ကျွန်တော်ကျောင်းဆရာပါ. အသိမိတ်ဆွေများက 'ဆရာ' လို့ခေါ်လျှင် မကြိုက်ပါ။ "ကျောင်းဆရာ" လို့ "ကျောင်း" ကို ထည့်ပြီးခေါ်မှ ကြိုက်ပါတယ်။ "ဆရာကြီး" လို့ခေါ်ကြလျှင်လည်း နားထဲမှာ တစ်မျိုး၊ ဘဝင်မကျဖြစ်ရသည်။ အများခေါ်နေကျ "ဆရာ၊ ဆရာကြီး" ဆိုသော ဝေါဟာရတွေက ကျွန်တော် လွန်စွာတွယ်တာမြတ်နိုးလှပါသော အနာဂတ်ကြယ်ပွင့်ကလေးများကို "အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ" ရသော "ကျောင်းဆရာ" ဘဝကို လှလှပပ၊ ပြည့်ပြည့်စုံစုံ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မရှိပါလို့ပဲ ရိုးရိုးသားသား ယုံကြည်ထားသောကြောင့် ဖြစ်ပါ၏။
ကျောင်းဆရာကလေးဘဝ
ကျောင်းဆရာဖြစ်စ၊ ပထမဦးဆုံးနေ့ကို သတိရနေပါသည်။ ကျောင်းသို့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိ ပြီး ဆရာကြီးက သတ္တမတန်း (က) တွင် အတန်းပိုင် ဆရာအဖြစ် တာဝန်ပေးပါသည်။ ကျောင်းတက် ခေါင်းလောင်းထိုးသည်နှင့် ပြဋ္ဌာန်းစာအုပ်ကလေးကို ပိုက်ကာ လုပ်သက် နှစ် (၂ဝ) ရ ဝါရင့်ဆရာ တစ်ယောက်၏ ဟန်ပန်နှင့် အတန်းထဲသို့ ဝင်ခဲ့သည်။ မိမိသည် လုပ်သက် တစ်ရက်မျှပင် မရသေး သော ဆရာသစ်ကလေးတစ်ယောက်မှန်း သတိမထားမိသောကြောင့် ဖြစ်ပါ၏။
"ဂွတ်မောနင်းကလတ်စ်" ဟု အတန်းသားများဘက်သို့ လှည့်ပြီး နှုတ်ဆက်လိုက်ပါသည်။ (ထိုစဉ်က- မင်္ဂလာပါတပည့်တို့-လို့နှုတ်ဆက်သည့် အစဉ်အလာ မပေါ်သေးပါ။)
အားလုံး (၄၂) ယောက်ရှိနေသော အတန်းသားများအားလုံး မတ်တတ်မရပ်ကြပါ။ (၃၉) ယောက်သာ မတ်တတ်ရပ်ကြ၏။ (၃) ယောက်မှာ နေရာကပင် မလှုပ်၊ ခေါင်းကလေးတွေ ငုံ့ပြီးထိုင်နေကြသည်။
"ရော-ခက်ချေပြီ။ ဘယ်လိုကျောင်းသားတွေပါလိမ့်၊ ဆရာအတန်းထဲဝင်လာရင် မတ်တတ်ထပြီး နှုတ်ဆက်ရတာကို၊ သင်းတို့ မသိရော့သလား။"
မသိစိတ်နောက်ကွယ်က ကျောင်းဆရာတစ်ယောက်၏ မာနနှင့် ဒေါသသည် ရုတ်တရက်ပေါ်ထွက် လာ၏ သို့သော် "ငါကျောင်းဆရာပါလား" ဆိုသည့် အသိစိတ်ကလေးက တားဆီးပေးလိုက်နိုင်သဖြင့် "စစ်ဒေါင်း" ဟုသာပြောလိုက်ပြီး ထိုင်းခိုင်းလိုက်ပါသည်။ ထို့နောက် မိမိအသင့်ပြင်ထားသော သင်ခန်း စာကိုဆက်၍ သင်လိုက်ပါ၏။
ထိုအကြောင်းကို နောက်တစ်နေ့၊ နေ့ခင်းကျောင်းလွှတ်ချိန်တွင် ဆရာမတစ်ယောက်အား မေးမိ၏။ ရုတ်တရက် ပြန်မဖြေဘဲ ပြုံးနေ၏။ ခဏလေးကြာမှ "ဆရာက - သူတို့ထက်အသက်ငယ်နေတာကိုး၊ ဘယ်လိုသူတို့ထပြီး နှုတ်ဆက်မလဲ" လို့ ဆရာမက ပြန်ပြောလိုက်ရာ
"ဘယ်လို…..ဘယ်လို…..ဆရာမ၊ သူတို့က ကျွန်တော့်ထက် အသက်ကြီးကြတယ်ဟုတ်လား ဆရာမ"
"ဟုတ်တယ် ဆရာ၊ ဟိုကောင်လေးနှစ်ယောက်က ဆရာ့ထက် အသက်တစ်နှစ်စီကြီးကြတယ်။ အဲ….. ဟို ဟိုမိန်းကလေးတစ်ယောက်က (၂) နှစ်"
အကြောင်းရင်းကို သိလိုက်တော့မှ မိမိက ငိုရမလို၊ ရယ်ရမလို ဖြစ်သွားပြီး -
"ဒါနဲ့ …. သူတို့က ကျွန်တော်အသက် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိကြတာလဲ …. ဘယ်သူက ပြောထားလို့လဲ ဆရာမ"
"သိတာပေါ့ဆရာ …. ဒါက ….. ကျွန်မတို့ တပည့်ကျောင်းသားလေးတွေဟာ သူတို့ကို စာသင်ပေး မယ့် ဆရာတွေအပေါ်မှာ ဘယ်လောက်စိတ်ဝင်စားကြတယ် ဆိုတာ ပြနေတာပဲ။ သိတာမှ အခုမှ မဟုတ်ဘူး။ ဆရာ မရောက်ခင်ကတည်းက …… ဆရာ့အကြောင်း သိထားကြပြီးပြီလေ။ ဆရာက နာမည်ဘယ်လို၊ ဘယ်မှာနေတယ်၊ ဘယ်နှတန်းအောင်တယ်၊ လူပျိုလား အိမ်ထောင်သည်လား၊ အဲဒါတင် မဟုတ်သေးဘူး၊ ဆရာဟာ စိတ်ရှည်သလား၊ စိတ်တိုတတ်သလား ဆိုတာကအစပေါ့ ဆရာ"
"အလို ….. ဗုဒ္ဓေါ ….. ငါသင်ခဲ့ရတဲ့ ဆရာဆိုတာ တပည့်တွေရဲ့ အကြောင်းကောင်းကောင်း သိရမယ် လို့ဆိုတဲ့ ပညာရေး သီအိုရီဟာ ငါ့အတွက် ပြောင်းပြန်ဖြစ်နေပါရောလား၊ ခု …... ကြည့်လေ၊ ငါက သူတို့အကြောင်း ဘာတစ်လုံးမှ မသိရသေးခင်မှာ သူတို့က ငါ့အကြောင်း သိနေကြပြီလေ ……"
"ကျေးဇူးပါပဲ ဆရာမ" လို့ ထိုဆရာမကို နှုတ်ဆက်ပြီး ခပ်ရှက်ရှက်နှင့် ခေါင်းကလေးငုံ့ပြီး ကျောင်း အပေါ်ထပ်သို့ ပြန်တက်ခဲ့ပါသည်။
ကြီးမြတ်လှစွာ ဆရာ့ဝန်တာ
ထိုခေတ် ထိုအချိန်က ဆရာ၊ ဆရာမတို့၏ နေ့စဉ်ကျောင်းတက် - ကျောင်းဆင်း မှတ်တမ်းစာအုပ်ကို ကျောင်းအုပ်ကြီးရုံးခန်းထဲဝင်ပြီး ကျောင်းအုပ်ကြီး၏ ရှေ့တွင် လက်မှတ်ရေးထိုးရပါသည်။
နောက်တစ်နေ့ နံနက်ပိုင်း ကျောင်းမတက်မီ အချိန်တွင် ကျောင်းတက်လက်မှတ် ရေးထိုးရန် ကျောင်းအုပ်ကြီး ရုံးခန်းထဲသို့ ဝင်သွားပါသည်။ လက်မှတ်ရေးထိုးပြီး၍ ပြန်အထွက်တွင် အခန်းနံရံ ထက်၌ ချိတ်ဆွဲထားသည့် ကားချပ် စာရွက်ကြီးတစ်ရွက်ကို ရုတ်တရက် တွေ့လိုက်ရသဖြင့် ထိုကား ချပ်ရှေ့တွင် ရပ်ကာ ဖတ်ကြည့်နေမိသည်။
ကားချပ်စာရွက်ကြီးမှာ အနံ (၂) ပေ၊ အလျား (၃ပေခွဲ) လောက်ရှိမည် ထင်ပါသည်။ အရောင်ခြယ် ထားခြင်း မရှိပါ။ အဖြူနောက်ခံတွင် အနီရောင် စာလုံးများဖြင့် ထင်ရှားစွာ ရေးသားပါသည်။
ပေးထားသော ခေါင်းစီးမှာ ဆွဲဆောင်မှု ခွန်အားကြီးမားလွန်းသဖြင့် ယနေ့ နှစ်ပေါင်း (၅ဝ)ကျော် သည့်တိုင်အောင် မှတ်မိနေပါသည်။
"ကြီးမြတ်လှစွာ ဆရာ့ဝန်တာ" ဟူ၍ ဖြစ်ပါသည်။
ထိုခေါင်းစီးအောက်တွင် အချက်ပေါင်း (၁၅) ခုလား၊ (၁၉) ခုလား၊ ကောင်းကောင်းမှတ်မမိတော့ပါ။ သို့သော် ယင်းအချက်များအနက် ……..
"ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌ တည်နေနိုင်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်သားကောင်း ရတနာ လေးများ ပျိုးထောင်ပေါ်ထွက်ရေးသည်လည်း ဆရာတို့၏ လက်ထဲတွင် တည်မှီနေပါသည်။" ဆိုသည့် အချက်ကိုမူ မှတ်မိနေရုံမျှမက ထိုအချက်ပါ စာသားကို ရွတ်ဆိုမိသည့်အခါတိုင်း ရင်ထဲကျောထဲ စိမ့်ဝင်သွားကာ ကြက်သီးများပင် တဖိန်းဖိန်းထလောက်အောင် ခံစားရပါသည်။
အလွန်အဓိပ္ပာယ်ပြည့်ဝပြီး ပညာရေးရည်မှန်ချက်ကို အရှင်းဆုံး၊ အတိုဆုံး၊ အပြည့်စုံဆုံး ဖော်ကျူးထား သည့် ရသမြောက်ဆောင်ပုဒ်တစ်ခုပင် ဖြစ်ပါသည်။ ထိုဆောင်ပုဒ်ပါ ဝါကျကလေးကို အမြဲပင် သတိရ နေပါသည်။ ယနေ့ခေတ် ကျောင်းများတွင် ယင်းဆောင်ပုဒ်ပါ "ကြီးမြတ်လှစွာ ဆရာ့ဝန်တာ" ကားချပ်မျိုးကို အများမြင်သာသည့်နေရာတွင် ချိတ်ဆွဲလျက် ကျောင်းဆရာ၊ ဆရာမများ တွေ့မြင် ဖတ်ရှုကြရလျှင် အဘယ်မျှ ကောင်းလိုက်မည်နည်းဟု ဆန္ဒဖြစ်မိပါသည်။ ထိုကြောင့်လည်း ထိုစဉ်က အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးသန်းဦးနှင့် ပညာရေးတက္ကသိုလ် ပါမောက္ခ ချုပ် ဆရာကြီး ဦးသောင်းထွဋ်တို့အား ထိုအကြောင်းကိုတင်ပြ ဆွေးနွေးခဲ့ဖူးသည်ကိုလည်း မှတ်မိနေပါ သည်။
ပေးကားပေး၏ မရခဲ့ပါ
ကျွန်တော်သည် ထိုစဉ်က နိုင်ငံတော်က ချမှတ်ခဲ့သည့်မူအရ မိမိတာဝန်ထမ်းဆောင်ရသော အထက် တန်းကျောင်းတွင် ပထမဦးဆုံးနှင့် တစ်ဦးတည်းဖြစ်သော သိပ္ပံဆရာဖြစ်ပါသည်။ သို့သော် ကျွန်တော် သည် အလယ်တန်းပြ ဆရာဖြစ်သောကြောင့် ထိုစဉ်က အလယ်တန်းအဆင့်များဖြစ်သည့် ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်းများ၌ အထွေထွေ သိပ္ပံဘာသာရပ်ကို တစ်ဦးတည်း ဒိုင်ခံသင်ကြားပေးရပါ သည်။
အထက်တန်းအဆင့် ဖြစ်သည့် အဋ္ဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းတွင်မူ အိုင်အက်စီတန်းအောင်မြင် ပြီး ဆရာဖြစ် လက်မှတ်မရှိသော (ထိုခေတ်က ဆွဲခန့်ဆရာဟု ခေါ်ပါသည်။) ဆရာတစ်ယောက်က သင်ပါသည်။ ထိုအချိန်သည် ပြည်တော်သာ ဘဝသစ်ပညာရေး စီမံကိန်းကြီးကို အကောင်အထည် ဖော်နေသော ကာလဖြစ်၍ အထက်တန်းကျောင်း အားလုံးသို့ (မြို့ရောတောပါမကျန်) သိပ္ပံပညာ ပစ္စည်း ကိရိယာအစုံ၊ ဓာတုပစ္စည်းမျိုးစုံနှင့် သင်ထောက်ကူ ပစ္စည်းမျိုးစုံနှင့်ကွ သိပ္ပံဓာတ်ခွဲခန်းတစ်ခုကို ထောက်ပံ့ တည်ထောင်ပေးပါသည်။ မိမိအား အရည်အချင်းပြည့် သိပ္ပံဆရာတစ်ယောက်ဖြစ်အောင် ပျိုးထောင်သင်ကြားပေးခဲ့သော ဆရာအတတ်သင်ကောလိပ်မှာပင် ထိုပစ္စည်းများထဲမှ အချို့ကို ကိုင်တွယ်အသုံးပြုတတ်ဖို့ မဆိုထားနှင့်။ မြင်တောင် မမြင်ဖူးပါ။ ထိုဓာတ်ခွဲခန်း ပစ္စည်းမျိုးစုံကို ကြည့်ရင်း နိုင်ငံတော်၏ ရည်မှန်းချက်၊ အစိုးရ၏ စေတနာကို အထူးကျေးဇူးတင် လေးစားနေမိပါ သည်။
သို့သော် ထိုပစ္စည်းများသည် ဓာတ်ခွဲခန်းထဲရှိ ဗီရိုများထဲ၌သာ ရှိနေပြီး ကျောင်းသားများ၏ ရှေ့သို့ ရောက်ခဲ့သည်မှာ မရှိသလောက်ပင် ဖြစ်သည်။ ယနေ့ ပြန်လည် စဉ်းစားကြည့်သောအခါ အောက်စီ ဂျင်၊ ဟိုက်ဒရိုဂျင်၊ ကလိုရင်းနှင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်များ ထုတ်ဖော်ပုံများကို မိမိကိုယ်တိုင် တစ်ကြိမ်စီ ထုတ်ယူပြသသင်ကြားပေးခဲ့ရသည်ကို မှတ်မိပါသည်။ အထက်တန်းတွင် တာဝန်ယူရ သော ဆရာသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ ကျောင်းသားများအား ဓာတ်ခွဲခန်းသို့ ခေါ်ယူ သင်ကြားခြင်း၊ ဓာတ်များ ထုတ်ဖော်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်ကို မမြင်ဖူးပါ။
ဤသို့ ဖြစ်ရသည်မှာ မိမိအပါအဝင် သိပ္ပံဘာသာပြသည့် ဆရာ ညံ့ဖျင်းမှုကြောင့်ဟု ဆိုချင်ပါသည်။ မြန်မာစာသင်ပုန်းကြီး တတ်ရုံမျှသာရှိသောကလေးကို ကဗျာ ဆောင်းပါးရေးခိုင်းသည့် အဖြစ်မျိုးနှင့် တူလှပါသည်။ ဤသို့ "ပေးကားပေး၏မရ" အဖြစ်မျိုးနှင့် မကြုံတွေ့စေရန် နည်းလမ်းတစ်ခုကို တွေ့ရပါသည်။ ရည်ရွယ်ချက်ကြီးမားစွာ ပေးပို့လာသော သိပ္ပံပစ္စည်းများ မရောက်ခင် ထို ပစ္စည်းများ ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်သည့် ဆရာများကို ကြိုတင်မွေးထုတ်ခန့်ထားခြင်းပင် ဖြစ်ပါသည်။
Written by ဦးဝမ်ထိန်
ပညာတန်ဆောင်၊ ဇန်နဝါရီလ၊ ၂ဝ၁၂၊
လီးတွေရေးထားတာလားမြန်မာလိုလည်းမပေါ်ဘူး
ReplyDelete