွင် မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းဝင်းနှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခု ဖတ်ရသည်။ ဖတ်ပြီးသောအခါ ရှတတ အတွေး တစ်ခု ခံစားမိ၏။ ယင်းမှာ နှစ်ပေါင်းများစွာ သန္ခေစွဲ ကျန်ရှိနေသည့် ပညာရေး စနစ်၏ အငွေ့အသက်များ မပြယ်နိုင်သေးကြောင်း တွေ့ရ၏။ ဖြေလျှင် အောင်ရမည်ဆိုသည့်စိတ်၊ သတ်မှတ် အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိဆိုသည်ထက် မည်သည့်နည်းဖြင့် ဖြစ်စေ အောင်ဖို့၊ ဘွဲ့တစ်ခုရဖို့၊ ဂုဏ်ပကာသန တစ်ခုအတွက် လိုလားတောင့်တနေသည့် စိတ်များ မပြောင်း လဲ နိုင်ကြသေးသည်ကို တွေ့နေရခြင်းပင် ဖြစ်သည်။

အရင်းစစ် အမြစ်မြေက ဆိုသကဲ့သို့ ယနေ့တက္ကသိုလ်၊ ကောလိပ် နှင့် Professional ကျောင်းများ တွင် တက်ရောက်သင်ကြားနေသည့် ကလေးများသည် မည်သို့သော ပညာရေး စနစ်များ ကို ဖြတ်သန်းခဲ့ ကြရသနည်း။ ခြုံ၍ သုံးသပ်ရလျှင် တစာစာ အလွတ်ကျက်ခဲ့ရသည့် ဘဝ။ ဆရာ၊ ဆရာမနောက်မှ ထက်ကြပ်မကွာ လိုက်ခဲ့ရသည့် စာသင် နှစ်၊ သို့မှတ်- သို့ရေး၊ သို့မေး- သို့ဖြေ စနစ်ဖြင့် အတန်းပိုင်ထံတွင် ကျူရှင် တက်နိုင်လျှင် မေးခွန်းရသည့် ကြိုးစားမှုမျိုးဖြင့် အောင်ပွဲဆင် ခဲ့ကြသူများ ဖြစ်သည်။ မိဘများကလည်း တစ်နှစ်တစ်တန်း မှန်မှန် အောင်နေသည်ကို ဘဝင် ကျ နှစ်ခြိုက်ခဲ့ကြပါသည်။ စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးသော စနစ်ဖြင့် ကြုံသော အခါ အကျ၊ အရှုံးမရှိ တန်းလုံးကျွတ် အောင်မြင်ခဲ့ကြသည်။ အရေအတွက်များ သလောက် အရည် အချင်း နည်းပါးစွာ မွေးထုတ်ခဲ့ကြရသည်။

တက္ကသိုလ် ပညာရေးကိုကြည့်လျှင်လည်း တိုင်းစွန်မြို့ဖျားတွင် ရှိသည့် ကျောင်းသို့ ဖယ်ရီစီး၍ သွားရ၏။ သို့သော်ကျောင်းသို့ရောက် မလာ။ ရုပ်ရှင်ရုံထဲ ရောက်၏။ အပန်းဖြေ ပန်းခြံ များ ရောက် ၏။ Shopping Centre များတွင်တဝဲလည်လည်။ အချို့ Chatting ထိုင်၊ အချို့ Game ဆိုင်၊ စာသင်ခန်းထဲတွင် အယောက် ၃၀၀ စာရင်း ရှိလျှင် အမှန်တကယ် တက်ရောက်သူ ၃ဝ၊ ၄ဝသာရှိခဲ့၏ ။ အချို့ ကျောင်းမလာ၊ နီးစပ်ရာမြို့နယ် တစ်ခုတွင် စု၍သင်၏။ အဝေးသင် တက္ကသိုလ်ဆိုလျှင် ပို၍ဆိုးတော့၏ ။ အသင့်ရနိုင်သည့် စာစဉ် (Assignment) များ ပုံမှန်တင်၏ ။ အပြင်ကျူရှင် တက်၏ ။ အနီးကပ် သင်တန်း ကိုးရက်၊ ဆယ်ရက် တက်ရုံဖြင့် တစ်နှစ်ပြီး၏ ။ ခပ်ညံ့ညံ့ Capacity များ တွင်တွင်ထုတ်၏ ။ ဘွဲ့ရ စာမတတ်များ တိုးပွားလာ၏

ယနေ့သည် ခေတ်ပြောင်း စနစ်ပြောင်းနေချိန် ဖြစ်သော်လည်း ရာစုနှစ်ဝက်ကျော် တစ်ပါတီ စစ်အာဏာရှင်စနစ်အောက် ရောက်ခဲ့ သည်။ အရာရာ ပွင့်လင်းမြင်သာမှု မရှိခဲ့။ စိတ်ထင်တိုင်း ကျဲခဲ့သည့် စီမံကိန်း အမျိုးမျိုးကြောင့် နိုင်ငံသည် ပညာရေး၊ လူမှုရေး၊ စီးပွား ရေး ဘက်ပေါင်းစုံ နိမ့်ကျသည့် LDC နိုင်ငံအဖြစ် ရောက်ခဲ့ရ၏။ အခြေအနေမှန်ကို သုံးသပ်ဆင်ခြင်မိ၍ နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အေးဆေးစွာ လက်ဆင့် ကမ်းနိုင်ခဲ့ကြသည်။ (မြန်မာ့နွေဦးကား ငြိမ်သက်ခဲ့၏။) နိုင်ငံတော်အား ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့ဆိုလျှင် သဘာဝသယံဇာတ အရင်း အမြစ် ကို အခြေခံ၍ မဖြစ်နိုင်။ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးအောင် မွေးထုတ်နိုင် ဖို့ လိုပါ သည်။ တစ်နည်းအားဖြင့် Capacity Building ကို ခိုင်မာ စွာ တည်ဆောက်ဖို့ လိုအပ် လာခြင်းပင် ဖြစ်ပါ သည်။

နိုင်ငံအတွင်း၌ အခြေခံ အဆောက်အဦ (Infrastructure) ထိုက်သင့်သလောက် ရှိသော်လည်း ပညာရေးစနစ်ကား များစွာ ချွတ် ခြုံ ကျနေသည်ကို တွေ့ရ၏။ ပညာရေးနှင့် ပတ်သက် ၍ အောက်တိုဘာ ၂၁ ရက်နေ့ နေပြည်တော်တွင် သတင်း မီဒီယာများနှင့် ပထမဦး ဆုံး အကြိမ် တွေ့ဆုံ ရာ၌ The Voice Weekly ၏ မေးခွန်းကို နိုင်ငံတော် သမ္မတက ဖြေကြားရာတွင် "ကျွန်တော်တို့ရဲ့ ပညာရေးဟာ ခုနကလို နောက်ကျ ကျန်နေတာတော့ အမှန်ပါ။ နောက်ကျ ကျန်ရတာ ကလည်း အကြောင်းကြောင်းတွေ ကျွန်တော်တို့ အများကြီး ရှိပါတယ်။ ဘယ်သူ့ဘယ် သူ့ကိုမှ အပြစ် တင်နေလို့လည်း ကျွန်တော်တို့ မဖြစ်ပါ ဘူး။ အပြစ် တင်နေစရာလည်း မလိုပါဘူး၊ ဘာ့ကြောင့်လဲ ဆိုတော့ ဟိုတုန်းက ဆိုလို့ရှိရင် ကျွန်တော်တို့ တက္ကသိုလ်မှာ ယေးလ်တို့၊ ဟားဘတ် တို့က ဘွဲ့ရခဲ့တဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ တော်တော်များများ ရှိပါတယ်" စသဖြင့် ပညာရေး နောက်ကျခဲ့သည်ကို မကွယ်မဝှက် ဖြေကြားခဲ့ပါသည်။

နိုင်ငံတော်ကို ခေတ်သစ်စနစ်သစ်ဖြင့် ချီတက်ရာတွင် လိုအပ် သောပြုပြင်ပြောင်းလဲရေး များသည် မဖြစ်မနေ လုပ်ဆောင်ရမည်သာ ဖြစ်သည်။ ထိုကြောင့် Reform Strategy များချမှတ် ကာ ပြုပြင် ပြောင်းလဲမှုများ ထင်သာမြင်သာ ရှိရှိ ဆောင်ရွက်မှုများ ရှိလာ၏။ ပညာရေး Reform ဟု ဆိုရလောက်သည့် အပြောင်းအလဲ များလည်း တွေ့မြင် နေရပြီဖြစ်သည်။ မြင်သာသည့် အချက် ကိုပြရလျှင် ဆေး တက္ကသိုလ် ဝင်ခွင့်ပင်ဖြစ်သည်။ ယခင်နှစ်များက တစ်နှစ်လျှင် ၂၄ဝဝ ကျော် ခေါ် ခဲ့ရာမှ ၁၂ဝဝ ဦးသာ ယခုနှစ် သတ်မှတ်ခဲ့၏ ။

ထို့ကြောင့် အမှတ် မြှင့်ခေါ်လိုက် သည့် သဘော သက်ရောက်၏။ ထို့အတူ ရန်ကုန်၊ မန္တလေးတွင် အဆင့်မြင့် စက်မှုတက္ကသိုလ်ကြီးများ ဖွင့်လှစ်တော့ မည်ဖြစ်၏။ အခြေခံရမှတ် ၄၅ဝ သတ်မှတ်၏။ လက်တွေ့တွင်မူ ရမှတ် ၅ဝဝ ကျော်သူများ အလျှောက်များ၏ ။ ရမှတ် ၄၅ဝ ဖြင့် မသေချာ။
ဆေးဝင်ခွင့် ရမှတ်ထက် ကျော်လွန်က ပထမနေရာ ရောက်သွားတော့၏ ။ ထို့ပြင် အခြား အသက်
မွေး ပညာသင် ကျောင်းများတွင်လည်း အမှတ်များ မြင့်တက်သွားသည်ကို တွေ့နိုင်မည်ဖြစ် ၏ ။ အဓိက အကြောင်းရင်းမှာ တိုင်းပြည်အတွက် လိုအပ်နေသည့် Capacity များကို ရှိသည့်အထဲမှ အကောင်းဆုံး ရွေးချယ် ညှစ်ထုတ်လိုက်ခြင်း ပင်ဖြစ်သည်။

ယင်း Reform များ၏ ရောင်ပြန်ဟပ်မှုပင် ဆိုရမည်လားမသိ။ တက္ကသိုလ်ဝင်တန်း အောင်ချက်များ သည်လည်း ပို၍ စိစစ်လာနိုင်၏။ အခြားတက္ကသိုလ်၊ ကောလိပ်များ၏ စာမေးပွဲစစ်ဆေး အကဲဖြတ်မှု၊ အောင်ချက်ရာခိုင်နှုန်း တွက်ချက်သတ်မှတ်မှု များသည်လည်း ယခင် ထုံးဟောင်း အတိုင်း မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်တော့ပေ။ အရေ အတွက် ရှိသလောက် အောင်ဖို့ မဖြစ်သင့်၊ ရှိသည့် အထဲမှ အရည် အသွေး အပြည့်အဝဆုံး ဖြစ်အောင် မွေးထုတ် ပေးနိုင်ဖို့ လိုအပ် လာ နေ သည် သာ ဖြစ်သည်။ ထို့ကြောင့် မလွဲမသွေ စိစစ် ရွေးထုတ်ရမည့် တာဝန်ရှိလာခြင်း ဖြစ်ပါသည်။

ယခုနှစ်ပိုင်း အတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် Professional ကျောင်းများတွင် တက်ရောက် သင်ကြား ခွင့် ရခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများ နောက်လေး၊ ငါးနှစ် အကြာ မျှော် မှန်းကြည့်လျှင် ရာနှုန်းပြည့် နီးပါးပြည့်ဝသည့် Capacity များကို မွေးထုတ်လာနိုင် မည်ဖြစ်သည်။ သို့သော် ယခုလောလောဆယ်တွင် မွေးထုတ်နေသည့် Capacity များကား မျှော်မှန်းသလောက် မဖြစ်နိုင်သေး။ သို့အတွက် နောက်လေး၊ ငါးနှစ် ထိုင်စောင့်နေ၍လည်း မဖြစ်။ ရှိသည့် အထဲမှ ရသလောက် ဖျစ်ညှစ် ယူရမည့်သဘောပင်။ စင်စစ် ကျောင်းသားလူ ငယ်များကို စိုးစဉ်းမျှ အပြစ်မဆိုသာ။ ခေတ်စနစ်၏ ခင်းပေးသည့် လမ်းပေါ်တွင်သာ လျှောက်ခဲ့ရသူများ ဖြစ်သည်။ သို့သော် ယနေ့ ကာလသည် အသွင်ကူးပြောင်းရေး ကာလတစ်ရပ် ဖြစ်၍ မလွဲ မသွေ ပြောင်း လဲရမည့် အခြင်းအရာ များနှင့် ကြုံဆုံရမည်သာ ဖြစ်သည်။ အမှန်တကယ်ပင် အရည်အသွေး မရှိသူ၊ စံချိန်စံညွှန်း မပြည့်မီသူ များကား နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြင့် ရင်ဆိုင်ကောင်း ရင်ဆိုင် ရနိုင်ဖွယ်ရှိ၏။ ချမှတ်ထားသည့် မူအတိုင်း အပီအပြင် ဆောင်ရွက်နေ ချိန် နှင့်လည်း တိုက် ဆိုင် နေပါသည်။ (ဤသည်မှာလည်း လွတ်လပ်သော ပညာရေး အခင်းအကျင်း၏ ရှေ့ပြေး လက္ခဏာရပ်များဟု ဆိုနိုင်ပါသည်။)

"အဆင့်မမီတဲ့ ဆရာဝန်အဖြစ် မွေးထုတ်မပေးမိဖို့ရာ တာဝန်ရှိ တယ်လို့ လုံးဝ ခံယူထားတဲ့အတွက် အမုန်းခံပြီး လုပ်သင့်တာကို မူအတိုင်းပဲ လုပ်ပါတယ်" ဆိုသည့် မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်၏ အဖြေသည် ပြည်သူတို့၏ အသက်ကို အန္တရာယ်ပြု ခြိမ်းခြောက်မည့် ဆရာဝန်
လောင်း ၁ဝဝဝ ထက် ပြည်သူ့ အသက်ကို ပိုင်ပိုင်နိုင်နိုင် ကယ်တင်မည့် အယောက် ၁ဝဝ ကို မွေးထုတ်ပေးလို သည့် စေတနာပင် ဖြစ်နိုင်ပါသည်။ (လက်ရှိ ဆေးရုံ၊ ဆေးခန်း၊ အထူးကု ဆေးရုံ အချို့တွင် တလွဲ ခွဲစိတ်မှုများ၊ မှားယွင်းကုသမှုများ၊ ချွတ်ချော်မှုများကြောင့် အသံဗလံများစွာ မကြာခဏ ကြားနေရချိန် လည်းဖြစ်သည်။)

အဓိက သတိထားရမည့်သူများမှာ ကျောင်းသူ/သားများနှင့် မိဘပြည်သူ များပင်ဖြစ်သည်။ ယနေ့ အချိန်အခါတွင် အခြေခံကျ သည့် ပညာရေး ကဏ္ဍအား အာရုံစူးစိုက်၍ ပြုပြင် ပြောင်း လဲနေ ချိန် ဖြစ်သည်။ ကျောင်းသူ/သားများ အနေဖြင့် ကလည်း ယခင်ကကဲ့သို့ ကျောင်းတက်ချင်မှ တက်၊ လက်တွေ့ခန်း ဝင်ချင်မှဝင်၊ ဆင်းချင်မှ ဆင်း ...၊ ဤသို့သော ပုံစံမျိုးဖြင့် လွယ်လွယ်ကူ ကူ အောင်မြင်နိုင် မည်မဟုတ် ဆိုသည်ကို သတိ ချပ်သင့်သည်။ မိဘများကလည်း ပညာရေးကဏ္ဍ တစ်ခုလုံးတွင် (အခြေခံ + အဆင့်မြင့်) ကြပ်ကြပ် မတ်မတ် စစ်ဆေး၊ စနစ်တကျ စိစစ်ရွေးချယ်ကာ စံမီတန်းမီ အဆင့် တစ်ခုသို့ ဦးတည်နေသည်ကို သိရှိနားလည်ရန် လိုပါသည်။ တစ်နည်း အပြောင်းအလဲကို သတိထားမိကြဖို့ လိုပါသည်။

အချုပ်ဆိုရသော် အသွင်ကူးပြောင်းရေး ကာလတစ်ရပ်တွင် အခွင့်ကြုံ အခါကြုံ၍ လှေကြုံ စီးလိုက်ရသူများလည်း ရှိနိုင်၏။ အချိုး အကွေ့တစ်ခုတွင် အပြောင်းအလဲ တစ်ခုကြောင့် ရေ ဆန် လေဆန်ကို အန်တု ဖြတ်ကျော်ရသူများလည်း ရှိနိုင်ပါသည်။ အောင်မြင်ကျော်လွှား နိုင်သူများ ရှိသကဲ့သို့ ရှုံးနိမ့်ဆုတ်ခွာ ရသူများလည်း ရှိနိုင်ပါသည်။ မည်သို့ပင် ဆိုစေ မိမိဘက်မှ ရေစုန် ကိုပဲ မျောရသည်ဖြစ်စေ၊ ရေဆန် လေဆန်ကိုပဲ လှန်တက်ရသည် ဖြစ်စေ စိုက်ထုတ်ရမည့် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ မဆုတ်မနစ်သော ကြိုးစားမှု အင်အားများဖြင့် အသင့်ပြင် ထားမည် ဆိုလျှင် အလှည့်အပြောင်း တစ်ခုကြောင့် အထိနာနိုင်မည့် ဘေးမှ ကြိုတင် ဟန့်တား ထားနိုင် မည်ဖြစ်ကြောင်း စေတနာ အရင်းခံ ၍ ရေးသားတင်ပြ လိုက်ရပါသည်။
ခင်မောင်ဌေး (ပညာရေး) ၊ The Voice Weekly
 

No comments:

Post a Comment