Thursday, 1 November 2012

စာသင်ပေးတတ်တဲ့ ပညာ

PDF Print E-mail


သမီးဖြစ်သူ မိုးမသည် န၀မတန်း ရောက်နေပါပြီ။    စာအတော်ဆုံးစာရင်း မ၀င်သည့်တိုင် အတန်းတိုင်း နှစ်ချင်းပေါက် အောင်မြင် ခဲ့သည်မို့ မိဘတွေ ရင်အေးမြရသည့် သမီးကလေးဖြစ်သည်။
ကလေးတွေ၏ အဖေက ဦးနှောက်နှင့် အလုပ်လုပ်ရသည်။ ကျွန်မက စက်ချုပ်သမဆိုတော့ လက်နှင့် အလုပ်လုပ်ရသည်။ ကျွန်မတို့က ဦးနှောက်နှင့် လက်မပြတ် လှုပ်ရှားနေပါမှ မိသားစု စားဝတ်နေရေးနှင့် လူမှုရေးတို့အပြင် အဓိကအရေးကြီးလှသည့် မျိုးဆက်သစ် သားသမီးတွေ၏ ပညာရေးသည်လည်း ပုံမှန်လည်ပတ်နိုင်ပေလိမ့် မည်။ မိုးမက သားသမီးထဲတွင် အရင်ဦးဆုံးရောက်ရှိလာသူ။ သမီးဆိုသည်က
မိခင်၏ အဖော်ဖြစ်သည်ဟု ကျွန်မအားရှိသည်။ စိုးရနှင့်တိုးလှတို့ အငယ်နှစ်ယောက်က သားတွေ။ သူတို့၏ဖခင်မှာ သားကောင်း ဖခင်ဖြစ်နိုင်ဖို့ အတွေးကြီးတွေးကာ အတိတ်ကိုလည်း ပြုပြင် သည်၊ အနာဂတ် အတွက်လည်း ပြင်ဆင်သည်။

ကလေးတို့အဖေသည် ကျွန်မထက် ပိုမိုပြီး မြော်မြင်တွေးဆနိုင်စွမ်း ရှိသည်မှာစာတတ်သူ ဖြစ်ပြီး စာလည်းဖတ်သောကြောင့် ဖြစ်ပေလိမ့် မည်။

ကျွန်မက မူလတန်း အောင်ပြီးသောအခါ ကျာင်းထွက်ခဲ့ရသည်။ မိန်းကလေး စာရေး တတ်ဖတ်တတ်လျှင် လုံလောက်ပြီဟု မိဘများက ယူဆလေသည်။ ကျွန်မ၏မိခင်သည်ပင် သင်ပုန်းကြီးမှမကုန်ခဲ့ပေ။ ကျွန်မ ကိုယ်တိုင် ကလည်း ကျောင်းပျင်းခဲ့ဟန်တူပါသည်။

ကျွန်မက စက်ချုပ်ဝါသနာပါသည်။ ကျွန်မ၏ကြီးတော်ထံတွင် ဆင်းဂါးအပ်ချုပ်စက်တစ်လုံး ရှိကာ သူမလည်း အကူအညီရ ကျွန်မလည်း အတတ်ပညာ တစ်ခုရသည်ဟု နေ့စဉ်စက်ချုပ် သင်ယူသည်။     

အိမ်ထောင်ကျပြီးနောက် ကလေးတွေပွားစီး လာသောအခါ၊ အိမ်ထောင်ဦးစီးတစ်ယောက်တည်း၏ ၀င်ငွေနှင့် မလုံလောက်တော့။ ကျွန်မ၏ စက်ချုပ်ပညာသည် အသုံးဝင်လာလေသည်။

မျက်စိမကောင်းတော့သည့် ကြီးတော်ထံမှ ဆင်း ဂါးစက်ဟောင်းကြီးကိုပဲ ကျွန်မက တောင်းဝယ် လိုက်ပါသည်။ အိုးအိမ်မကွာဘဲ တစ်ဖက်တစ် လမ်းမှ ၀င်ငွေရှာနိုင်သော ကျွန်မအား ကလေး တွေ၏အဖေက ချီးမွမ်းသည်။ တစ်ခါတစ်ရံအပ် ထည်ကျပြီး သူ့အတွက် ထမင်းပွဲပြင်မပေးအား သည့်တိုင် သူ့ဘာသာခူးခပ် စားရုံမက ကျွန်မ နှင့် ကလေးသုံးယောက်အတွက် တစ်လက်စ တည်း ပြင်ဆင်ကာ အုပ်ဆောင်း အုပ်ထားပေး တတ်သေးရဲ့။ မိုးမက မနက်ခင်းကျောင်းဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားတွေက ညနေကျောင်း။ သူတို့၏၀င်ချိန်ထွက်ချိန်တွေကို ကျွန်မက အပ်ချုပ်စက်မှ စီးမိုး မျှော်ကြည့်လေ့ရှိပါ သည်။ ဒါတွေဟာ ချမ်းမြေ့ခြင်းနှင့် ပန်းခင်းသော လမ်းကလေးမှာ လျှောက်နေကြသောကျွန်မတို့ မိသားစုကလေး၏ လှပသော ပုံရိပ်တွေပင် ဖြစ် တော့သည်။

မိုးမသည် မောင်တွေနှင့် အခန်းခွဲချင်သည်။ အပျိုကြီးကျနေတာပဲဟု ကျွန်မကဘ၀င်မကျ။ ဖခင်ကြီးက နားလည်ပေးလေသည်။ စာတတ် မြောက်ပြီး စာဖတ်နိုင်သူပီပီ သူက ကျွန်မထက် ပိုပြီး ခေတ်အမြင်ကြွယ်ဝတွေ့သိနိုင်ပေ၏။

“သူက ဆယ်ကျော်သက်ကလေး ဖြစ်နေ ပြီလေ။ သီးသန့် နေချင်တယ်ဆိုတာ ငါတို့စဉ်းစား ပေးရမယ်ကွ။ မင်းရဲ့ မန်းကီးတွေနဲ့မဖြစ်တော့ ဘူး။ ခက်တာက သူတို့အခန်းကကျဉ်းနေတယ်”        အဲသည်အခက်ကို ကျွန်မတို့မှာ လတ်တ လော ဖြေရှင်း နိုင်ကြဦးမှာ မဟုတ်သေး။ ပိုက်ဆံ ငွေကြေးက ချောင်းဟန့်အသံပြုလေသည်။ ကျွန်မ၏ ရွှေထည်ငွေထည် လက်ဝတ်လက်စား တွေက မိုးမဆယ်တန်းတက်လာလျှင် ကုန်ကျဦး မည့် ကျူရှင်စရိတ်တွေအတွက် လျာထားရ သည်။ အထိမခံနိုင်သေး။
ကျွန်မတို့ ငှားရမ်းထားသော အိမ်တစ်ခြမ်းကို ဆေးခန်းဖွင့်ထားသည့်အတွက် လစဉ်အိမ်သုံး စားရိတ် အထောက်အကူ ရနေသည်သာမက ချောင်းဆိုး နှာစေးတုပ်ကွေးမိသည့် အပရိက ဝေဒနာတွေကို ဆေးခန်းထိုင်သူ ဆရာဝန်မက အခမဲ့ ကြည့်ရှုကုသပေးသည်။ ဆေးဖိုးသာပေးရ တာ ၀ါးခမပါဘူးဟု ကျွန်မ၏ သားတွေက ဟာသနှောပြီး ကျေးဇူးတင်ကြသော အခါတွင် ဆရာဝန်မက ရယ်မောနေခဲ့လေသည်။ ဒေါက်တာ့ ကျေးဇူးတွေ များလှပြီဟု ကျွန်မက အားနာမိသော အခါတွင်လည်း ညီမတို့က ဆေးခန်းဖွင့် ခွင့်ပြုလို့ သာ ကျွန်မဆေးကု နေနိုင်တာပါဟု သူမကတစ် လှည့်တစ်ပြန် ကျေးဇူးတင်ဖော် ရသေးရဲ့။ ဟုတ် တော့လည်းဟုတ်သား။ သည်လမ်းထဲမှာ အခြား ဆေးခန်းသုံးခုလောက် ရှိနေပြီးသားကိုပဲ ကျွန်မ တို့၏ နေအိမ်နေရာသည် အကွင်းအကွက်ကျ သည်ဟု ဒေါက်တာက ဆိုပြီး ဆေးခန်းဖွင့်ခွင့် တောင်းဆိုခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ၀င် ငွေလိုချင် နေသည်မို့ အဆင်ပြေ သွားခဲ့ပေ၏။   

ဝန်ထမ်းဆရာဝန်မကပြောင်းရွှေ့ဖို့ အမိန့်ကိုစောင့်ဆိုင်းနေသူ ဖြစ်သည်။ သူသွားပြီးလျှင် နောက် တစ်ဦးအားဆေးခန်းငှားလျှင်တော့ ကျွန်မက ကြိုတင်နှစ်ချုပ်တောင်းမည် ရည်ရွယ်သည်။ လိုအပ် လျှင် နှစ်နှစ်စာတောင်းလိုက်မည်။ ဒါဆို သားတွေနှင့် သမီးကို အခန်းသီးခြား ခွဲပေးနိုင်လောက်ပြီပေါ့။ စောင့်ရလှ တစ်နှစ်ပါပဲ။ မိုးမသည် သူမ၏ကျောင်းသို့ ဘတ်စ်ကား ဖြင့် သွားပြန်ရသည်။ ကားအမျိုးအစားခပ်များ များပင် ကျောင်းရှေ့တွင် ဆိုက်ကပ်ကြတာမို့
သမီးအတွက် သွားရေးလာရေး အဆင် ပြေသည်။ ကားကျပ်တာ ကတော့ ရှောင်လွှဲမရ နိုင်သောပြ ဿနာဖြစ်ပြီး ကားတံခါးဝနားမှာ မစီးဖို့သာ  တရရ မှာကြားရပါလေ၏။ မိုးမသည် အစားအသောက်ခုံမင်သည်။ စားကောင်းသောက်ကောင်း ၀မ်းမီးတောက်သည့် အရွယ်ကိုးလေ။ ခါတိုင်းဆိုလျှင် မိုးမသည် ကျောင်းမှအိမ်သို့ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျောပိုးအိတ် ကို တော်ရာပစ်ချပြီး မီးဖိုချောင်ထဲသို့ အပြေးရောက်နေကျ။ အမေဘာ စားရမလဲဟု မေးလည်းမေး၊ အဖြေကို မစောင့် ဆိုင်းနိုင်ဘဲ အိုးခွက်ပန်းကန်လှန်လှောရှာဖွေ သည်။

စားစရာ တွေ့ပြီဆိုသည်နှင့် ထမင်းဝိုင်းကျ မှ စားမည် ချန်မနေဘဲကို အငမ်းမရနှိုက် စားပစ် လိုက်တော့သည်ပင်။  အဲသည်အချိန်မှာ မောင်တွေကလည်း ကျောင်းသွားကြပြီ။ သူတို့အဖေကဆို မနက်ရှစ် နာရီကတည်းက ရုံးသွားပြီလေ။ မိုးမကိုယ်တိုင်က မနက်ခြောက်နာရီခွဲ ကတည်းက အိမ်မှထွက်ရတာ ကလား။ အဲဒါမှကျောင်းသို့ ခုနစ်နာရီရောက်နိုင် သည်။ ကျောင်းလည်းရောက်၊ ကျောင်းခေါ် ခေါင်းလောင်းလည်းထိုး။                မနေ့တုန်းက အစပြုပြီး မိုးမအမူအရာ ပျက်သည်။ သူ့အခန်းထဲသို့ တန်းဝင်သွားပြီး စာကြည့်စားပွဲမှာ ခြေပစ် လက်ပစ်ထိုင်ကာ ကျောင်းစာအုပ်ကို ထုတ်ကြည့်နေ လှန်လှောနေခဲ့ သည်။ အတန်ကြာသောအခါ ဟင်းခနဲသက်ပြင်း သက်မချပြီး အိပ်ရာထဲသို့ ခွေခေါက်လဲပြို၏။

ဆယ်ကျော်သက်သမီးကို မျက်ခြည်မပြတ်လေ့လာစောင့်ကြည့်သော မိခင်အနေနှင့် ဘေး စောင်းမြင်တွေ့ နေသည် ကို အာရုံစူးစိုက် ရသည်နှင့် လက်ကို အပ်ပေါက်မိခါနီး သီသီကလေး လွဲ သွားခဲ့တာပါ။                   ကျွန်မဆက်လက် စောင့်ဆိုင်းလေ့လာ သည်။ သည်နေ့ ဘယ်လိုဖြစ်မလဲ။            သည်နေ့လည်း မိုးမမှိုင် ခန်းချပြီး ပြန်လာ သည်ကို။ စက်ခုံမှ ကျွန်မက ဆီးမြင်၏။

စက်ချုပ်ရသည်ကို စိတ်မပါတော့သဖြင့် ကျွန်မက ချုပ်ထည်ကိုခေါက်သိမ်း၊ စက်ခေါင်းကို အဖုံးအုပ်ပြီးနေရာမှ ထသည်။ ပြီးတော့ သမီးအနီးသို့ လျှောက်သွားမိသည်။ သမီးဘာဖြစ်လဲ ဟု မေးချင်နေသည်။သမီးက မျက်စိမှိတ် ထား သည့်တိုင် ကျွန်မ ၏ခြေသံကို ကြားလေသည်။

“မန်းကီးတွေ ဘယ်သွားနေကြလဲ အမေ”
“စာကြည့်တိုက်မှာ ဂိမ်းဆော့နေကြတယ်”
“အဲဒါကတော့ မဖြစ်သင့်တဲ့ကိစ္စပါပဲ” ဟု ပြောရင်း မိုးမ ပြုံးရယ်သည်။ သမီး၏ အပြုံးကိုမြင်မှ ကျွန်မ ရင်အေးသွားသည်။

“သမီး ထမင်းမစားသေး ဘူးလား၊ ၁ နာရီ ထိုးနေပြီ”
“မဆာသေးဘူး အမေ”
မိုးမသည် နေ့ခင်း ၁၂ နာရီဆိုလျှင် ကျောင်းဆင်းပြီ။ သူမတက်နေသော အထက်တန်းကျောင်းရှေ့ မလှမ်းမကမ်းမှာပဲ ဘတ်စ်ကားဂိတ် ရှိသည်။ ဘတ်စ်ကားသာ တန်းရပါက ကားပေါ်မှာ ၁၀ မိနစ် လမ်းမှာ ၁၀မိနစ်။

သားတွေက ရပ်ကွက်ထဲမှ အလယ်တန်းကျောင်းမှာပဲ တက်သေးသည် ဆိုတော့ သမီးပြန်အလာကို မျှော်သလို ပူပန်ကြောင့်ကြ ရှိမနေရပါ။ နေ့ခင်း ကျောင်းသည် ယနေ့အဖို့ခုမှ သက်ဝင် လှုပ်ရှားစပြုဆဲ။

“မနေ့ကလည်း သမီးဟုတ်တိပတ်တိ မစားဘူးနော်၊ နေကောကောင်းရဲ့ လား”သမီး၏နဖူးကလေးကို အသာအယာ အပူချိန်စမ်း နှိပ်နယ်ပေးရင်း ကျွန်မ ကမေးသည်။ သူ့ အခြေအနေကို သွေးတိုးစမ်းမေးခွန်း ထုတ်ကြည့်တာပါ။

“ရင်ကယ်နေတယ် အမေ”
“သမီးဘာတွေ ၀ယ်စားသေးလဲ”
“မစားပါဘူး အမေရယ်။ သမီး စားသောက်ချင်စိတ်ကို မရှိတာ”
“စိတ်ရှုပ်နေလို့လား”   
“အင်း”ဆိုရင်း မိုးမသည် သူမ၏ဦးခေါင်းကို ခေါင်းအုံးနှင့် ဖုံးကွယ်ထား လိုက်၏။

အဲသလို ဆွေးနွေးဖော် ရလာတာကိုက သမီးနှင့် ပိုပြီးနီးကပ်ရင်းနှီးလာ သလို ခံစားရသည်။ သူကလေး ရင်ဆိုင် နေရသမျှ ကျွန်မ ၀ိုင်းဝန်းဖြေရှင်းပေး နိုင်လိမ့်မည်ဟု အားတက်လာလေသည်။

“ကဲပါ၊ ဆိုပါဦး၊မေမေ့သမီးကလေးက ဘာတွေစိတ်ရှုပ်နေလဲ” တန်တော့ကောင်လေး တစ်ယောက်ယောက်က စာပေးသလား၊ ချစ် စကားကြိုက်စကား ပြောသလားနှင့် သူ့အရွယ်ကို စိတ်ပူပန်နေကျ ကျွန်မ ကတော့ အဲသည်ကိစ္စသို့သာ တန်းပြီးအာရုံရောက်သည်။

အတန်းပိုင်ဆရာက ခွင့်သုံးရက် ယူထားတယ် မေမေ”
“အင်း”
သူ့စကားကိုသာ ထောက်ပေးလိုက်ရ၊ ကျွန်မ၏ စိတ်ကူးနှင့် တခြားစီလွဲ သွားသဖြင့် အိုးနင်းခွက်နင်းဖြစ်ရသည်။

“သူ့ကိုယ်စား သူ့တပည့်က စာပြတယ် သိလား၊ တက္ကသိုလ်ကျောင်းသူ၊ အဓိက၊ ဆရာ့ လက်ထွက် တပည့်ရင်းပေါ့၊ ဒီကျောင်းကပဲ ဆယ်တန်းအောင် တာတဲ့၊ အဲဒီတုန်းက ရူပဗေဒ ဂုဏ်ထူးထွက်တယ်တဲ့”
“အားကျစရာပဲနော်“ဟု ကျွန်မက မိုးမနေရာမှာ ၀င်ရောက်ခံစားသည်။ မိုးမအားကျ နေပါမှ ကြိုးစားမှာလေ။

“အဲဒီအစ်မက သိပ်စာတော်တာပဲလို့ ဆရာက ခဏခဏပြောဖူးတယ်”
မိုးမက မပွင့်တပွင့် ပြောနေသည်။ ကျွန်မမှာ မိုးမ၏ စကားသံကို သဲသဲ ကွဲကွဲ မကြားသောကြောင့် မနည်းကြီးကို နားစိုက်ထောင် နေရလေသည်။

“သူ တော်တယ်ဆိုတာတော့ ဟုတ်မှာပေါ့ မေမေရယ်၊ ဒါပေမဲ့ သူသင် တာ ၂ ရက်ရှိပြီ၊ သမီးတို့ တစ်တန်းလုံးပဲ လုံးဝနားမလည်ဘူး”       
“သူက ဘယ်ဘာသာရပ်သင်တာမို့လဲ သမီးရဲ့”
“သူဂုဏ်ထူးထွက်တဲ့ ရူပဗေဒပဲလေ”
“ဟင်” ကျွန်မမှာ ဇဝေဇ၀ါနှင့် နားရှုပ်သွားရပါသည်။
“တက္ကသိုလ် ရောက်နေပြီနော်”   
“ဟုတ်”
“သမီးတို့ ဆရာကပဲ သင်ပေး လိုက်တာနော်”
“ဟုတ်ပါတယ်ဆို” မိုးမ၏လေသံက စိတ်မရှည် ဟန်ပေါ်လွင်သည်။ ကျွန်မက သူတို့လို စာတတ်ပေတတ်တွေနှင့် စကားပြောလျှင် ဉာဏ်ရည်ချင်း ကွာဟနေပုံရလေသည်။

ကျွန်မက တစ်ခွန်းတော့မေးကြည့်သည်။
“သမီးရယ်၊ ကိုးတန်းရူပဗေဒနဲ့ တက္ကသိုလ် ရူပဗေဒဟာ စာချင်းကွာ တယ်ထင်တယ်လို့ အမေက တွေးမိလို့ပါနော်၊ ဟုတ်သလားဟင်”
မိုးမက အဖြေမပေးပါ။ ကျွန်မလည်း ထပ်မမေးတော့ပါ။ ဘာပဲဖြစ် ဖြစ် တက္ကသိုလ်တောင် ရောက်နေပြီးသော ရူပဗေဒ ဂုဏ်ထူးရှင်သည် ကိုး တန်းစာကို တတ်ကိုတတ်မှာပါဟု ကျွန်မက လူပြိန်း တွေးတွေးမိပါသည်။ အဲသဟာကို ထားလိုက်တော့။

ကျွန်မနှင့် တည့်တည့်ကြီး သက်ဆိုင်တာက မိခင်၏ တာဝန်ဝတ္တရားဖြစ် သည်။ မိုးမသည် အစာမ၀င်ရာမှ လေခံပြီးရင်ပြည့် ရင်ကယ်ဖြစ်နေသည်မှာ ညနေစောင်းလေ၊ ပိုဆိုးလေ။

မိုးမတစ်ယောက် အေ့ခနဲ အေ့ခနဲ လေချဉ်တက်နေသောအသံကို ကျွန်မ မှာ နားမခံသာတော့။
“သမီး အန်ချလိုက်ပါလားဟင်”
“အန်စရာအစာမှ မရှိတာ၊ လေတွေချည်းပဲ” ကလေးတို့အဖေကို တိုင်ပင်ရမည့်သူအဖြစ် ကျွန်မ စဉ်းစားမိသည်။ သူက ညခုနစ်နာရီ လောက်မှ အိမ်ပြန်ရောက်မည်။ ခုမှ ညနေငါး နာရီရှိသေး၊ ပြီးတော့လည်း မိုးမ ရင်ကယ်လေခံ နေသည့်ပြဿနာသည် မိုးမကျောင်းစာကို နားမလည်နိုင် နေသည့်အတွက် ဖြစ်သည်ဟု သူနားလည်အောင် ကျွန်မ ရှင်း မပြတတ်။ အိမ်ရှေ့တွင် ကားဆိုက်လာသံကြားသည်။ ဒါဟာ ဆေးခန်းဖွင့် သည့် အချိန်ဖြစ်သည်။ ဒေါက်တာ ရောက်လာပြီပဲ။ ကျွန်မ အားကိုးရှိသွား သည်။ ဟုတ်ပါရဲ့၊ မိုးမကို ဆေးခန်းခေါ်သွားရပါမည်။    

“သမီး သပ်သပ်ရပ်ရပ် လုပ်လိုက်ပါလား ၊လေခံနေတာကို ဒေါက်တာ့ ကိုပြောပြရင် သင့်တော်တဲ့လေဆေးတိုက်လိမ့်မှာပေါ့။ တစ်ညနေခင်းလုံး သားအမိနှစ်ယောက်တည်း ငြိမ်ကုပ်နေကြ တာလည်း ငြီးငွေ့စရာ”
မိုးမ ငြင်းဆန်လိမ့်မည်၊ ကျွန်မကချော့မော့ နှစ်သိမ့်ပြီး ခေါ်ရလိမ့်မည်ဟု ပြင်ဆင်နေသော်လည်း တကယ်တမ်းကျတော့ မိုးမသည် အိပ်ရာမှ လူးလဲ ထကာ သူမ၏ ဆံပင်လေးတစ်ထွာ တစ်မိုက်ကို ဖြီးသင်နေပါ၏။ ဆရာဝန်မကို မိုးမ မျက်စိကျသည်ကိုတော့ ကျွန်မ သတိထားမိပါသည်။ မိသားစုနှင့် ရပ်ရွာသာမက၊ တိုင်းပြည်အ၀ှမ်း ကျန်းမာရေးနှင့် လူမှုရေး အတွက် တစ်တပ်တစ်အားပါဝင်လေ့ရှိသော ဒေါက်တာ့အပေါ်တွင် မိုးမအထင် ကြီးအားကျသော အခံရှိထားသည်မို့ ဆေးခန်းပြဖို့ လိုလိုလားလားရှိနေ၏။

ဒေါက်တာကလည်း ကျွန်မတို့၏သမီးအပေါ် စိတ်ဝင်စားမှုရှိပါသည်။        “အနေအထိုင် ရိုးရိုးအေးအေးနဲ့ ညီမတို့ အားထားရမဲ့ သမီးကလေးပဲ”ဟု နှစ်ခြိုက်စွာ မှတ်ချက်ချဖူးသည်။

“ယခုလည်း စောစောစီးစီး ဆေးခန်းလာပြ သည်ကို ထိုင်၊ သမီးလေး ထိုင်နှင့် လိုလားစွာ ကြိုဆို၏။ ဖြစ်ပျက်ပုံကို ကျွန်မကပြော၊ ဒေါက် တာက ကာယကံရှင် သမီးကို မေး။

“အင်း၊ သမီးက စာနားမလည်တာကို စိတ် ပူပန်နေတာ ဖြစ်မှာပါကွယ်၊ စိတ်ကြောင့်အစား မ၀င်ဘဲ ရင်ပြည့်ရင်ကယ် ဖြစ်နေတာပါ”
“သမီးတစ်ယောက်တည်း မဟုတ်ဘူး တီ ချာ၊ သူငယ်ချင်းတွေလည်း ဒီအတိုင်းပဲ” သမီး က ဒေါက်တာဆိုသော အခေါ်အဝေါ်ကို မရင်းနှီး ဘဲသူတို့ သုံးနေကျအတိုင်း တီချာဟု ခေါ်ပြောနေ သောကြောင့်ကျွန်မက ပြုပြင်ပေးချင်သည်။ ဒါကို ဒေါက်တာက သတိထားမိကာ ကျွန်မအားအသာ လက်ပြဟန့်တားသည်။ သူမသည်သမီး၏ စိတ် ခံစားမှုနှင့်တင်ပြမှုကိုသာ အရေးတယူ နားထောင် နေခဲ့၏။

“သမီးတို့ဖြစ်ပုံကို နားထောင်ရင်းဆရာမ ကလေ၊ ငယ်ငယ်တုန်းက အကြောင်းကလေးကို ပြန်သတိရသွားမိတယ် သိလား”
ဆရာမတဲ့လား၊ သြော်-ကျွန်မသတိထား မိပြီ၊ ကျွန်မတို့တွေက ကျောင်းဆရာမဆိုလည်း ဆရာမသို့မဟုတ် တီချာခေါ်သည်။ သူနာပြုဆို လည်း ဆရာမ ခေါ်သည်။ ဆရာဝန်မဆိုလည်း ဆရာမခေါ်သည်။ သို့မို့ကြောင့် သမီးက ဒေါက် တာ့ကို တီချာခေါ်နေတာပဲ။  ဆေးကုသသူသည် သင်ကြားပေးသူ မဟုတ်သည့်အတွက် တီချာဆိုသော အခေါ် အဝေါ်၏ ဆရာမ အဓိပ္ပာယ်နှင့် ကွာဟနေမည် ထင်သည်။ သို့တစေ ကျွန်မ ကိုယ်တိုင်မတတ် ကျွမ်းသည့် ဘာသာရပ်တွေ အခေါ်အဝေါ်တွေ အကြောင်းကိုနောက်မှသာ အဖြေရှာပါတော့မည်။ ခုနေခါတော့ မိုးမ လေခံနေသည့် ပြဿနာကို ဒေါက်တာ ဖြေရှင်းပေးပါစေဦး။                ရှေးဦးစွာ ဒေါက်တာသည် မိုးမအတွက် လေဆေးအပါအ၀င် စိတ်ငြိမ်ဆေးကို ပါပေးသည်။

“ဆရာမ ဆယ်တန်းတုန်းကပေါ့၊ ဆရာမတို့ ဆရာက ရူပဗေဒသင်တယ်။ အရမ်းအသင်အပြ ကောင်းတာ၊ သူရှင်းပြရင် တစ်ခါတည်းနဲ့ ပေါက် တယ်ကွဲ့”   
“သမီးတို့ ဆရာလိုပဲပေါ့နော်”
“တစ်ခါတော့၊ ဆရာ နေမကောင်းလို့ ခွင့်ယူ တယ်။ သူ့တပည့်ကအစား ၀င်သင်ပေးတယ် သိလား။ အခုသမီးတို့ဖြစ်သလိုပဲ သင်ပေးတဲ့
ဆရာလေးကလည်း တက္ကသိုလ်ကပဲတဲ့၊ ကျောင်း တုန်းက သိပ်တော်တဲ့ လူရည်ချွန်တဲ့။ ဒါပေမဲ့  သူ သုံးရက် သင်ပေးတာ ဆရာမတို့ ဘာမှနား မလည်လိုက်ဘူး၊ သင်ပေးတဲ့ ဆရာလေးလည်း ချွေးတွေပျံ ဆရာမတို့လည်း ချွေးတွေပြန်နဲ့၊ သင် ခန်းစာလည်း စတဲ့နေ့ကအတိုင်း သုံးရက်စာ သုံး ချိန်သာကုန်သွားတယ် တိုးမလာဘူး။
ဆရာမက၊ အဲလေ။ ဒေါက်တာက စာအိတ် ဖြူကလေးတွေနှင့် သမီးအတွက် ဆေးသုံးခွက်စီ ကို သုံးရက်စာသုံးအိတ်ပေးသည်။

“ဆယ်တန်း စာမေးပွဲကြီးကလည်း နီးတာနဲ့တော့ အားလုံးကွိုင်တက်ပြီ ဆိုပြီး အားငယ်နေကြတာ လေ၊ ဆရာ ပြန်ရောက်လာမှသာပဲ ဆရာမတို့ လည်းစိတ်အေးသွားတော့တယ်” ကျွန်မရော၊ မိုးမပါ ဒေါက်တာ့စကားကို နားစွင့်ကာနေသည်။

“မိုးနတ်မင်းကြီးက ဆရာ့ကို စီးလိုက်   သလားတော့မသိဘူးနော်၊ သူသင်သွားတာ ဘာမှ အထူးအထွေ အားစိုက်သွားတာလည်း မတွေ့ ပါဘူး။ ခါတိုင်းလိုပဲ ပုံမှန်အေးဆေးပါပဲ၊ ဒါပေမဲ့ ဆရာမတို့ နားလည်သွားကြတယ်” ဒေါက်တာက သမီးထိုင်နေသော ထိုင်ခုံနှင့် မျက်နှာချင်းဆိုင်စားပွဲ၏ တစ်ဖက်မှ ဆရာဝန်ထိုင် သောခုံတွင် ထိုင်လိုက်လေသည်။   

“နောက်ထပ် ဥပမာတစ်ခု ပြောပြဦးမယ် နော်၊ အဲဒါကလည်း ဆရာမ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရတာပါပဲ၊ ဆရာမက ဆေးကျောင်းတက်တုန်း က ဦးလေးရဲ့ အိမ်မှာနေရတယ်၊ ဦးလေးမှာသွေး တိုးရောဂါရှိတယ်။ တစ်ခါတော့ ဦးလေးက  သွေးတိုး တက်တက်နေတာ မကျလို့ သူ့သူငယ် ချင်း အထူးကု ဆရာဝန်ကြီးနဲ့ ပြတယ်။ ဆရာဝန် ကြီးက တစ်ပတ်တစ်ခါ အိမ်လာကြည့်ပြီး ဆေး ကိုလိုတိုးပိုလျှော့ လုပ်ပေးနေတာ။ သူလာရင်ပြဖို့ နေ့တိုင်းသွေးပေါင်ချိန်ထားဖို့လိုတာပေါ့”

“ဦးလေးရဲ့သား ဆရာမရဲ့ အစ်ကိုဝမ်းကွဲက ဆရာဝန်ဖြစ်နေတာ လေးငါးနှစ်ရှိပြီ။ သူ့အလုပ် မသွားခင် ဦးလေးကို သွေးပေါင်ချိန် သွားပေးရ တယ်။ သူ့သားကလည်း အိပ်ရာနိုးတာနဲ့ ဖုတ်ပူမီး တိုက်ဆေးရုံပြေးရတာမို့ အချိန်မပေးနိုင်ဘူး။ အဲဒါ နဲ့ အစ်ကိုက ဦးလေးနဲ့တစ်နေ့လုံးရှိနိုင်တဲ့ သူ့ ညီမ၊ ဆရာမရဲ့ အစ်မ၀မ်းကွဲကို သွေးပေါင်ချိန်ဖို့ သင်ပေးတော့တယ်။ အစ်မကလည်း သင်ယူချင် ပါတယ်။ သင်တဲ့အချိန်ကစပြီး အစ်မ တရွှတ်ရွှတ် ငိုရတော့တာပါပဲ”
ဒေါက်တာသည် ရှေးဖြစ်ဟောင်းကို ပြန် ပြောင်း သတိရရင်းပြုံးနေသည်။ သူမ၏၀မ်းကွဲ မောင်နှမတွေ အလယ်မှ မျက်ရည်ဇာတ်လမ်း သည် ကျွန်မတို့သားအမိကို ဖမ်းစားနေပါတော့ သည်။

“ဒီနေရာမှာ ထုတ်ထုတ်နဲ့ အသံစကြားမယ်၊ အဲဒါသွေးပေါင်ချိန် အပေါ်မှတ်နေရာပဲ၊ သွေး ကြောကတင်းခံနေတဲ့နေရာ၊ စစ်စတောလစ်ခေါ် တယ်၊ နင် တောက်လျှောက်ကြားမယ်၊  အသံ ပျောက်သွားမယ်။ အဲဒီနေရာကို ဒိုင်ယာစတော လစ်ခေါ်တယ်။ နင် မှတ်ထားရမှာ အဲဒီနှစ်နေရာ ပဲ။ ရှင်းလား”
“ဟင့်အင်း အစ်ကို။ ဒီနေရာကို ညီမလေး မှတ်ထား ရမှာလား”ဟု သွေးပေါင်ချိန်ကရိယာ ကို လက်ညှိး ညွှန်ပြပြီး မေးသည်။ အစ်ကိုက စိတ်တိုသည်။ သိပ်တုံးတာပဲ။ အစ်မက ငိုသည်။ ညီမလေးမှ နားမလည်တာ။ အဲဒီတုန်းက ဆရာမ ကလည်း ဆေးကျောင်းသူဆိုတော့ သွေးပေါင်ချိန် တတ်နေပါပြီ။ အစ်ကိုက သူအလုပ်ကို အချိန်မီ ပြေးရသလို ဆရာမလည်း ကျောင်းရောက်အောင် အချိန်မီပြေးရတာမို့ ဦးလေးကို သွေးပေါင်ချိန်ဖို့ တာဝန်မပေးတာ ဖြစ်နိုင်ပါတယ်”ဇာတ်ပေါင်း သောအခါ၊ ၀ါရင့် ဆရာဝန်တစ်ယောက်လို လုပ် ငန်းမကျွမ်းကျင် သေးသည့်တိုင် ဆေးကျောင်းသူ ဒေါက်တာသည် အစ်မဖြစ်သူအား သွေးပေါင်ချိန် တတ်အောင် သင်ပြပေးနိုင်ခဲ့သည်။

“ရှေးဦးသူနာပြုတွေ၊ ဓာတ်ခွဲခန်းကျွမ်းကျင် သူတွေ၊ သူနာပြုအကူတွေ၊ ဘယ်သူမဆိုသင်ပေး လိုက်ရင် တတ်ကျွမ်းနိုင်တဲ့ နည်းပညာတစ်ခုပါ ကွယ်”                              နောက်နေ့ကျောင်းမှ အပြန်တွင် မိုးမ အူမြူး ခုန်ပေါက်လာသည်။ ကျွန်မသည်အပ်ချုပ်စက်ခုံ မှ မျှော်ကြည့်ရင်း သူ့စာသူတတ်မြောက်သွားပြီ ဆိုတာသဘောပေါက်လိုက်ပါသည်။

“ဆရာသင်လိုက်တော့လည်း သမီးတို့ နားလည်သွားတတ်သွားတာပဲ အမေ၊ ခုတော့အေး ဆေးပဲ”ကျောင်းပညာမူလတန်း အောင်ပေမဲ့လည်း ကျွန်မမှာ ဘ၀ပေးအသိကသင်ကြား သောပညာ ဗဟုသုတတွေ ရှိပါသည်။ ကိုယ်တိုင်တတ်တိုင်း လည်း သူတစ်ပါးတတ်အောင် သင်မပေးတတ် ပါ။ သူတစ်ပါး တတ်မြောက်အောင် သင်ပေး တတ်ဖို့လိုအပ်ပါသည်။ စာသင်ပေးတတ်တာ ပညာပါပဲကလား။
မြနှောင်းညို
(Teen Magazine October 2012)

No comments:

Post a Comment