ပညာရေးမှာ ပြုပြင်ပြောင်းလဲဖို့ လိုတာတွေကို ယခုတလော ပညာရှင်တွေ ဆွေးနွေးကြ၊ အကြံပြုကြနဲ့ စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်က ပညာရှင်တစ်ဦးမဟုတ်ပေမယ့် စဉ်းစားမိတာလေးတစ်ခုကို ပြောချင်ပါတယ်။ ယခု လောလောဆယ် မြန်မာနိုင်ငံမှာ ကျွန်တော်တွေ့မြင်မိတဲ့ (အခြေခံ) ပညာရေးကတော့ ကလေးတွေ ပညာရှာရတာ မအားလွန်းလို့ တအားပန်းကြတဲ့ မနားတမ်း ပညာရေးဖြစ်နေလားလို့ ခံစားမိပါတယ်။ တစ်သက်တာ ပညာရေး (Life Long Education) တို့၊ စဉ်ဆက်မပြတ်ပညာရေး( Continuing Education) တို့နဲ့ မရောစေချင်ပါဘူး။
ပညာရေးပြုပြင်ပြောင်းလဲဖို့ ၊ အခြေခံပညာ သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာများကို အဆင့်မြင့်အောင် ဆောင်ရွက်ကြမယ်ဆိုရင် ပညာရေးစနစ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ကလေးကျောင်းဝင်သက် သတ်မှတ်ရေးနဲ့ .........
တစ်နှစ် ကျောင်းတက်ရက်( တစ်နှစ် စာသင်ချိန် နာရီ) သတ်မှတ်ရေး စတာတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးကို မကြည့်သေးဘဲ၊ အာဆီယံနိုင်ငံတွေလောက်ပဲ ကြည့်ရင်တောင် ပညာရေးစနစ်ဖွဲ့စည်းပုံက မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေမှာ၊ အခြေခံပညာ သင်ယူတဲ့ ကာလဟာ ၁၁ နှစ် ဖြစ်ပါတယ်။ ကျန်အာဆီယံနိုင်ငံ တွေက ၁၂ နှစ်နဲ့ အထက်ဖြစ်ပါတယ်။ ကလေး ကျောင်းဝင်သက် သတ်မှတ်တာကျတော့ မြန်မာ တစ်နိုင်ငံတည်းက ၅ နှစ် ဖြစ်ပြီး ကျန်အာဆီယံ နိုင်ငံတွေက ၆ နှစ် ဖြစ်ပါတယ်။ တစ်နှစ် ကျောင်းတက်ရက်မှာ မြန်မာနိုင်ငံဟာကျောင်းတက်ရက်နည်းတဲ့ နိုငံမှာ ပါဝင်နေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အမှန်တကယ် တစ်နှစ် စာသင်ရက်ဟာ ရက် ၁၈၀ တောင် မပြည့်ပါဘူး။
ဒါပေမယ့် ကလေးတွေကတော့ ကျောင်းတက်ရက်တွေရော၊ ကျောင်းပိတ်ရက်တွေပါ မနက်ကျူရှင် ညကျူရှင်နဲ့ မအားကြပါဘူး။ ကစားချိန်လည်း မရှိ၊ နားချိန်လည်း မသိ၊ စိတ်ပင်ပန်း ၊ လူပင်ပန်း ဖြစ်နေကြရတာ ဖြစ်ပါတယ်။ ဒီလို အပင်ပန်းခံရလို့ အချိန်ပေးရလို့ ငွေအကုန်ခံရလို့ အရည်အသွေးရှိ ပညာရေး ( Quality Education) ဆိုတော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဟာ ကြက်တူရွေးတွေ စက်ရုပ်တွေလို ဖြစ်သွားပြီး အသိပညာ (Knowledge) နဲ့ ကျွမ်းကျင်မှု (Skill) တွေ ရမသွားလို့ပါပဲ။ အဆိုးဆုံးကတော့ သဘောထားရပ်တည်ချက် (Attitude) ကောင်းမသွားတာဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ ကျောင်းတွေက မဖြစ်မနေ ပေးလိုက်ရမယ့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတွေ ရမသွားတာ၊ နိုင်ငံတော်ရဲ့ ပညာရေး ဆောင်ပုဒ်ဖြစ်တဲ့ ‘ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့’ ဆိုတဲ့ ရည်ရွယ်ချက် မပေါက်မြောက်တာ၊ ပညာရေး မျှော်မှန်းချကဖြစ်တဲ့ ‘ မျက်မှောက်ကာလ ဖြစ်သောပညာခေတ် (Knowledge Age) ၏ စိမ်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း (Learning Society) ကို ဖန်တီးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်’ ဆိုတာကို မမျှော်မှန်းနိုင်တာတွေပဲ ဖြစ်ပါတယ်။ စွန့်ဦးတီထွင်တဲ့အတွေး ( Initiative Thinking) ၊ တီထွင် ဖန်တီးတဲ့ အတွေး (Creative Thinking) နဲ့ ဝေဖန်ဆန်းစစ်တဲ့အတွေး (Critical Thinking) တွေ ရသွားဖို့တော့ ဝေလာဝေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာကို ဖြေရှင်းခြင်း (Problem Solving) ကိုလည်း လုပ်မှာ မဟုတ်ပါဘူး။
ဒီနေရာမှာ မိဘနဲ့ ဆရာတွေကိုလည်း ပြောချင်ပါတယ်။ ပထမ လက်ဦးဆရာဖြစ်တဲ့ မိဘတွေကလည်း ၊ သားသမီးကို ၃-၄ နှစ်ဆိုရင် မူကြိုပို့၊ ၅ နှစ် ဆိုရင် ကျောင်းအပ်ကြပြီ၊ တချို့ မိဘတွေ ကိုယ့်သားသမီး စာတော်ဖို့ ( အမှတ်များများရဖို့) လောက်ပဲ အာရုံစိုက်ကြတယ်။ စိတ်ပိုင်း (Mental) ၊ ရုပ်ပိုင်း ( Physical) အချိုးညီညီ ဖွံ့ဖြိုးဖို့ကျတော့ မစဉ်းစားကြဘူး။ ဒုတိယ အာစရိယဆရာတွေကလည်း လူနေမှု အဆင့်အတန်း (Living Standard ) နိမ့်ကျမှု၊ လူနေမှုစရိတ် (Cost of Living) မြင့်မားမှုတွေပဲ အကြောင်းပြပြီး အသပြာလမ်း လိုက်ကြတယ်။ ဆရာ တပည့်ပုံရိပ်မှာ စေတနာကို မတွေ့ရတာ ကြာပြီ၊။ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် ဆိုတာပဲ ပြောကြတယ်။ အတန်းတင် စာမေးပွဲ ပြီးတာနဲ့ နောက်စာသင်နှစ် နောက်အတန်းသစ်အတွက် ကျူရှင်က ဖွံ့ပြီ။ ကျောင်းစာကို ကျောင်းမှာ ပြတ်အောင် မရှင်းကြတဲ့ ပြဿနာပါပဲ။ ကျူရှင်ကိစ္စကတော့ ဆရာတွေရဲ့ စားဝတ်နေရေးကို အာမခံနိုင်တဲ့ လစာစနစ်ကပဲ ဖြေရှင်းပေးနိုင်မယ် ထင်ပါတယ်။ ဒါတွေ အားလုံးကို ဆရာကြီးတစ်ဦးရဲ့ 'P' သုံးလုံးနဲ့ ချုပ်ပြီး ပြောချင်ပါတယ်။ မြန်မာနိုင်ငံပညာရေးကို ဘယ်လို ဒဿန (Philosophy) နဲ့ သွားမလဲ။ ဘယ်လို မူဝါဒ (Policy ) ချမှတ်မလဲ။ ဘယ်လို လက်တွေ့ ( Practice) ကျင့်သုံးမလဲ ဆိုတာပါပဲ။ ဒါတွေကို ပညာရှင်တွေက 'ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး'( Comprehensive Education Sector Review-CESR) ဖြင့် အဓိက လုပ်ငန်း ၅ ခုကို ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ လုပ်ငန်းတွေကတော့
၁။ မူဝါဒ၊ ဥပဒေ၊ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာငွေ ကျခံသုံးစွဲမှု လုပ်ငန်း
၂။ ရှေးဦး ကလေးသူငယ် ဖွံ့ဖြိုးရေးနဲ့ အခြေခံ ပညာရေးလုပ်ငန်း
၃။ ကျောင်းပြင်ပ ပညာရေးလုပ်ငန်း
၎။ အသက်မွေးဝမ်းကျောင်း ပညာရေးလုပ်ငန်း
၅။ အဆင့်မြင့် ပညာရေးလုပ်ငန်း စတာတွေ ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေကို အချိန်တိုအတွင်း စိစစ်အကဲဖြတ်ခြင်း၊ အသေးစိတ်လေ့လာ ဆန်းစစ်ခြင်းနဲ့ ပညာရေးကဏ္ဍလုပ်ငန်းအလိုက် စီမံကိန်းများ ရေးဆွဲ တင်ပြခြင်း၊ စတဲ့ အဆင့် ၃ ဆင့် သတ်မှတ်မှာ ဖြစ်ပြီး အချိန်ကာလ ၂ နှစ်ကြာမယ်လို့ သိရပါတယ်။ ပြီးရင်တော့ စီမံကိန်း ( Plan) တွေ ရေးဆွဲ၊ အစီအစဉ် (Program) တွေ ချမှတ်၊ လုပ်ငန်းစီမံချက် (Project0 တွေနဲ့ လုပ်သွားကြရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံတော်က ဆောင်ရွက်နိုင်မယ့်အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မိဘ ပြည်သူ အပိုင်းကတော့ ကာယ၊ ဥာဏ၊ စာရိတ္တနဲ့ ရသ၊ သက်မွေး၊ ဘက်စုံ ပညာရေး တကယ်ဖြစ်ဖို့ကိုပဲ မျှော်လင့်နေရခြင်း ဖြစ်ပါတယ်။ ဘက်စုံလို့ အခက်ကြုံရတာမျိုး မဖြစ်စေချင်ကြောင်း ထပ်လောင်းပြောပါရစေ။
မောင်မြကျော်
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၇ ၊ ၂၅၊ အောက်တိုဘာ၊ ၂၀၁၂ မှ ကူးယူဖော်ပြပါသည်။

No comments:
Post a Comment