Sunday, 17 March 2013

ပဟေဠိလူသား ဆရာလေးကိုစံခင်


ငပိဖုတ် အမျှင်တန်း
ဒီမနက်
ငပိမီးဖုတ်တစ်ထုပ်
စားပွဲပေါ်ရောက်လာတယ်။
ဘယ်သူတင်သွားလဲမသိ
ဆရာလေးထမင်းချိုင့်ထဲမှာ
မျှစ်ပြုတ်နဲ့ ဆားထုတ်ကို
သူတို့လည်း မကြည့်ရက်ဖူးထင်တယ်။
မုန့်စားလွှတ်ချိန် မုန့်မစားနိုင်တဲ့ကလေးတွေ
ထမင်းစားလွှတ်ချိန် ထမင်းမစားနိုင်တဲ့ ကလေးတွက
ဆရာလေးကို ငပိတစ်ထုပ် ပေးခဲ့တယ်။

မျက်ရည်မသုတ်မိ
ပဲပြုတ်နဲ့ ငပိထုပ်ထဲက ငပိတစ်ကော်ကို
သူတို့တစ်နေရာက မျှော်ကြည့်ပြီး ပျော်နေမယ်ဆိုတာ
ဆရာလေးသိတယ်။
ဘယ်သူလဲ
နီနီလား၊ စောကပေါလား၊ ထူးသာလား၊ ဝါးဝါးလား
မမေးရက်
တံခါးဝက ပြေးထွက်သွားတဲ့
တစ်ယောက်ယောက်တော့ဖြစ်မယ်
ကျေးဇူးပါ ကလေးတို့ရယ်။
မနက်ကရောက်လာတဲ့
ပြောင်းရွှေ့အမိန့်စာဟာ
ငပိဖုတ် တစ်ကော်စာကြောင့်
စုတ်ဖြဲဖို့ ခိုင်မာသွားရတယ်။
                             နွေဦး
ကျွန်တော်ဒီကဗျာလေးကို စိတ်မကောင်းစွာနှင့် ရေးဖွဲ့ခဲ့ပါသည်။ ကွယ်လွန်သူ ဆရာလေး ကိုစံခင်ကို ရည်စူးဂုဏ်ပြုပြီး ရေးဖွဲ့လိုက်ခြင်းဖြစ်သည်။
ကျွန်တော်နှင့် ကိုစံခင်တွေ့ပုံဆန်းသည်။
၁၉၈၈ အရေးအခင်းကြောင့် ကျောင်းများ ပိတ်ခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော်က ရိုးမတောင်ခြေအနီး ရွာကြီးတစ်ရွာတွင် တာဝန်ခံကျောင်းအုပ်ဘဝနှင့် ရောက်နေသည်။ ကျွန်တော်တာဝန်ကျရာကျောင်းသည် တွဲဖက် အထက်တန်းကျောင်းဖြစ်သည်။ ၁၀ တန်းအထိရှိသည်။ အစိုးရခန့်ဆရာများက ၈ တန်းအထိရှိသည်။ ရွာမှဆွဲခန့် ဆရာ ၃ ယောက်လောက်နှင့် လက်ရှိကျောင်းမှ အလယ်တန်းပြဆရာများပေါင်းပြီး တွဲဖက် ကျောင်းလေးကို ရပ်တည်နိုင်အောင် ကြိုးစားနေကြရသည်။
ကျွန်တော်တာဝန်ကျသည့်ကျောင်းမှာ မြို့ကြီးနှင့် အလှမ်းဝေးသဖြင့် ကျောင်းအုပ်တွေ သိပ်မလာကြပေ။ လာလျှင်လည်း နာမည်သာရောက်လာပြီး လူကရောက်မလာကြ။ အကြောင်းအမျိုးမျိုးပြပြီး မြို့ပေါ်တွင် ကုတ်ကပ်နေကြတာများသည်။ ထို့ကြောင့် ကျွန်တော်လည်း တာဝန်ခံကျောင်းအုပ်ဆရာဘဝနှင့် ကျောင်းကို အုပ်ချုပ်လာခဲ့သည်မှာ တစ်ရွာလုံးက ကျွန်တော့်ကို ဆရာကြီးဟု နှုတ်ကျိုးသည်အထိ ဖြစ်ခဲ့ရသည်။
တစ်နေ့ သစ်တောဌာန ယူနီဖောင်းများနှင့် သစ်တောအရာရှိနှစ်ယောက်၊ တိုက်ပုံနွမ်းနွမ်း ပုဆိုးတိုတိုဝတ် ထားသည့် ကျွန်တော့်အရွယ်လောက်လူတစ်ယောက် ရုံးခန်းရှေ့ကိုရောက်လာကြသည်။
“ဆရာကြီး ဝင်ခွင့်ပြုပါ”
သစ်တောအရာရှိတစ်ယောက်က ရုံးခန်းထဲ ဝင်ခွင့်တောင်းလိုက်သည်။ ပြီးတော့ သူတို့ တစ်ဦးချင်း မိတ်ဆက် ကြသည်။ ပုဆိုး၊ တိုက်ပုံနှင့်လူက ကိုစံခင်ဟုသိရသည်။
“ဆရာကြီး ဒါ ကိုစံခင်ပါ။ ကျွန်တော်တို့ တွဲဖက်ကျောင်းလေးမှာ ဆရာခန့်ဖို့ခေါ်လာတာ”
သူတို့က ကျွန်တော့်ရွာနှင့် နောက်ထပ် နေ့ဝက်လောက်သွားရသော တိုက်ကြီးစခန်းရွာမှဖြစ်သည်။ ထိုရွာသည် ရိုးမတောနှင့် ကပ်နေပြီဖြစ်သည်။ တိုက်ကြီးရွာအနီးတွင် ဆင်စခန်းရှိသည်။ မိုးတွင်း သစ်ထုတ်ချိန်တွင် တောင်ငူ၊ ညောင်လေးပင်ဘက်မှ ဆင်များဖြင့် မိသားစုလိုက် ချောင်းဖျားဟုခေါ်သော ဆင်စခန်းသို့ တက်လာကြသည်။ သူတို့ဆင်စခန်းတွင် မိသားစု စုစုပေါင်း ၆၀ ခန့်ရှိသည်။ တစ်မိုးတွင်းလုံး သစ်ထုတ်လုပ်ငန်း ခွင်ဝင်ကြရသဖြင့် မိသားစုလိုက်ပြောင်းလာရသော်လည်း သူတို့သားသမီးများအတွက် ကျောင်းမရှိ၊ စာသင်မည့် သူမရှိ။
သစ်တောအရာရှိတစ်ယောက်က ထိုဆင်စခန်းမှ ကျောင်းနေအရွယ် ကလေး ၁၅ ယောက်ခန့်နှင့် တိုက်ကြီးရွာ အတွင်းရှိ ကျောင်းသား ၁၀ ယောက် လောက်ပေါင်းကာ တိုက်ကြီးရွာထဲတွင် ကျောင်းတစ်ကျောင်း စီစဉ်ပေးသည်။ သစ်ဝါးပေါသောအရပ်ဖြစ်သဖြင့် တစ်ကျောင်းလုံးကို ကျွန်းတွေနှင့်ချည်းဆောက်ထားသည်။
ထိုမူလတန်းကျောင်းလေးကို အစိုးရကဖွင့်ပေးခြင်းမဟုတ်။ အစိုးရကဖွင့်လျှင်လည်း ဤကျောင်းသို့ လာနိုင်သည့်ဆရာရှိမည်မထင်။ မြို့နှင့်အလှမ်းဝေး         ရုံမက ငှက်ဖျားထူပြောသောအရပ်ဖြစ်သဖြင့် တော်ရုံဆရာ ဆရာမ လာနိုင်မည်မထင်ဟု ပြောခြင်းဖြစ်သည်။
ထိုကျောင်းလေးကို ကျွန်တော်တို့ကျောင်းတွင် တွဲဖက်ကာ တွဲဖက်မူလတန်းကျောင်းလေးအဖြစ် ဖွင့်ပေးထား သည်။ ကျွန်တော်ကိုယ်တိုင် စာမေးပွဲအချိန်များတွင် ထိုကျောင်းသို့သွားပြီး စာမေးပွဲစစ်ပေးရသည်။ ယခင်က ကျောင်းဆရာဟူ၍ သတ်သတ်မှတ်မှတ်မရှိ။ ရွာသို့ရောက်လာသော သစ်တောဝန်ထမ်းများက ကြုံသလို စာပြပေးကြသည်။ ကျွန်တော်က တောအုပ်ကြီးက သီးခြားဆရာ မခန့်ပေးလျှင် ကျောင်းကို ဖြုတ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်သဖြင့် ယခုလို ဆရာတစ်ဦးကို ခေါ်လာခဲ့ခြင်းဖြစ်သည်။
ကိုစံခင်နှင့် စကားပြောကြည့်တော့မှ သူသည် ပညာတတ်တစ်ယောက်၊ သာမန်ပညာတတ်တစ်ယောက်ထက် ပိုတော်သူဟု ခန့်မှန်းမိသည်။ သူသည် ၁၉၈၈ အရေးအခင်းတွင် ရန်ကုန်၌ မည်မျှပါဝင်လှုပ်ရှားခဲ့သည် တော့မသိ။ ယခု ဤမျှဝေးလံသောရွာသို့ မြို့ကြီးမှ ပြေးလာသူဖြစ်ကြောင်း ရိုးသားစွာဝန်ခံရုံကလွဲပြီး သူ့ဘွဲ့က ဘီအေဆိုတာလောက်ပဲသိရသည်။ ကျွန်တော်က သူ့ကို မူလတန်းတွင် အခက်ဆုံးဖြစ်သည် သူငယ်တန်းသို့ ခေါ်သွားပြီး သူ့အရည်အချင်းကို စမ်းသပ်လိုက်သည်။
ကိုစံခင်သည် သူငယ်တန်းသို့ဝင်သွားချိန်တွင် တာဝန်ကျဆရာမကို ကျွန်တော်က လက်ပြပြီး အပြင်ထွက်ခိုင်း လိုက်သည်။ ကိုသာဒင်က မမ ဝဝ ထထ က ကဗျာကို ဆိုလိုက်သည်။ ကလေးတွေကို လိုက်ဆိုစေသည်။ ပြီးတော့ သီချင်းလိုတိုင်ပေးသည်။ နောက် သူကိုယ်တိုင် အတန်းရှေ့တွင် ကပြပြီးသင်နေသည်။ ကလေးတွေ တပျော်တပါးလိုက်ကပြီး မမ ဝဝ ထထကကို သံပြိုင်လိုက်ဆိုပြီး ကနေကြသည်။ ကိုစံခင်သည် အသံလည်း ကောင်း၊ အကလည်းကောင်း၊ စည်းရုံးရေးလည်းကောင်းသည်။ အခြားအတန်းများကပါ စာမသင်နိုင်ပဲ သူ့ကို ကြည့်ပြီး ပျော်ပျော်ပါးပါး ကဗျာကို သီချင်းလို လိုက်ဆိုကြသည်။ ဤကျောင်းမှ ဆရာမတွေ ကဗျာကို သူ့လို မသင်နိုင်ကြသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။ ကျွန်တော်က ကိုစံခင်ကို ချက်ချင်းဆရာခန့်ရန် ထောက်ခံ လိုက်တော့သည်။
ကိုစံခင်ကို ဆွဲခန့်အဖြစ် တိုက်ကြီးကျောင်းတွင် ခန့်လိုက်သော်လည်း ရွာက ဆင်းရဲသဖြင့် လစာထောက်ပံ့နိုင် ရန် အကြောင်းမမြင်။ ရွာသားတွေက တစ်မိုးတွင်းလုံး တောတိုးပြီး သစ်ဝါးခုတ်နေကြသည်။ ရွာထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများလောက်သာ ကျန်ခဲ့သဖြင့် ကိုစံခင်အတွက် စားဝတ်နေရေးခက်ခဲပေ လိမ့်မည်။ ဤအကြောင်းကို ကျွန်တော် သစ်တောအရာရှိများနှင့် ဆွေးနွေးကြသည်။ သစ်တောအရာရှိက ကိုစံခင်ကို သစ်တောဌာန၏ ပဲ့ထောင်စက်မောင်းရာထူးကို တရားဝင်ခန့်ပေးရန် သဘောတူလိုက်သည်။ သူ့ကို သစ်တောဝန်ထမ်းအဖြစ် ခန့်ထားပြီး ကျောင်းဆရာလုပ်ခိုင်းရန်ဖြစ်သည်။ သစ်တော ဝန်ထမ်းလုပ်တော့ ရိက္ခာ၊ ဆန်၊ လစာတွေရမည်။ ကိုစံခင်ကလည်း
“ဆရာကြီး ကျွန်တော် အိပ်ဖို့နဲ့ စားဖို့လောက်ရရင် တော်ပါပြီ။ ကိစ္စမရှိပါဘူး” ဟုပြောသည်။
ကိုစံခင်နှင့် သစ်တောဝန်ထမ်းများ ကျောင်းထဲမှ ထွက်ခွာသွားသည်ကို ကျွန်တော် ပြတင်းပေါက်မှ ငေးကြည့်ရင်း ကိုစံခင်ကို မမှာလိုက်မိသည့် စကားအတွက် စိုးရိမ်နေမိသည်။ ကိုစံခင် အအိပ်၊ အနေ၊ အစား သတိထားရန် သတိမပေးလိုက်မိ။ နှစ်စဉ် တိုက်ကြီးစခန်းမှ ငှက်ဖျားဖြင့်ဆုံးသူတွေမနည်း။ ကျွန်တော် တာဝန်ကျရာရွာတွင် တိုက်နယ်ဆေးရုံရှိသဖြင့် တိုက်ကြီးမှပြန်လာလျှင် ငှက်ဖျားဖြင့် ဆေးရုံတက်ရပြီး ကွယ်လွန်သွားသူတွေကို တွေ့မြင်နေရသောကြောင့် ကိုစံခင်အတွက် စိုးရိမ်မိသည်။
ကိုစံခင်သည် တစ်လတစ်ခါလောက် ကျွန်တော့်ထံ စာရေးလေ့ရှိသည်။
သူ့ကျောင်းသားတွေ လိမ္မာသည့်အကြောင်း၊
ဖတ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ ပို့ပေးရန်၊
သတင်းစာအဟောင်းနှင့် ဖတ်စရာ စာအုပ်လေးများ ပို့ပေးရန်စသည့် စာတိုလေးတွေနှင့် ကျွန်တော့်ကို ဆက်သွယ်လေ့ရှိသည်။
ဤသို့ဖြင့် ဖေဖော်ဝါရီလ အတန်းတင်စာမေးပွဲစစ်ဆေးပေးရန် အချိန်ရောက်လာသည်။ စာမေးပွဲကို တစ်ချိန်တည်း တစ်ပြိုင်တည်း ရွာနှင့်အတူ စစ်ဆေးပေးရမည်ဖြစ်သဖြင့် တိုက်ကြီစခန်းသို့ စာမေးပွဲသွားစစ်ရမည်။ ဆရာတွေကို တာဝန်ပေးသော်လည်း မည်သူမျှ မသွားချင်ကြပေ။ သို့ဖြစ်ရာ ကျွန်တော်ကိုယ်တိုင် တိုက်ကြီး စခန်းကို စာမေးပွဲသွားစစ်ရတော့သည်။ ကျွန်တော်နှင့်အတူ မူလတန်းပြ ဆရာလေးတစ်ယောက်ကို အဖော် ခေါ်သွားရသည်။ မည်သည့်နေ့တွင် စာမေးပွဲလာစစ်မည်ကိုလည်း ကိုစံခင်ထံ အကြောင်းကြားလိုက်သည်။
စာမေးပွဲသွားစစ်မည့်နေ့တွင် နံနက် ၄ နာရီလောက်ထပြီး ကျွန်တော် ကျောင်းဝင်းထဲရှိ အမှိုက်များကို မီးရှို့နေစဉ် ဆင်အော်သံတွေ၊ ခလောက်သံတွေ ကြားရသည်။ ကျွန်တော်က ကျောင်းဝင်းရှေ့ကို ထွက်ကြည့် လိုက်တော့ ဆင်နှစ်ကောင်နှင့် ဆင်ထိန်းများကို အမှိုက်ပုံမီးရောင်ဖြင့် မြင်ရသည်။
“ဆရာကြီးလားဝေး”
“အေး … ဘယ်သူတွေလဲဟ”
“တိုက်ကြီးစခန်းက ဆရာကြီးတို့ကို လာကြိုတာပါ”
ကိုစံခင်က မနက်ဖြန် ကျွန်တော်တို့စာမေးပွဲစစ်လာမည်ကို ဆင်ဖြင့် အကြိုလွှတ်လိုက်ခြင်းဖြစ်သည်။ ဤမျှ လောက်ဆိုလျှင် ကျွန်တော့ဆရာ၏ အရည်အချင်း၊ စည်းရုံးမှုနှင့် အနေအထားကို ခန့်မှန်းလို့ရသွားပြီ။
ကျွန်တော်က ကျောပိုးအိတ်တစ်လုံးနှင့် ဆင်စီးရန် ပြင်ဆင်လိုက်သည်။ တစ်သက်နှင့်တစ်ကိုယ် ဆင်တစ်ကြိမ်မျှ မစီးဖူးသဖြင့်လည်း စိတ်လှုပ်ရှားမိသည်။ ဆင်ဝပ်ပေးသော်လည်း ဆင်ပခက်ထဲသို့ ခက်ခဲစွာ တက်ရသည်။ ကျွန်တော်တို့ရွာမှ ဝေလီဝေလင်းအချိန်တွင် ထွက်ခဲ့ကြသည်။
ရွာအနီး မြေပြန့်တွင် ဆင်စီးရသည်မှာ ပြဿနာသိပ်မရှိသော်လည်း ရွာမှအထွက် ချောင်းထဲဆင်း၊ တောထဲဝင်၊ တောင်ကိုပတ်တော့မှ ဆင်ကို ကျွန်တော်ရပ်ခိုင်းရတော့သည်။ ဆင်ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဒုန်းခနဲ ဆောင့်သည့်ဒဏ် ကျွန်တော်မခံနိုင်။ ရင်ခေါင်းတွေအောင့်လာသည်။ ပခက်ခဲတွင် ဆီးဖြူသီးကို စကောထဲထည့် လှိမ့်သလို မခံစားနိုင်သဖြင့် ဆင်ထိန်းတို့နှင့်အတူပါလာသည့် လေးတန်းကျောင်းသားလေးကို လမ်းပြခိုင်းပြီး ဆင်တွေပေါ် ကြောပိုးအိတ်တင်ပေးကာ ရှေ့မှလွှတ်လိုက်သည်။
ထိုနေ့ နေ့လည် ၂ နာရီမှ တိုက်ကြီးစခန်းသို့ရောက်သည်။ ကျောင်းသားးလေးက ကျောင်းကို တိုက်ရိုက်ခေါ် သွားသည်။ ကျွန်တော်ကျောင်းကို တွေ့လိုက်ရာ အတော်လေးအံအားသင့်သွားသည်။ တစ်ကျောင်းလုံး ကျွန်း အတိဖြင့် ဆောက်ထားသည်။ ၁၀ ပေ × ပေ ၃၀ ခန့်ရှိမည်။ တစ်ထပ်ဆောင်မြင့်မြင့်လေးဖြစ်ပြီး အင်ဖက်တွေ မိုးထားသည်။ ကျောင်းဝင်းလေးက ကျဉ်းသော်လည်း သန့်ရှင်းနေသည်။
“ဆရာကြီးတို့ ရောက်လာပြီလား”
ကိုသာဒင်ကျောင်းပေါ်မှ ပြေးဆင်းလာသည်။
ကျောင်းပေါ်ကိုရောက်တော့ ပိုပြီး အံအားသင့်သွားရသည်။ ကျွန်တော်ပို့ပေးလိုက်သည့် နိုင်ငံတော်မြေပုံ၊ ကမ္ဘာ့ မြေပုံတွေအပြင် သင်ထောက်ကူကားချပ်များကို နေရာအနှံ့ကပ်ထားသည်။ ကျောင်းနောက်တွင် အဖီလေး တစ်ခုချထားသည်။ ထိုအဆောင်လေးတွင် ကိုစံခင်နေသည်။
ညဖက်တွင် ကျွန်တော်တို့ကို ထမင်းပြင်ကျွေးသည်။ ထမင်းက သူကိုယ်တိုင် ကျောင်းတွင်ချက်သည်။ ဟင်းကို ကျောင်းသားလေးတွေက ချိုင့်လေးတွေနှင့် လာပို့သည်ကို သတိထားလိုက်မိသည်။
ညစာအတွက် ထမင်းဝိုင်းကား ဘာဟင်းတွေမှန်းမသိ စုံလှသည်။ ကိုစံခင်မိတ်ဆက်ပေးတော့ မျက်လုံးပြူး သွားရသည်။ ဆင်သားခြောက်၊ မျောက်ဦးနှောက်၊ မျောက်ချေးခါး၊ ချီးပိုးကျော်၊ ပဒူကျော်၊ ပျားသလက်၊ ပိန်းဥ ဟင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု သူပြောသွားသည်။ ကျွန်တော်ကတော့ အလိုလို ရင်ထဲပျို့တက်လာသည်။ ကိုစံခင်က ကောက်ခါငင်ကာ ကျွန်တော့်ကို
“ဆရာကြီး နည်းနည်းလောက်ချဦးမလား” ဟု လက်မကို ပါးစပ်နှင့်တေ့ကာ မော့ပြသည်။ သူအရက်သောက်ရန် ပြောသည်ကို ကျွန်တော်သဘောပေါက်လိုက်သည်။
“ကိုစံခင် ခင်ဗျား ဒီမှာ ဒါတွေကို လုပ်နေသလား”
“နည်းနည်းပါးပါးပါ ဆရာကြီးရဲ့။ ငှက်ဖျားဒဏ် ခံနိုင်တယ်ဆိုရုံပေါ့”
“မဆိုင်ပါဘူးဗျာ။ အရက်သောက်တာနဲ့ ငှက်ဖျားဒဏ် ခံနိုင်တာနဲ့”
ကျွန်တော်မကြိုက်မှန်းသိသဖြင့် ကိုစံခင် နောက်ဖေးအဖီလေးထဲဝင်သွားသည်။ သူပြန်ထွက်လာတော့ အနံ့လေးပါလာသည်။ သူတို့တောအရက်အနံ့က စူးရှလှသည်။
ကျွန်တော်သည် ထမင်းဝိုင်းကို ဟန်လုပ်ပြီးစားနေရသော်လည်း မြိုမကျ။ အများဆုံး စားဖြစ်သည်က ငပိဖုတ်နှင့် ငါးခြောက်ဖုတ်ဖြစ်သည်။ သူတို့ရွာတွင် အကောင်းဆုံးဆိုသည့်ဟင်းများနှင့် ဧည့်ခံသော်လည်း ကျွန်တော်မြို မကျမိ။
စားသောက်ပြီး စာမေးပွဲအကြောင်း၊ သူသင်ထားသည့်အကြောင်းများကို စစ်မေးရသေးသည်။ အိပ်ချိန်တွင် ကျွန်တော်က ကျောပိုးအိတ်ထဲမှာ စစ်ခြင်ထောင်ကိုထုတ်လိုက်သည်။ ကျွန်တော်သည် ချောင်းဖျားဒေသတွင် ဘယ်နေရာသွားသွား စစ်ခြင်ထောင်တစ်လုံးဆောင်သွားသည်။ ခြင်ကိုက်မည်ကို စိုးရိမ်သဖြင့် ခြင်ထောင်ဖြင့် သာအိပ်လေ့ရှိသည်။ ထို့ကြောင့်လည်း ယနေ့တိုင် ငှက်ဖျားဒဏ်ကို တစ်ကြိမ်မျှ မခံစားခဲ့ရ။ ကိုစံခင်ကား သူ့ အဖီလေးထဲတွင် ဒီအတိုင်းကွေးကွေးလေး အိပ်နေသည်ကို တွေ့လိုက်ရသည်။
နောက်တစ်နေ့တွင် စာမေးပွဲစစ်သည်။ ကျောင်းသားတွေ ဖြေဆိုမှုကိုကြည့်ပြီး ကိုစံခင် ကြိုးစားပမ်းစား သင်ထားသည်ကိုလည်း ချီးကျူးမိသည်။ စာမေးပွဲအပြီးတွင် ရွာလူကြီးများ သစ်တောအရာရှိများနှင့် အစည်း အဝေးလုပ်သည်။ သူတို့ရွာတွင် ကျောင်းလည်းရှိပြီ၊ ကျောင်းသားလည်း ရှိပြီဖြစ်သဖြင့် ကျောင်းကို တရားဝင် အစိုးရကျောင်းဖြစ်ရေးအတွက် ကျွန်တော့်ကို ပညာရေးဌာနသို့ လျှောက်ထားပေးရန် တောင်းဆိုကြသည်။
“ခင်ဗျားတို့ကျောင်းက အစိုးရကျောင်းဖြစ်သွားရင် ကိုစံခင် အလုပ်ပြုတ်သွားမှာပေါ့” ဟု ကျွန်တော်ကပြော လိုက်သည်။
“ဟာ ဆရာကြီးနှယ် ဆရာလေးကိုတော့ ဘယ်အဖြုတ်ခံနိုင်မလဲ။ ဆရာကြီးပဲ ဒီကျောင်းမှာ ဆရာဖြစ်အောင် ကြိုးစားပေးပေါ့”
ကျွန်တော်က ကျွန်တော်မလုပ်နိုင်သော ကိစ္စဖြစ်သဖြင့် မယုတ်မလွန်ဝန်ခံခဲ့ပြီး ပြန်လာခဲ့သည်။
သို့သော် တစ်နွေလုံး တိုက်ကြီးစခန်းတွင် တရားဝင်ကျောင်းရရေးအတွက် မြို့တွင် ကျွန်တော်လုံးပမ်းပေးရ သည်။ အာဏာပိုင်တွေနှင့် ဝင်တွေ့သည်။ နယ်မြေအခြေအနေကို ပြောပြရသည်။ ဓာတ်ပုံအထောက်အထား တွေပြရသည်။ ပညာရေးဌာနမှ တာဝန်ရှိသူများကို ဆွေးနွေးပြောပြရသည်။
ကျောင်းကလည်းအသင့်၊ ကျောင်းသားတွေကလည်းအသင့်၊ သစ်တောဝန်ထမ်းများနှင့် ဆင်စခန်းမှ မိသားစု များအတွက်ပါ ထောက်ထားပြီး ကျောင်းကို အစိုးရက အသိအမှတ်ပြုကာ အခြေခံပညာ  မူလတန်းကျောင်းခွဲမှ ကျောင်းအဆင့်ကိုတိုးမြှင့်ပေးလိုက်ကြောင်း စာထွက်လာသည်။ ကျွန်တော်ပျော်လိုက်သည်မှာ ပြောမပြနိုင် လောက်အောင်ပင်။ ကိုစံခင်ကိုလည်း မြို့သို့ချက်ချင်းခေါ်ပြီး ကျောင်းဆရာလျှောက်ခိုင်းရသည်။ ထိုဒေသသို့ မည်သူမျှ မသွားချင်သဖြင့် ကိုစံခင် ထိုကျောင်းတွင်ပင် မူလတန်းပြရာထူး ပြန်ရသည်။ သို့သော် ကျောင်းအုပ် ကတော့ မခန့်နိုင်သေး။ ခန့်လျှင်လည်း သွားနိုင်မည်မထင်။ သို့ဖြင့် ကိုစံခင်သည် သူပဲကျောင်းအုပ်၊ သူပဲ မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းရတော့သည်။
ဤသို့ဖြင့် ၂ နှစ်ခန့်ကြာသွားသည်။ ထိုအချိန်အထိ မူလတန်းကျောင်းအုပ်ကို တိုက်ကြီးစခန်းသို့ မပို့နိုင်သဖြင့် ကျွန်တော်ကပဲ တွဲဖက်အုပ်ချုပ်ပြီး စာမေးပွဲသွားစစ်ပေးနေရသည်။ ကိုစံခင်၏စေတနာကို ရွာသားတွေ အသိ အမှတ်ပြုကြသည်။ စက်မောင်းအဖြစ် သစ်တောမှထောက်ပံ့သောလစာ၊ ရွာမှထောက်ပံ့ကြေးအနည်းငယ်၊ မူလတန်းပြဆရာလစာဖြင့် မပူမပင်နေထိုင်ရကြောင်းလည်း ကျွန်တော့်ထံစာရေးလာသည်။
နောက်ပိုင်း ကျွန်တော့်တွဲဖက်ကျောင်းမှ ဆရာမလေးတစ်ယောက်ကို ရာထူးတိုးဖြင့် တိုက်ကြီးစခန်းသို့ မူလတန်းကျောင်းအုပ်အဖြစ်ပို့လိုက်နိုင်သည်။ ဆရာမလေးက တိုက်ကြီးစခန်းတွင် အစ်ကိုဖြစ်သူက တာဝန်ကျ နေသောကြောင့် ထိုရာထူးကို လက်ခံပြီး တိုက်ကြီးစခန်းသို့ ရာထူးတိုးပြောင်းသွားသည်။ ကိုစံခင်ကတော့ ကျွန်တော့်ရွာသို့ လာချင်ကြောင်း၊ ဖြစ်နိုင်လျှင် တွဲဖက် ၉ တန်းနှင့် ၁၀ တန်းတို့ကို စာသင်ပြလိုကြောင်း၊ ဆရာမလေးလည်း ရောက်လာသဖြင့် သူစိတ်ချကြောင်း၊ ဆရာဖြစ်သင်တန်းများကိုလည်း တက်ချင်ကြောင်း ပြောသဖြင့် သူ့ အပြောင်းအရွှေ့လျှောက်လွှာကို ကျွန်တော်တင်ပေးလိုက်သည်။ သူ့ကို ကျွန်တော်တို့ တွဲဖက်ကျောင်းသို့ ပြောင်းရွှေ့မိန့် ကျလာသောအခါ အမြန်ပို့လိုက်သည်။ သို့သော် ကိုစံခင် ကျွန်တော်တို့ ကျောင်းသို့ ရောက်မလာ။ နောက်ဘယ်တော့မှလည်း ကျွန်တော့်ထံ အဆက်အသွယ်မလုပ်တော့။
စိတ်ပူသဖြင့် တစ်နေ့ ပဲ့ထောင်ကြုံနှင့် တိုက်ကြီးစခန်းကို လိုက်သွားမိသည်။ ကိုစံခင်အကြောင်း ကြားရသည်မှာ စိတ်မကောင်း။ ငှက်ဖျားဒဏ်ဖြင့် အိပ်ယာထဲလဲနေကြောင်း၊ နေမကောင်းသည့်ကြား၊ ငှက်ဖျား တက်နေသည့် ကြားက စာဝင်သင်နေသဖြင့် မနည်းတောင်းပန်ပြီး နားခိုင်းထားရကြောင်း ကျောင်းအုပ်ဖြစ်နေသည့် ကျွန်တော့်တပည့် ဆရာမလေးကပြောသည်။
ကိုစံခင်အိပ်ယာထဲတွင် ကယောင်ကတမ်းပြောပြီး ညည်းနေသည်။ အခြေအနေကို အားမရသဖြင့် ကျွန်တော် တိုက်နယ်ဆေးရုံကြီးသို့ ပြန်ခေါ်ရန် စီစဉ်ရသည်။ ညတွင်းချင်း ပဲ့ထောင်ကို မီးထိုးကာ ဆင်းလာကြသည်။ ကိုစံခင်ကတော့ ပဲ့ထောင်ပေါ်တွင် ကယောင်ကတမ်း စာတွေသင်နေသည်။
စိတ်မကောင်းခြင်းများစွာဖြင့် မျက်ရည်မကျမိအောင်ထိန်းကာ သူ့လက်ကို ဆုပ်ကိုင်ပြီး အားပေးလာသော်လည်း သူကျွန်တော့်ကိုမသိ။ ပါးစပ်မှလည်း “အမေ” ဟုခေါ်ကာ ညည်းနေရှာသည်။ ကိုစံခင် တိုက်နယ်ဆေးရုံ မရောက်လိုက်ပါ။ လမ်းတွင် အသက်ပျောက်သွားရှာသည်။ ဖြူဖပ်ဖြူယော်ဖြစ်ကာ အေးစက်နေသည့် သူ့ လက်က ကျွန်တော့်ကို အတင်းဆွဲဆုပ်ထားသဖြင့် အတော်လေးဖြေယူရသည်။ ကျွန်တော့်ရဲဘော်ကြီးအတွက် ကျွန်တော် မျက်ရည်ကျရုံကလွဲပြီး ဘာမျှမတတ်နိုင်။
သူ့အကြောင်းဘာမျှ ဂဃနဏမသိရသဖြင့် ဆွေမျိုးတွေနှင့်၊ သူနောက်ဆုံးခေါ်သွားသည့် အမေဆိုသည်ကို လည်း ဘယ်မှာရှာရမှန်းမသိ။ ဆေးရုံတွင် သူ့အလောင်းကို ဆရာဝန်ကစစ်ဆေးပြီး ငှက်ဖျားကြောင့်ဟုမှတ် ချက်ချကာ သေစာရင်းထုတ်ပေးသည်။ ကျွန်တော်နှင့် ဆရာဆရာမများ၊ ရွာခံများ၊ ကျောင်းသားများ စိတ် မကောင်းစွာဖြင့် သူ့အလောင်းကိုမြေချပေးလိုက်ကြသည်။ သူ့ရွာတွင်ဆိုလျှင် ကျောင်းသားများ အုန်းအုန်းထ ပြီး ငိုကြွေးပေလိမ့်မည်။ အခြေအနေအရ သူ့အလောင်းကို တိုက်ကြီးစခန်းသို့ ပြန်ယူရန်လည်း မဖြစ်နိုင်သဖြင့် ကျွန်တော်တို့ရွာတွင်ပင် သင်္ဂြိုဟ်ပေးလိုက်ရသည်။
ရက်လည်နေ့တွင် သူစာသင်ခဲ့သော တိုက်ကြီးစခန်းသို့ ကျွန်တော်တို့သွားပြီး အမျှအတမ်းဝေပေးကြသည်။ ကျောင်းသားတွေ ထိန်းမနိုင်သိမ်းမရ ငိုကြသည်။ ရွာသားများနှင့် သစ်တောဝန်ထမ်းတွေ မျက်ရည်ကျကြသည်။
ကျွန်တော်သူအိပ်ခဲ့သည့် အဖီလေးထဲသို့သွားပြီး သူ့ပစ္စည်းလေးတွေကို သွားစစ်ဆေးမိသည်။ သူ့ ကျွန်း သေတ္တာလေးထဲတွင် ကျွန်တော့်ဆီလာစဉ်ကဝတ်ထားသော တိုက်ပုံနွမ်းလေးအောက်မှ ဒိုင်ယာရီစာအုပ် လေးတစ်အုပ်ကို တွေ့ရသည်။ ထိုဒိုင်ယာရီ စာအုပ်ထဲတွင် အကြောင်းအရာတွေ အတော်များများ ရေးထား သည်။ စာအုပ်နောက်ဆုံးမှ ဓာတ်ပုံတစ်ပုံထွက်ကျလာသဖြင့် ကျွန်တော်ကောက်ကြည့်လိုက်သည်။ ရုပ်ချောချော အမျိုးသမီးတစ်ဦး ကလေးငယ်လေးတစ်ယောက်ကိုပွေ့ထားပြီး ဘေးတွင်ရပ်နေသည်မှာ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး ကိုစံခင်ဖြစ်နေသည်။ ဓာတ်ပုံနောက်တွင် “ချစ်ဇနီးလင်းနှင့် သားလေး” ဟုရေးထားသည်။ သေသည်အထိ ဘဝကို လျှို့ဝှက်ထားပြီး သေရွာပါအောင်ယူသွားသော ဆရာလေး ကိုစံခင်သည် ကျွန်တော့်အတွက်တော့ ပဟေဠိတစ်ပုဒ်သာဖြစ်သည်။
Written by မောင်ခေတ်
မောက္ခမှ ကူးယူဖော်ပြသည်

No comments:

Post a Comment