Thursday, 25 October 2012

နှစ်ပေါင်းငါးဆယ်ကြာ ပညာရေးစနစ်ညံ့ဖျင်းမှုကြောင့်

နှစ်ပေါင်းငါးဆယ်ကြာ ပညာရေးစနစ်ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့် သူများ ရှားသွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါသည်။

အောက်တိုဘာ ၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော သူမ၏အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပါတီပီပီပင်ပင် ရပ်တည်နိုင်ရန် မျိုးဆက်သစ်များ ရှာဖွေရာအရည်အချင်းနှင့် ပတ်သက်၍ ပညာရေးညံ့ဖျင်းမှုများနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
'မျိုးဆက်သစ်တွေကို ရှာဖွေတဲ့နေရာမှာ ကျွန်မတို့နိုင်ငံမှာ အဓိက ပြသနာတစ်ခုနှင့်သွားသွားတိုးပါတယ်။
အဲဒီပြသနာကဘာလဲဆိုတော့ နှစ်ပေါင်းငါးဆယ်ကျော် အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြသနာကြောင့်မို့ မျိုးဆက်သစ်တွေထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့သူ ရှားသွားပါပြီ။ ကျွန်မတို့ ပြည်သူတွေ မတော်လို့မဟုတ်ပါဘူး။ ဒီပညာရေးစနစ်ညံ့ဖျင်းလွန်းလို့ ဖြစ်ရတဲ့ကိစ္စပါ။ အကျိုးဆက်ကတော့ ကျန်ခဲ့တာပါ။ ဒီအကျိုးဆက်ကနေရုန်းထွက်နိုင်အောင်လို့ကျွန်မတို့ ကြိုးစားရပါမယ် ' ဟုပြောခဲ့သည်။
မိမိတို့နိုင်ငံ၏ ပညာရေးမှာ အင်မတန်ဆိုးနေသည့်အတွက် ပြုပြင်ပြောင်းလဲဖို့လိုကြောင်း၊ အခြေခံပညာရေး စနစ်မှာ ကလေးများအတွက် အမှန်တကယ် ပညာပေးသည့်စနစ်မဟုတ်ကြောင်း၊ ကျောင်းမသွားနိုင်သည့် ကလေးနှုန်းမှာ များပြားနေကြောင်း၊ ကလေးတိုင်း ကျောင်းသွားနိုင်ရေးအတွက် အစီအစဉ်လုပ်ငန်းများ အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ရှိကာ မကြာခင်ပဲ စတင်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါကြောင်း စသည်ဖြင့်လည်းပြောကြားခဲ့ပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံနှင့် အဆင့်မြင့်ပညာရေးအပြင် အသက်မွေးဝမ်းကျောင်းပညာရေးကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
"ပညာရေးဆိုတော့ ကျွန်မတို့အခြေခံပညာေ၇းကိုလည်းလုပ်ရမယ်။ အဆင့်မြင့်ပညာရေးကိုလည်း လုပ်ရမယ်။အဆင့်မြင့်ပညာရေးနဲ့အခြေခံပညာရေးအပြင်မှာ ကျွန်မတို့အသက်မွေးဝမ်းကျောင်းပညာနဲ့ ကျောင်းပြင်ပညာရေးကို ကျွန်မတို့လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းငါးဆယ်ကနေ မွေးထုတ်လိုက်တဲ့ ဘွဲ့ရ ပြီးတော့ ပညာမပြည့်စုံတဲ့၊ နောက်ဘွဲ့မရရင်တောင် ကျောင်းပြီး ပြီးတော့ ပညာမပြည့်စုံတဲ့ကျောင်းတောင်မှ ပြီးအောင် မသင်နိုင်ခဲ့တဲ့ လူငယ်လူရွယ်တွေပေါ့နော်၊ လူငယ်တွေကနေ ပြီးတော့ လူရွယ်ပိုင်းကို ရောက်သွားတဲ့သူတွေအတွက် ကျွန်မတို့ ဒီလိုမလုပ်ပေးလို့ မဖြစ်ဘူး။ အဲဒီလို မလုပ်ပေးလို့ရှိရင် ကျွန်မတို့ကြားထဲကနေ ကျွန်မတို့မှာ တခါထည်း ဒဏ်ရာရသွားတဲ့ မျိုးဆက်တွေလို ကျန်ရစ်ခဲ့ပါလိမ့်မယ်။ အဲဒီမျိုးဆက်တွေအတွက် အခြေခံပညာရေးပြန်ပြီးတော့ လုပ်လို့လဲ မရတော့ဘူး။ ကျောင်းပြန်တက်လို့လည်း မရတော့ဘူး။ ကျောင်းပြန်တက်လို့မရတော့တဲ့ သူတွေအတွက် အသက်မွေးဝမ်းကျောင်းပညာနဲ့ ကျောင်းပြင်ပပညာရေးစနစ်ကို ထူထောင်ဖို့ကို ကျွန်မတို့ အထူးအားပေးပြီးတော့ ဖိပြီးတော့လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကူညီမယ့်သူတွေလည်း ရှိပါတယ်" လို့လည်း ပြောပါသည်။
ရန်ကုန်တက္ကသိုလ်ပြန်လည်ရှင်သန်အောင်လုပ်ဖို့ရာ အရေးကြီးသည်ဟု ထင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် သာမက နိုင်ငံတိုင်းတွင် အားလုံးက လေးစားအားကိုးယုံကြည်နိုင်သည့် တက္ကသိုလ်တစ်ခုမကရှိသင့်ကြောင်း၊ ပြောင်မြောက်သည့်တက္ကသိုလ်များရှိသည်ဆိုပါက တိုင်းပြည်အတွက် ဂုဏ်ရှိရုံမက တိုင်းပြည်တွင် တကယ်တော်သည့် လူငယ်များအား အခွင့်အလမ်းဖွင့်ပေးရာရောက်ကြောင်း၊ တချိန်တခါကရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များမှထွက်သွားသော ကျောင်းသားများသည်ကမ္ဘာ့ အဆင့်အတန်းလိုက်မီနိုင်သည့်ပညာကိုရရှိခဲ့ပါကြောင်း၊ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဆိုသော်လည်း ပစ္စုပ္ပန်တွင် ပြန်လည်ဖော်ထုတ်ရန်လိုအပ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်အား ယခင်ကလို လျှမ်းလျှမ်းတောက်တက္ကသိုလ်တစ်ခုဖြစ်ရန်ဝိုင်းဝန်းကြိုးစားသင့်သည်ဟု ထင်မြင်ယူဆမိကြောင်းစသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ပြန်လည်ပေါ်ပေါက်ရေးနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ပါသည်။
Weekly Eleven 17-10-2012 မှ

No comments:

Post a Comment