Thursday, 25 October 2012

ပညာလိုပါသလား ဒေါက်တာခင်မောင်ညို

ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာ သွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။
" ကျောင်းသွားတဲ့ကလေးတွေတော့ အများကြီးပါပဲလား" "လူငယ်တွေ ဘယ်ရောက်သွားကြသလဲ" မောင်ဘသစ်မေးခွန်းထုတ်နေမိသည်။ "သူတို့တစ်ဖက်နိုင်ငံသွားအလုပ် လုပ်နေကြတယ်" "အင်း" "ဒီလိုဖြစ်နေကြတာတော့ ကြာပြီပဲ" "အင်း" ရွာက ရော်ဘာခြစ်သူတွေ ဆေးလိပ်လိပ်သူတွေ မလေးရှားသွားကြသည်။ ငါးလှေလိုက်သူတွေနဲ့ ခြံစိုက်သူတွေက ထိုင်းကို သွားကြသတဲ့။ အလုပ် သွားလုပ်သူတွေရဲ့ အလုပ်တွေက အမျိုးမျိုးဆိုပေမယ့် တူညီတာကတော့ အားလုံးဟာ အောက်ခြေအလုပ်တွေကိုသာ လုပ်ရသည်။ 3D ဟုခေါ်သည့် Danger,Dirty,Difficult ဖြစ်သည့်အလုပ်တွေကိုသာ လုပ်ရသည်။ သူတို့ရသော လုပ်ခဟာလည်း အနှိမ်ခံလုပ်ခပါ။ တရားမ၀င်လုပ်ရတာတွေများသည်။ ပြန်ရောက်သူတွေကို ကိုဘသစ်မေးကြည့်သည်။ "ခင်ဗျားတို့ ဟိုကစကားတတ်လား" "ထမင်းစားရေသောက်တော့တတ်တယ်" "လူရာဝင်အောင်တော့ မတတ်ဘူးဆိုပါတော့" "တတ်စရာ ဘာလိုလဲဗျာ၊ ကျုပ်တို့က မြန်မာတွေနဲ့ပဲ နေကြတာ" "ဒါဆိုစာတော့ ဝေလာဝေးပေါ့" "စာတော့မတတ်ဘူး" စကားမတတ်၊ စာမတတ်၊ အရည်အသွေး(skill)မရှိတော့လည်း သူခိုင်းတာကို လုပ်ရသည်ပဲပေါ့။ သူတို့အောက်ခြေအလုပ်များကို လုပ်ပြီး ရသည့်ငွေကို မိဘတွေဆီပို့ကြသည်။ သူတို့သားသမီးတွေကို အဘိုးအဘွားများနှင့် အပ်ထားလေ့ရှိကြပြီး မြန်မာပြည်မှာပင် ကျေုာင်းထားကြသည်။ "ရတဲ့ငွေတွေနဲ့ ၀ါးတဲတွေကနေ သွပ်မိုးပျဉ်ထောင်ကို ဆောက်လာနိုင်တာပေါ့ဗျာ" သူကြီးနိုင်ငွေစိုးက ကိုဘသစ်သူငယ်ချင်းဖြစ်သည်။ နိုင်ငွေစိုးက သူ့ကို ထမင်းစားဖိတ်ကျွေးပါသည်။ "ချမ်းသာလာသူတွေ ရှိသလို ရောဂါဖိစီးပြန်လာလို့ ဆေးကုရတာတွေလည်း ရှိတယ်ကွ" "ဟုတ်ကဲ့" "မမာဘူး" "လူပဲဗျာ" "အနာတွေ ပေါက်ပြီး သေတယ်" "ဒါတွေဟာ AIDS လို့ခေါ်တဲ့ လေးလုံးရောဂါတွေပေါ့။ လူတိုင်းသိကြတယ်။ ဒါပေမယ့် အားလုံးကတော့ မသိချင်ယောင်ဆောင်နေကြတယ်" ကိုဘသစ်စိတ်မကောင်းဖြစ်သွားတယ်။ ဒီရောဂါက ကမ္ဘာ့ကပ်နာပဲ။" မောင်ညိုလည်း နေမကောင်းဘူး၊ မင်းသွားကြည့်လိုက်ပါဦး" မောင်ဘသစ်၏ သူငယ်ချင်းမောင်ညို ဘာကြောင့် နေမကောင်းဖြစ်တာလဲ၊ "ဒီကောင် ဘယ်သွားသေးလဲ"" တောင်အရှေ့ဖက်ကိုသွားတယ်" "ထိုင်းကိုလား" "အင်း" တောင်အရှေ့ဖက်ကို သွားတယ်။ သူ့သားနှစ်ယောက်လည်းနေသိပ်မကောင်းဘူးတဲ့။ ကိုဘသစ်လည်း "ဒုက္ခပါပဲ" ဟုညည်းတွားကာ သူငယ်ချင်းအိမ် လိုက်သွားသည်။ "မင်း လေးလုံးရောဂါရလာတာလား" မောင်ညို ခေါင်းခါသည်။ "ငါတို့က အဲဒီရောဂါကင်းတယ်၊ ဒါပေမယ့် အလုပ်ပိတာကွ" "ဘယ်လိုပိတာလဲ" "တို့ခြံရှင်က တို့သောက်ဖို့ရေကို ဇလုံကြီးနဲ့ ဖျော်ဖျော်ထားပေးတယ်၊ အားဆေး၊ အမောခံတယ်တဲ့။ ငါတို့လည်း သောက်တာပေါ့၊ သူပြောတဲ့အတိုင်း အမောခံနိုင်တယ်။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နိုင်တယ်" "တယ်ဟုတ်ပါလား ဘာအားဆေးလဲ"" နောက်မှသိတယ်၊ အားဆေးမဟုတ်ဘူးတဲ့၊ အဲဒါ မူးရစ်ဆေးဝါး၊ အင်ဖက်တာမင်း"" ဟေ" သူတို့ကို မက်တာဖက်တမင်းမူယစ်ဆေးတွေ တိုက်ပြီး ခိုင်းတာကိုး။" မြန်မာတွပဲ သောက်တာလား" "ထိုင်းတွေတော့ မသောက်တာများတယ်ကွ၊ တို့လည်းနောက်မှ သိတယ်။ သိတော့ ကျန်းမာရေးအတော်ချို့ယွင်းနေပြီ" "ဒါနဲ့ ပြန်ခဲ့တာလား" "ဟုတ်တယ်ကွ၊ ငါးလှေတွေနဲ့ လိုက်သွားတဲ့လူတွေ ဆိုရင် မူးယစ်ဆေးတွေ စွဲပြီး၊ နောက်ဆုံးလှေပေါ်ကနေ ကန်ချခံရတယ်" "ကမ်းမှာလား" "ပင်လယ်ထဲကို" ကြောက်စရာကောင်းလှပါသည်။ ပင်လယ်ဆိုတာ တရားဥပဒေစိုးမိုးသည့်ဒေသမဟုတ်ပါ။ ဘယ်လိုသက်သေအထောက်အထားတွေမှမရှိဘဲ။ "ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးဆေးလုပ်စားပြီး ပြန်လာသူတွေတော့ ရှိတယ်" "ဟုတ်လား" "ရှိတော့ရှိတယ် ရှားတယ်"
ဆင်းရဲတဲ့ဒဏ်လား၊ ချမ်းသာလိုတဲ့လောဘကြောင့်လား၊ ကိုဘသစ်စဉ်းစားသည်။လူတွေကတော့ စွန့်စားကြသည်။ No Man is an island တဲ့။ ဘယ်သူမှ ကျွန်းမဟုတ်ဘူး ဘယ်သူမှ ငုတ်တုတ်မခံပါဘူး။ စပါးစိုက်သည်။ တောင်သူလုပ်သည်။ လောက်လောက်ငငမရှိကြပါ။ ပထမ ဖဆပလ အစိုးရလက်ထက်က SAMBဆိုသော အဖွဲ့က ကိုဘသစ်တို့ဆီက စပါးဝယ်သည်။ ထိုအချိန်ကလည်း ဈေးနှိမ်ဝယ်သည်။ နောက်တော့ မဆလလက်ထက်၊ စပါးတွေကို ၀မ်းစာချန် ကျန်တာအကုန် အစိုးရကိုရောင်းရသည်။ သတ်မှတ်ဈေး။ သတ်မှတ်ထားသောပမာဏကိုရောင်းရသည်။ တကယ်လို့ မရောင်းနိုင်ရင် ဖမ်းချုပ်သည်။ (အချုပ်တွင် ထမင်းတော့ မကျွေးပါ၊ အိမ်က ပို့ပေးရသည်။) နောက်ဆုံး တာဝန်ကျေအောင် ၀ယ်သွင်းရသည်။ အ၀ယ်ဒိုင်များက ကတ္တားခိုး၊ အလေးခိုးသည်။ စိုထိုင်းဆများသည်ဟု ဈေးလျှော့ပြန်သည်။ လယ်သမားတွေ ဖွတ်သထက် ညစ်တော့သည်။ ထို့ကြောင့် အများစုသည် လယ်မလုပ်ကြတော့။ ကိုဘသစ်တို့လည်း ဒီပုတ်ထဲက ဒီပဲမဟုတ်ပါလား။ ဖခင်ကြီး၏လယ် ၆၄ ဧကကို စွန့်လွှတ်ကာ မြို့တက်သည်။ လခစားလုပ်သည်။ လယ်တွေကို အစိုးရက တဖြည်းဖြည်းသိမ်းသွားသည်။ အချို့ လယ်မလုပ်ယာမလုပ် ရရာလုပ်။ အရက်သမားဖြစ်ကာသေသွားသောကိုဘသစ်သူငယ်ချင်းတွေ အများကြီးပါပဲ။ ခုတော့ သူငယ်ချင်းများ၏ သားသမီးတွေပေါ့။ သူတို့ကတော့ တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပေါ့၊ ပညာတတ်အောင်သင်ဖို့လိုသည်။ နောက်တဖက်နိုင်ငံက စာတွေ စကားတွေကို ဒီမှာ သင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ထားရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။ ကိုဘသစ် ဘာလုပ်ရမလဲ။ အခု လွှတ်တော်အသစ်ကိုပဲ တင်ပြရမှာလား။ သူတို့က ကျွန်စော်နံတဲ့သူလို့ပြောမှာလား။ ဒါမှမဟုတ် ငုတ်တုတ်လေးပဲ နင်းပြားအဖြစ်နေ ကြမှာလား။ ပွင့်လာတဲ့ အစိုးရကို ပွင့်ပွင့်လင်းလင်းမေးလိုတဲ့ ကိုဘသစ် မပွင့်နိုင်သေးပါလား။
ဒေါက်တာခင်မောင်ညို
Weekly Eleven 11-7-2012

No comments:

Post a Comment