
ခြေထောက်ထိုးပေးလာတဲ့ ကျောင်းသားလေးရဲ့ ခြေထောက်မှာ ဘွတ်ဖိနပ်အနီရောင်လေးကို ညင်ညင်သာသာ ဝတ်ပေးလိုက်ပေမဲ့ သူမရင်ထဲမှာတော့ အမျိုးအမည်မသိရတဲ့ ဝေဒနာတစ်ရပ်ကို ခံစားနေရသလို မနေ့က ကျောင်းသားလေးတစ်ဦးက သူ့ရဲ့ထမင်းဘူးကို ခပ်ဆောင့်ဆောင့်ပေးရင်း ပြောသွားတဲ့ တီချယ်အစ်ဆားဗန့်လို့ သားရဲ့ပါပါးက ပြောတယ်ဆိုတဲ့ စကားကလည်း သူမနားထဲက မထွက်ပါဘူး
'ရင်ထဲမှာတော့ အောင့်တယ်၊ ဆရာမအနေနဲ့ လျှောက်ခဲ့တာပါ၊ အခုတော့ အောက်ခြေသိမ်း အကုန် လုပ်ပေးရတယ်' လို့ နာမည်ရ နိုင်ငံတကာကျောင်းတစ်ခုမှာ အင်္ဂလိပ်စာ မာစတာဘွဲ့ရထားသူ ဒေါ်ဟေမာန်က ပြောပါတယ်။
ဒေါ်ဟေမာန်တစ်ယောက် မနက်ကျောင်းတက်ချိန်ရောက်ရင် အပေါက်ဝမှာ လွယ်အိတ်ထွက်သယ်ရ သလို ကျောင်းသားတွေရဲ့ ဝေယျာဝစ္စတွေကိုလည်း တစ်နေကုန် လုပ်ပေးရပါတယ်။ စည်းကမ်းသတ် မှတ်ထားတာက ကျွန်မတို့ တစ်နေကုန် ရပ်နေရမယ်။ စာစစ်နေရင်တောင် မထိုင်ရဘူး။ ထိုင်မိရင် ဒဏ်တပ်တယ်။ ကျောင်းသားတွေကလည်း ကျွန်မတို့ ဆရာမတွေကို ဖိနက်ကြိုးဖြေတာကအစ ခြေထောက်ကို လှမ်းထိုးပေးလိုက်တာပဲ။ ချစ်တဲ့စိတ်နဲ့ လုပ်ပေးပေမဲ့ တစ်ခါတလေ ဆရာမက ခိုင်းဖို့ပဲ ဆိုတဲ့စကားမျိုးကို သူတို့အချင်းချင်းပြောတာကို ကြားရတဲ့အခါ အလုပ်တောင် ထွက်ချင်လာတယ်လို့ ဝဲလာတဲ့မျက်ရည်တွေကို မကျအောင် ထိန်းရင်းပြောပါတယ်။
ပြည်ပက ကျောင်းတွေကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့ ပြည်တွင်း နိုင်ငံတကာကျောင်းတွေမှာ ဒေါ်ဟေမာန်လို MA ဘွဲ့ရထားသူ၊ MSc ဘွဲ့ရထားသူ အများအပြား လက်ထောက်ဆရာမအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။ ကျောင်းမှာအများဆုံးကြုံရတာက ဆရာနဲ့တပည့်ကြား ရိုသေလေး စားတဲ့အပြုအမူ အဆက်အဆံမျိုးမရှိတာ၊ ဆရာ ဆရာမတွေက ကျောင်းသားတွေရဲ့ အောက်ခြေသိမ်း ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရတာ၊ အချို့ကျောင်းသားလေးတွေရဲ့ ရိုင်းရိုင်းပျပျ ဆက်ဆံတာကို နေ့စဉ်နဲ့အမျှ ကြုံတွေနေရတယ်လို့ အင်တာနေရှင်နယ် စကူးလ် အချို့မှာ အတန်းပိုင်ဆရာမ၊ လက်ထောက်ဆရာမအဖြစ် လုပ်ကိုင်နေသူ ဆရာမ ၁၂ ဦးက ပြောပါတယ်။
'ကျောင်းအုပ်ကြီးက ပြောတယ်၊ ပညာပေးနေတယ်လို့ မမှတ်နဲ့၊ ဝန်ဆောင်မှုပေးနေတယ်လို့မှတ်တဲ့၊ ကျွန်မတို့မြန်မာအယူအဆမှာတော့ ဆရာနဲ့ တပည့်ကြားဆက်ဆံရေးက နူးညံ့သိမ်မွေ့ပါတယ်၊ ဆရာ ဆရာမတွေကိုလဲ လေးစားပါတယ်၊ ကျွန်မတို့က ပညာသင်နေရတာနဲ့ မတူဘဲ ကလေးသွားထိန်းရတဲ့ အခိုင်းအစေနဲ့ တူလာတယ်၊ နောက်ပိုင်း ကျွန်မအလုပ်ထွက်လိုက်တယ်' လို့ အင်တာနေရှင်နယ် စကူးလ်တစ်ခုမှာ လက်ထောက်ဆရာမအဖြစ် လုပ်ကိုင်ခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်မှာ နည်းပြ ဆရာမအဖြစ် လက်ရှိလုပ်ကိုင်နေတဲ့ ဆရာမဒေါ်သီရိက ပြောပါတယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတကာကျောင်းတွေ ခေတ်စားလာခဲ့ပြီး ငွေကြေးတတ်နိုင်တဲ့ မိဘတွေ ကြားမှာ သားသမီးတွေကို အစိုးရကျောင်းတွေထက် နိုင်ငံတကာကျောင်းတွေမှာထားတာ ခေတ်စား လာပါတယ်။ နိုင်ငံတကာကျောင်းတွေရဲ့ ကုန်ကျငွေက တစ်လ ကေဂျီ (kindergarten) မူကြိုတန်းကို ကျပ်တစ်သိန်းကနေ တစ်သိန်းခွဲကြားရှိပြီး ဂရိတ် ၁၁ ဆိုရင်တော့ သိန်းဆယ်ဂဏန်းဝန်းကျင်အထိ ကုန်ကျလေ့ရှိတယ်လို့ သိပါတယ်။
'အင်တာနေရှင်နယ် ကျောင်းမှာကလေး ၁၀ တန်းလောက်ရောက်တဲ့အထိ တွက်ကြည့်ရင် မြို့လယ်မှာ ရှိတဲ့တိုက်ခန်းတစ်ခန်းစာလောက် ကုန်ကျမယ်၊ တက်နေရင်းနဲ့ မတတ်နိုင်ရင် တိုက်ခန်းရောင်းပြီး ဆက်ထားမယ်၊ ကလေးကို ပညာတတ်စေချင်တယ်၊ အင်္ဂလိပ်စာ အခြေခံကောင်းစေချင်တယ်၊ အခု ထားနေတဲ့ကျောင်းက မြန်မာစာမသင်တော့ အိမ်မှာပဲ ဆရာမနဲ့ မြန်မာစာခေါ်သင်တယ်' လို့ ရှစ်နှစ်အရွယ် သားငယ်ကို နိုင်ငံတကာကျောင်းမှာ ရွေးချယ်ထားဖြစ်ပုံကို မိခင် ဒေါ်နီလာထွန်းက ပြောပါတယ်။
နိုင်ငံတကာကျောင်းအချို့မှာ ကလေးနဲ့ဆရာမ ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့ရင် ဆရာမဘက်ကပဲ မှားပြီး အလျှော့ပေးရလေ့ရှိတယ်လို့ ဆရာမ ဒေါ်ဟေမာန်က ပြောပါတယ်။
တစ်ရက်က အတန်းထဲက ကျောင်းသားနှစ်ယောက် ရန်ဖြစ်တယ်။ ကျွန်မရှေ့မှာ စာသင်နေတယ်။ တစ်ယောက်က တစ်ယောက်ကို လက်နဲ့လှမ်းရိုက်တယ်။ အော်သံကြားလို့ ချက်ချင်းပြေးကြည့်တယ်။ နောက်နေ့ကျတော့ ကျောင်းသားမိဘနှစ်ယောက်စလုံး ကျွန်မကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကျွန်မ အသုံးမကျလို့ဖြစ်တာဆိုပြီး ရစရာမရှိအောင်ပြောတယ်။ ဆရာမကြီးက မှာထားတယ်၊ ကျောင်းသား မိဘတွေလာပြောရင် သည်းခံရမယ်၊ မှားမှား မှန်မှန် ပြန်ပြောခွင့်မရှိဘူးတဲ့။ ကျွန်မအမှားကြောင့်ဖြစ် တာ မဟုတ်ပေမဲ့ ငြိမ်ခံလိုက်ရတယ်လို့ ဆရာမဒေါ်ဟေမာန်က ပြောပါတယ်။
အမှတ်လျော့ရင်လည်း ကျွန်မတို့ အသုံးမကျတာ၊ ကလေးတွေရန်ဖြစ်လို့ ပြဿနာတက်ရင်လည်း ကျွန်မတို့ဆရာမတွေက မကြည့်လို့ဖြစ်တာ၊ ကျောင်သင်ရိုးအတိုင်း အိမ်စာပေးမိလို့ အိမ်စာပေးတာ များရင်လည်း မိဘတွေက ကျောင်းခန်းထဲအထိလာပြီး အပြစ်တင်ကြတယ်။ ကျောင်းသားတွေရှေ့မှာ ကျွန်မကို အောက်ငေါက်တာမျိုး လုပ်တာခံရတယ်လို့ ဒေါ်ဟေမာန်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံတကာကျောင်းပေါင်း ၇၀ နီးပါးရှိပြီး ကျောင်းအချို့က သက်တမ်း ၁၀ နှစ်နီး ပါးရှိနေပြီ ဖြစ်ပါတယ်။
PS Business School မှ စီအီးအို ဦးမျိုးမင်းက traditional perspective နဲ့ market perspective နှစ်မျိုး ရှိတယ်။ ရိုးရာအရဆိုရင် ကျွန်တော်တို့တိုင်းပြည်က ဆရာတွေအပေါ်ထားတဲ့ respect သိပ်များတယ်။ ဆရာပြောသမျှ မှန်တယ်ဆိုတာကို လက်ဆင့်ကမ်းခဲ့တယ်။ နှစ်စဉ် ဆရာကန်တော့ပွဲ တွေလုပ်ပြီး ဆရာတွေကို ကျေးဇူးဆပ်နေကြတုန်းပါပဲ။ Market perspective က ဝန်ဆောင်မှုနဲ့ စားသုံးသူပဲ။ ဒါပေမဲ့ မြန်မာတွေရဲ့ အမြင်မှာတော့ ဓလေ့နဲ့ပဲ ကြည့်ကြတယ်။ ရိုးရာအမြင်ကို ပြောင်းလို့မရဘူး။ ဈေးကွက်အရတော့ ပိုက်ဆံပေးရင်ပြီးပြီ၊ ဝန်ဆောင်မှုအပြည့်ပေးဆိုတာမျိုး လိုချင်တယ်။ အဲသည် ကြားမှာ ပဋိပက္ခဖြစ်လာတာပေါ့လို့ ပြောပါတယ်။
သူကပဲ ဆက်ပြီး 'ဆရာစိတ်ရှိတဲ့သူတွေက market perspective ကို လက်မခံနိုင်ကြပါဘူး၊ market perspective ကိုအတိုင်းအတာတစ်ခုထိတော့ လက်ခံပါတယ်၊ ဒါပေမဲ့ ဆရာ ဆရာမတွေရဲ့ အခန်း ကဏ္ဍကိုတော့ သေသေချာချာ သတ်မှတ်ထားရမယ်၊ နိုင်ငံတကာမှာတော့ ဆရာတွေရဲ့ အခန်းကဏ္ဍ ကိုလျှော့လာကြတယ်၊ ရိုးရာဓလေ့အရတော့ လေးစားမှုအတိုင်းအတာကိုတော့ လက်မလွှတ်သင့်ပါ ဘူး' လို့ ပြောပါတယ်။
ဆရာ ဆရာမတွေအပေါ် ကျောင်းသားကျောင်းသူအချို့ ရိုင်းပျတဲ့ အမူအရာနဲ့ ဆက်ဆံမှုတွေရှိလာ တာဟာ သူတို့နေထိုင်ရာပတ်ဝန်းကျင်နဲ့ မိဘတွေကြောင့် ဖြစ်တယ်လို့ စိတ်ပညာဌာနမှ ကထိက တစ်ဦးက ပြောပါတယ်။
အဲသည် စိတ်ပညာဌာနမှ ကထိကကပဲ 'ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ အနေအထားကြောင့် ဓလေ့ စရိုက်တွေကို ရိုက်ချိုးလိုက်သလို ဖြစ်သွားတယ်၊ ကြီးပြင်းလာတဲ့အခါမှာ ပေါင်းသင်းဆက်ဆံရေးပါ အဆင်မပြေဖြစ်သွားနိုင်ပါတယ်၊ ပေါင်းသင်းဆက်ဆံရေးကလဲ ပညာနဲ့တန်းတူအရေးကြီးတဲ့ ကိစ္စတစ် ခုပါ' လို့ ပြောပါတယ်။
ကလေးငယ်တွေရဲ့ အခြေခံစိတ်ဓာတ်မှာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေစေဖို့၊ ရိုင်းပျတဲ့ ဆက်ဆံရေးမရှိဖို့၊ အရွယ်မရောက်ခင် ပြုပြင်ပေးဖို့ လိုအပ်တယ်လို့ စိတ်ပညာဌာနမှ ကထိက ကပြောပါတယ်။
ဦးမျိုးမင်းက 'ကျောင်းက တာဝန်ရှိသူတွေလဲ ငွေမျက်နှာကိုလဲ ကြည့်တာကြည့်ပေါ့၊ ကျောင်းတွေက အပြိုင်အဆိုင်ဖြစ်လာလို့ ကိုယ့်ကျောင်းမှာ ကျောင်းသားမြဲအောင်၊ ကျောင်းသားပျော်အောင် ဝန်ဆောင်မှုတွေကို ပိုပေးကြတယ်၊ ကျောင်းဆိုတာ ပညာသင်ဖို့၊ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲ နိုင်ဖို့ပါ၊ ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားတဲ့ကလေးတွေမှာ တခြားကလေးတွေထက် ဝန်ဆောင်မှု ပိုလိုအပ်တဲ့ ပြဿနာရှိတတ်ကြပါတယ်။ ကျောင်းမှာမြဲနေဖို့ အစွမ်းကုန်သဘောကျအောင် လိုက် လျောတာမျိုး မဖြစ်သင့်ပါဘူး၊ ဆရာ ဆရာမတွေရဲ့ အခန်းကဏ္ဍကိုလဲ ဝန်ဆောင်မှုအောက်မှာ မဖျောက်ပစ်သင့်ပါဘူး' လို့ ပြောပါတယ်။
ဆရာမဒေါ်ဟောမာန်က 'ကလေးတစ်ယောက် အမှတ်လျော့သွားလို့ သူ့အမေက လာအော်သွားတာ ကို ဒီမနက်ပဲ ခံခဲ့ရသေးတယ်၊ ဒီအလုပ်နဲ့ ရေရှည်တော့မဖြစ်ပါဘူး။ တက္ကသိုလ်က ကျူတာခေါ်တာကို စောင့်နေတာပါ၊ ကျူတာမခေါ်သေးရင်လဲ ဒီလကုန်လောက် အလုပ်ပြောင်းဖို့ အလုပ်အသစ်ရှာနေ တယ်' လို့ ပြောပါတယ်။
Written by နန်းလွင်
ကုမုဒြာသတင်းဂျာနယ်
၂၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၃ ခုနှစ်
No comments:
Post a Comment