Wednesday, 31 October 2012

ပညာရေး၏အနှစ်သာရ ရှာဖွေရန် လမ်းစ


         
 ပညာရေးဆိုသည်မှာ စာအုပ်များကသာ သင်ကြားဆည်းပူးရတာမျိုး မဟုတ်ပါဘူး။ အကြောင်းအရာ တစ်မျိုးမျိုးကို စိတ်ထဲမှာ မှတ်ထားရတာမျိုးလည်း မဟုတ်ပါဘူး။ စာအုပ်တွေထဲမှာ ပြောပြထားတာတွေကို မြင်ရအောင်၊ နားထောင်လို့ရအောင် သင်ကြားဆည်းပူးရပါမယ်။ စာအုပ်ထဲမှာ ပြောထားတဲ့ အကြောင်းအရာတွေ မှားတယ်၊ မှန်တယ်ဆိုတာ ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုပါဘူး။
      အဲဒါတွေ အားလုံးဟာ ပညာရေးရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ပါတယ်။ ပညာရေးဆိုတာ စာမေးပွဲ အောင်ရုံမျှသာ မဟုတ်ပါဘူး။ အလုပ်အကိုင်ရရုံမျှသာ မဟုတ်ပါဘူး။ ဘွဲ့၊ ဒီဂရီရရုံမျှသာ မဟုတ်ပါဘူး။ သားမယားရရုံမျှသာ မဟုတ်ပါဘူး။ အခြေကျ အနေကျ နေရရုံမျှသာ မဟုတ်ပါဘူး။ ကျေးငှက်သာရကာတွေရဲ့ တေးဆိုသံကိုလည်း.....
 နားထောင်တတ်ဖို့ လိုပါတယ်။ အာကာသကောင်းကင်ပြင်ကို ကြည့်တတ်ဖို့လည်း လိုပါတယ်။ သစ်ပင်တစ်ပင်ရဲ့အလှကိုလည်း ကြည့်တတ်ဖို့လိုပါတယ်။ ဒါ့အပြင် တောင်တန်းများရဲ့ အရိပ်ကို လည်း ကြည့်တတ်ဖို့လိုပါတယ်။ အဲဒီအာရုံများကို ကြည့်ပြီး ခံစားတတ်ဖို့လည်း လိုပါတယ်။ အဲဒီ အာရုံ များနှင့် တိုက်ရိုက်ထိတွေ့ဖို့လည်း လိုပါတယ်။
    အသက်အရွယ် အိုမင်းရင့်ရော်လာတာနှင့်အမျှ အကြားအာရုံ၊ အမြင်အာရုံများ ပျက်စီး ယိုယွင်း သွားကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သောကတွေ များခဲ့ကြရလို့ပါ။ ငွေကြေးနောက် လိုက်ပြီးရင်း လိုက်နေကြတယ်။ အိမ်ကြီးရခိုင်မှာ နေပြီး ကားကောင်းကောင်းစီးချင်နေကြတယ်။ ကလေးများများ ဒါမှမဟုတ် ကလေးနည်းနည်းလိုချင်နေကြတယ်။ မနာလို မရှုဆိတ်တဲ့ စိတ်ထားတွေ များနေကြတယ်။ လောဘသားတွေ မဟုတ်လား။ အဲဒါတွေကြောင့် ကမ္ဘာမြေကြီးရဲ့ အလှကို ခံစားလို့ရတဲ့စိတ်တွေ ပျောက်ကွယ် သွားကြပါတယ်။
   ယနေ့ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေကြသလဲ။ မျက်မှောက်မှာ ဘာတွေဖြစ်နေကြသလဲ။ စစ်ပွဲတွေ ဖြစ်ပွားနေတယ်။ ပြဿနာကို လက်နက်နဲ့ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ တော်လှန်ပုန်ကန်နေကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား နယ်ခြားမှတ်တိုင်တွေ စိုက်ထူနေကြတယ်။ တစ်နိုင်ငံတည်းမှာတောင် တစ်နယ်နှင့်တစ်နယ်၊ ပြည်နယ်တစ်ခုနှင့်တစ်ခု ခြားနားနေကြတယ်။
   လူဦးရေ အဆမတန် မွေးဖွား ပေါ်ပေါက်လာကြတယ်။ ဆင်းရဲတွင်း နက်နေကြတယ်။ အလုပ်လက်မဲ့ပေါ များနေကြတယ်။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုပြီး ‘ငါသာပဓာန’ ဖြစ်နေကြတယ်။ တခြားသူတွေ ဘယ် သောင် ဘယ်ကမ်းဆိုက်ဆိုက် ဂရုမစိုက်ကြဘူး။ ကမ္ဘာပေါ်မှာ အယူဝါဒတွေ ဘယ်နည်းဘယ်ပုံ သပွတ်အူလိမ် ဖြစ်နေကြတယ်ဆိုတာလည်း မသိကြဘူး။
   အသက်အရွယ်ရလာတဲ့ လူတွေ တချို့ဟာ တော်လှန်ရေးကို ဆင်နွဲချင် ဆင်နွဲကြလိမ့်မယ်။ ဒါပေမယ့် သူတို့ဆင်နွဲနေတဲ့ တော်လှန်ရေးဟာ ပြဿနာများကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ့အထဲက လူတချို့ဟာ လူ့ဘောင်လူ့အဖွဲ့အစည်းက ထွက်ပြေးသွားဖို့ ကြိုးစားချင် ကြိုးစားကြလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ထွက်ပြေးတိမ်းရှောင်သွားတာကလည်း အဓိပ္ပါယ်ရှိတဲ့ အလုပ်မဟုတ်ပါဘူး။
    ဒါဆို ဘာလုပ်မလဲ။ လုပ်ရမှာက လူ့ဘောင် လူ့အဖွဲ့အစည်းကို ပြုပြင် ပြောင်းလဲပစ်ရပါမယ်။ ဒါပေမယ့် လူတွေကို သွေးမြေကျစေပြီး ပြုပြင် ပြောင်းလဲတဲ့နည်းလမ်းကို လုပ်ဖို့မလိုအပ်ပါဘူး။ လူ့ဘောင် လူ့အဖွဲ့အစည်း ဆိုတာ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ လူအားလုံူးဟာ လူ့ဘောင် လူ့အဖွဲ့အစည်းကို တည်ဆောက်သူများသာ ဖြစ်ပါတယ်။ ဖျက်ဆီးသူတွေ ဖြစ်ဖို့မသင့်ပါဘူး။ အဲဒါကြောင့် ဒီလူ့ဘောင် လူ့အဖွဲ့အစည်းကို ပြောင်းလဲမပစ်လို့ မရပါဘူး။ ဒီပုံမကျ ပန်းမကျ လူ့ဘောင် လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျ နေသွားဖို့ မသင့်တော်ပါဘူး။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြရမလဲ ? ။
    ယခုလို စစ်ဖြစ်နေတဲ့၊ စစ်ရိပ်စစ်ငွေ့သမ်းနေတဲ့၊ အမုန်းတရားတွေ လွှမ်းမိုးနေတဲ့၊ ဒီကမ္ဘာလောကထဲ ကျွန်တော်တို့ ခြေစုံပစ်ဝင်ကြမလား ? ၊ တိုက်ဆွေး အတွေးဟောင်း၊ အမြင်ဟောင်းတွေကို လက်ခံကြမလား ? ၊ တိုက်ဆွေး အတွေးဟောင်း အမြင်ဟောင်းတွေ ဆိုတာကို နားလည်အောင် ပြောရရင် ငွေကြေးဓန၊ ရာထူးဌာနန္တရ၊ ဂုဏ်သိရ်၊ အာဏာတို့ ဖြစ်ပါတယ်။ အဲဒီ တိုက်ဆွေး၊ အတွေးဟောင်း၊ အမြင်ဟောင်းတွေကို လူတွေ အာသာငမ်းငမ်း ဖြစ်နေကြတာနဲ့ ဒီပုံမကျ ပန်းမကျ လူ့ဘောင် လူ့အဖွဲ့အစည်းဟာ အံဝင်ခွင်ကျဖြစ် ချင်နေတယ်။ ဒါပေမယ့် တကယ်လို့ ကျွန်တော်တို့တွေဟာ စဉ်းစားဆင်ခြင်တတ်တယ် ဆိုရင်၊ လေ့လာ တတ်တယ် ဆိုရင်၊ စာအုပ်များကနေ သင်ယူခြင်းမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အကြောင်းအရာ တွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာမယ် ဆိုရင် ကျွန်တော်တို့ဟာ တမူထူးခြားတဲ့ လူသားတွေ အဖြစ် ကြီးပြင်းကြဖို့ မခဲယဉ်းပါဘူး။ ကျွန်တော်တို့ဟာ သတိတမံ ဥာဏ်မြေကတုတ် ပြုလုပ်ကြတဲ့၊ ချစ်ခင်ကြင်နာမှု ရှိတဲ့၊ ပြည်သူများကို ကိုယ်ချင်းစာနာ ငဲ့ညှာမှုထားတဲ့ ပုဂ္ဂိုလ်များ ဖြစ်လာပါလိမ့်မယ်။ အဲဒီနေနည်းအတိုင်း နေသွားမယ်ဆိုရင် ဘာသာရေးဘ၀ အစစ်အမှန်ကိုလည်း ကျွန်တော်တို့ တွေ့ရှိလာကြပါလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။
  ကျွန်တော်တို့ကို ကျွန်တော်တို့ မေးခွန်းတွေ မေးကြည့်ရအောင်၊ ဘာလို့ပညာတတ်အောင် လုပ်နေကြတာလဲ ? ၊ မိဘတွေက ကျွန်တော်တို့ကို စာသင်ကျောင်းမှာထားတယ်၊ အတန်းတက်ကြတယ်၊ ဂဏန်းသချာင်္သင်ကြတယ်၊ ပထ၀ီဝင် သင်ကြတယ်၊ သမိုင်းသင်ကြတယ်၊ ဘာကြောင့် သင်ကြတာလဲ ? ဘာကြောင့် ပညာတတ်တဲ့သူ ဖြစ်ချင်ကြတာလဲ ? ၊ ပညာတတ်တဲ့သူဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ? ၊ မေးဖူးကြပါသလား ? ။
 စာမေးပွဲအောင်တဲ့အတွက် ဘွဲ့၊ ဒီဂရီရတဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုမျိုး ဖြစ်လာသလဲ။ အိမ်ထောင်ရက်သားကျဖို့အတွက်မဟုတ်လား။ အလုပ်တခုခု ရဖို့အတွက် မဟုတ်လား။ လူပေါင်းသိန်းသန်းများ လို ဘ၀မှာ နေသားတကျ နေသွားဖို့အတွက် မဟုတ်လား။ အဲဒီအဓိပ္ပါယ်မျိုးနှင့် သင်နေကြတယ် ဆိုရင် ငြင်းကြမှာလား။
  ဒီမေးခွန်းဟာ အင်မတန်လေးနက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ပညာရေးရဲ့ အခြေခံနှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံးက မေးခွန်းထုတ်နေကြတယ်။ ပညာရေးကို ဘယ်ပုံဘယ်နည်း အသုံးကျနေတယ်ဆိုတာ ကျွန်တော်တို့ မြင်နေကြပါတယ်။
  ရုရှားနိုင်ငံမှာ၊ တရုတ်ပြည်မှာ၊ အမေရိကားမှာ၊ ဥရောပမှာ၊ အာရှမှာ၊ နောက်ဆုံး တစ်ကမ္ဘာလုံးမှာ ရှိတဲ့သူတွေ ဘာကြောင့် ပညာသင်နေကြသလဲ၊ လူ့ဘောင် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျဖြစ်အောင်၊ လူ့ဘောင် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်အောင်၊ လူမှုရေး၊ စီးပွားရေးလှုပ်ရှားမှု ရေစီးကြောင်းထဲ မျောပါသွားအောင်၊ နှစ်ပရိစ္ဆေဒ ထောင်ပေါင်းများစွာအထိ စီးဆင်းလာတဲ့ ရေစီးကြောင်းထဲ မျောပါသွားအောင် ပညာသင်ကြားနေကြတာ မဟုတ်ပါလား။ အဲဒီပညာရေးမျိုးဟာ ထူးမခြားနားပညာရေးပဲ ဖြစ်ပါတယ်။ ပညာရေးအစစ်အမှန်ဟာ ဂဏန်းသချာင်္၊ ပထ၀ိဝင်၊ သမိုင်းများနှင့် ပတ်သက်ပြီး ထူးချွန်သူဖြစ်လာရုံမျှမက ဘယ်အခြေအနေမျိုးမှာမဆို လူ့ဘောင်လူ့အဖွဲ့အစည်း၏ ရေစီးကြောင်းထဲ မျောပါမသွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဘာ့ကြောင့်ဆို လက်ရှိ ကျွန်တော်တို့ရဲ့ ဘ၀နေနည်းလို့ဆိုတဲ့ အဲဒီရေစီးကြောင်းဟာ ပုံစံပျက်နေတဲ့၊ ကျင့်ဝတ်သိက္ခာမဲ့နေတဲ့ အကြမ်းဖက်နေတဲ့၊ မတော်လောဘကြီးစိုးနေတဲ့ ရေစီးကြောင်း ဖြစ်နေပါတယ်။ အဲဒီ ရေစီးကြောင်းဟာ ဒီကနေ့ခေတ်ရဲ့ ရေစီးကြောင်းပါပဲ။
  လူ့သမိုင်းမှာ ကျွန်တော်တို့ ဘယ်အခြေအနေမျိုး ရောက်နေပါသလဲ ? ၊ ယဉ်ကျေးမှုအသစ်ကို ကျွန်တော်တို့ ဖန်တီးရပါလိမ့်မယ်။ စားကုန်သောက်ကုန်ပစ္စည်း ၀ယ်ယူသုံးစွဲတဲ့စနစ်နှင့် စက်မှုပစ္စည်းထုတ် လုပ်တဲ့စနစ်ပေါ်မှာ အခြေမခံပဲ စစ်မှန်တဲ့ ဘာသာရေးအရည်အသွေးတစ်ခုပေါ်မှာ အခြေခံတဲ့ ရှိရင်းစွဲ ယဉ်ကျေးမှုနှင့် ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုအသစ်တစ်ခု ဖန်တီးရပါလိမ့်မယ်။ ရှိရင်းစွဲ စိတ်ဓါတ်မျိုးနှင့် လုံးဝ ကွဲပြားခြားနားတဲ့ စိတ်ဓါတ်ကို ဘယ်လို ပညာရေးမျိုးနှင့် ပြုလုပ်ဖန်တီးမလဲ ? ၊ မတော်လောဘနည်းတဲ့ မနာလိုခြင်းကင်းတဲ့ စိတ်ဓါတ်မျိုးကို ဖန်တီး တည်ဆောက်ရလိမ့်မယ်။ အများသိနေကျ မဟုတ်တဲ့ စိတ်ဓါတ်မျိုး တည်ဆောက်ရလိမ့်မယ်။ အဲဒီလို စိတ်ဓါတ်မျိုး တည်ဆောက်ဖို့အတွက် အခြေခံဟာ စစ်မှန်တဲ့ ဘာသာတရား ဖြစ်ပါတယ်။
  ‘Educate’ ပညာပေးခြင်းဆိုတဲ့ စကားလုံးအစစ်အမှန်ဟာ ဆရာများက သူတို့အသိကို ကျောင်းသားများ ခံယူပြောင်းလဲပေးရုံပေးခြင်း မဟုတ်ပါဘူး။ စိတ်နှလုံး အပြောင်းအလဲဖြစ်လာဖို့အတွက် သင်ကြားပေးခြင်းမျိုး ဖြစ်ရပါမယ်။ ဝေဖန်ရေးအမြင်ရှိသူများဖြစ်ရပါမယ်။ ကိုယ်တိုင် ပြတ်ပြတ်သားသား မမြင်ရတဲ့ ဘယ်လိုအရာမျိုး ကိုမှ လက်မခံရပါဘူး။ တခြားလူပြောတာကို သံယောင်လိုက်ပြီး မပြောရပါဘူး။
  ကျွန်တော်တို့အားလုံးလိုလို အလွယ်နည်းလိုက်နေကြပါတယ်။ ကိုယ်တိုင်အားထုတ်ပြီး လုပ်ရတဲ့အလုပ် မျိုးကို မလုပ်ချင်ကြပါဘူး။ တခြားလူတွေ လုပ်တာ လိုက်လုပ်ကြတယ်။ အဲဒီလုပ်နည်းတွေဟာ အလွယ်ဆုံး ဘ၀နေနည်းဖြစ်နေလို့ပါဘဲ။ အဲဒီဘ၀နေနည်းမျိုးနှင့်မတူ ကွဲပြားခြားနားတဲ့ ဘ၀နေနည်းကို ဘယ်စာအုပ်ကမှ ဘယ်ဂုရုကမှ ကျွန်တော်တို့ကို မသင်ပြကြပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် လေ့လာကြရမယ်။ စာအုပ်ထဲက မှတ် ယူလေ့လာခြင်းမျိုး မလုပ်ရပါဘူး။ ကျွန်တော်တို့နှင့် ပတ်သက်ပြီး သင်ကြားလေ့လာစရာတွေ တစ်ပြုံတစ်ခေါင်း ကြီးရှိနေပါတယ်။ ကိုယ့်ကိုကိုယ် လေ့လာတဲ့ အလုပ်ဟာ ဆုံးခန်းတိုင်ရောက်တယ်လို့ မရှိပါဘူး။ အင်မတန်စိတ် ၀င်စားစရာကောင်းပါတယ်။ မိမိကိုယ်ကို မိမိအကြောင်းကို လေ့လာရင်း လေ့လာရင်းနှင့် ကျွန်တော်တို့ရဲ့ နှလုံး အိမ်ထဲ ‘ပညာ’ ရောက်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ အလွန်တရာထူးခြားတဲ့ ရွှင်လန်းချမ်းမြေ့မှုနှင့် အလှတရားနဲ့ ပြည့်စုံတဲ့ ဘ၀မျိုးနှင့် နေသွားကြရပါလိမ့်မယ်။
    (ဆက်ပါအုန်းမည်)
                                                            သန့်စင်အောင်(ရန်ကင်း)
ဝန်ခံချက်
Krichnamurti ၏ ‘On Education’ မှ ဆရာပါရဂူ ထုတ်နှုတ် ဘာသာပြန်ထားချက်အား ကိုးကားရေးသားပါသည်။

No comments:

Post a Comment