သေကံမရောက် သက်မပျောက်
(၁)
မနက်ခရီးထွက်ရမည်ဖြစ်သဖြင့် နံနက် ၃ နာရီလောက် ကတည်းကနိုးနေသည်။ တပည့်ကျော် ၀င်းထိန်က လုံခြည်လေးခြုံပြီး ကွေးနေသည်။
“ဟေ့ကောင် ၀င်းထိန်.. ထတော့။ ၄ နာရီလောက်မှာ ဒီကထွက်မှ တော်ရုံကျမှာ”
တပည့်ကျော်က မထချင် ထချင်နှင့် မျက်စိတွေပွတ်ပြီး ကြောင်တောင်တောင် လုပ်နေသဖြင့်၊ ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်မှ ပြူးပြူးပြာပြာထကာ အိမ်နောက်သို့ ၀င်သွားသည်။
ထိုစဉ် ကျွန်တော့် မိခင်ကြီးက
“လူလေး ထမင်းစားသွားလို့ရပြီ။ အားလုံးကျက်နေပြီ” ဟုပြောလိုက်သည်။ အမေ ဘယ်အချိန်က ထမင်း ဟင်းတွေ ထချက်ထားမှန်းမသိ။
ဝင်းထိန်နှင့် ကျွန်တော် အမေချက်ပေးထားသည့် ထမင်းနှင့် ငါးခြောက်ဟင်းကို အ၀စားပြီး အိမ်မှထွက်ခဲ့ကြ သည်။ ကားဂိတ်ရောက်တော့ နံနက် ၄ နာရီအတိ။
အစောဆုံး ဂိတ်ကားက မထွက်သေး။ ခရီးသည်တွေကို စောင့်တင်နေသည်။ ကျွန်တော်တို့လည်း ကားပေါ်တွင် ချမ်းချမ်းနှင့် ကွေးနေကြသည်။
ပဲခူးမှ နောက်ထပ် ၁၀ မိုင်၊ ဘုရားကြီးကို ဤကားဖြင့် လိုက်ရမည်။ ဘုရားကြီးရွာရောက်လျှင် နောက်ထပ် ဘောနတ်ကြီးရွာသို့ မြင်းလည်းဖြင့် ၇ မိုင်ခန့် ခရီးဆက်ရမည်။ ဘောနတ်ကြီးမှ စတင်ကာ ကုန်းကြောင်းခရီး ပဲခူးရိုးမအနီးသို့ မိုင် ၃၀ ခန့် ခြေလျှင် ချီတက်ကြရမည်။ ထို့ကြောင့် နေမပူမီ ခရီး သုံးပုံတစ်ပုံခန့်ကျိုးရန် ကျွန်တော် စိတ်လောနေခြင်းဖြစ်သည်။
ကားက ခရီးသည်စောင့်နေသည်မှာ အတော်လေးကြာသွားသည်။ ဘုရားကြီးရောက်တော့ ရောင်နီလေးတွေ လုနေပြီ။ ကျွန်တော်တို့ မြင်းလှည်းဂိတ်သို့ရောက်သော် မြင်းလှည်းပေါ်တွင် လူ ၇ ယောက်ခန့်ရှိနေပြီ။ ကျွန်တော်တို့တက်လိုက်တော့ ၉ ယောက်၊ မြင်းလှည်းသမားနှင့် ၁၀ ယောက်၊ နောက်ထပ် ၂ ယောက်ထပ်တင် ဦးမည်ဆိုကာ ဆက်စောင့်သည်။ မကြာမီ အမျိုးသမီး ၂ ဦးထပ်ရောက်လာသဖြင့် မြင်းပိန်လေးသည် လူ ၁၂ ယောက်ကို ခြေကန်ရုန်းရင်း ခရီးဆက်ခဲ့သည်။ မိုးလင်းစပြုပြီ။
ကျွန်တော်တို့ ဘောနတ်ကြီးရွာရောက်တော့ ရှေ့ခရီးဆက်ရန် အဖော်ရှာသည်။ စောနေသေးသဖြင့် တောလမ်း ခရီးကို အဖော်မရှိ။ ကျွန်တော်က ဤဒေသကို မကျွမ်း။ သို့ဖြစ်ရာ ပဲခူးသို့ လစာဆင်းထုတ်တိုင်း ခရီးလမ်းကျွမ်း ကျင်သည့် တပည့်တစ်ဦးဦးကို ခေါ်လာတတ်သည်။
(၂)
ကျွန်တော် အမှုထမ်းသည့် ရွာသည် ဇောင်းတူရွာကြီးဖြစ်သည်။ ဇောင်းတူရွာဟုဆိုသော်လည်း အမှန်မှာ ဇောင်းတူနှင့် မကျည်းခုံ ရွာကြီးနှစ်ရွာကို ပေါင်းထားခြင်းဖြစ်သည်။ သို့သော် ဇောင်းတူတိုက်နယ်ဆိုသည့် အမည်သာတွင်ပြီး ဇောင်းတူရွာဖြစ်သွားရသည်။
ကျွန်တော်က ဇောင်းတူရွာသို့ အလယ်တန်းပြဆရာတာဝန်ဖြင့် ရောက်လာခြင်းဖြစ်သည်။ ကျောင်းသည် တွဲဘက်အထက်တန်းကျောင်းဖြစ်သဖြင့် ၁၀ တန်းအထိရှိသည်။ ကျေးရွာထောက်ပံ့မှုဖြင့် ၁၀ တန်းအထိ ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။
ကျွန်တော်ဇောင်းတူကျောင်းသို့ ရောက်ချိန်တွင် ကျောင်းအုပ်မရှိ။ ပဲခူးနှင့်ဝေးပြီး ငှက်ဖျားပေါသည်ဆိုသော ချောင်းဖျားကျောင်းသို့ ကျောင်းအုပ်များ သိပ်မလာချင်။ ကျောင်းအုပ်တွေ ရောက်သည်ဆိုလျှင်လည်း အမည်ခံ သာရောက်ပြီး အမျိုးမျိုး ရာထူးတွေတိုးကာ ပြောင်းရွှေ့သွားကြသည်။ ထိုကျောင်းတွင် မြို့မှရောက်လာသော ကျွန်တော့်ကို တာဝန်ခံကျောင်းအုပ်ရာထူး မြို့နယ်ပညာရေးမှူးရုံးက သတ်မှတ်လိုက်သဖြင့် အလိုလို ဆရာကြီး ဖြစ်သွားရတော့သည်။
ဆရာကြီးဖြစ်ရသဖြင့် ပိုပြီး ပင်ပန်းဆင်းရဲသည်။ မိုင် ၅၀ ခန့်ကို တစ်လ နှစ်ကြိမ်လောက် ပဲခူးသို့ ဆင်းရသည်။ လ၀က်ဆိုလျှင် လစာဘီလ်တင်၊ အစည်းအဝေးတက်ရသည်။ လကုန်လျှင် လစာထုတ်ရသည်။
မိုးတွင်းဆိုလျှင် ပဲ့ထောင်ဖြင့် ပဲခူးမြစ်အတိုင်း ဆန်တက်ရသည်။ မနက် ပဲခူးမှ ၄ နာရီခန့် ပဲ့ထောင်စီးလျှင် ညမိုးချုပ်မှ ဇောင်းတူသို့ရောက်သည်။ တစ်နေကုန် ဆူညံသည့်စက်သံကို နားထောင်ရင်း အိပ်လိုက်၊ စာဖတ် လိုက်ဖြင့် ခရီးသွားရသည်မှာ ငြီးငွေ့စရာကောင်းသော်လည်း လူသိပ်မပင်ပန်းပေ။
ယခုလို လှေမပေါက်၊ ကားမရောက်ချိန်တွင် ကျွန်တော်တို့ လမ်းလျှောက်ကြရသည်။ ဒီဇင်ဘာလလောက်တွင် ကျွန်တော်တို့ ကုန်းကြောင်းတလှည့်၊ ခြေလျှင်တစ်နည်းဖြင့် ခရီးသွားကြရသည်။
(၃)
ကျွန်တော်နှင့် တပည့်ကျော် ၀င်းထိန်တို့ တစ်တောဝင် တစ်တောင်တက် ခရီးဆက်ခဲ့ကြသည်။ ကျွန်တော့်တွင် ကျောပိုးအိတ်တစ်လုံး၊ ၀င်းထိန်း ကျောပိုးအိတ်တစ်လုံးနှင့် လုံခြည်တိုတိုဝတ်ကာ ခရီးဆက်လာကြသည်။
ဇောင်းတူခရီးလမ်းက ပဲခူးမြစ်ကြီးကို ပတ်ပြီး၊ တောထဲဝင်လိုက်၊ ချောင်းထဲဆင်းလိုက်၊ ရွာကိုဖြတ်လိုက်နှင့် ခရီးကြမ်းဖြစ်သည်။
ပခုံးထက်မှ ကျောပိုးအိတ်ကလည်း လေးသည်ထက် လေးလာသည်။ အမေထည့်ပေးလိုက်သည့် ငါးခြောက် ဘူးများ၊ စာအုပ်များက ကြာလာသောအခါ ခြေထောက်များကို တုန့်ဆွဲထားသလိုပင်။ ၀င်းထိန်၏ ကျောပိုးအိတ် ထဲမှာတော့ ရုံးမှပေးလိုက်သည် ရုံးသုံးပစ္စည်းများ၊ ဆရာ ဆရာမများမှာလိုက်သည့် ပစ္စည်းတွေနှင့် ပြည့်နေ သည်။ တစ်လတစ်ခါ ဆရာ ဆရာမတို့ မှာလိုက်သည့် တိုလီမိုလီတွေကလည်း အကျိုးဆောင်ရသည်မှာ တပည့်ကျော် ခါးကိုင်းနေပြီဖြစ်သည်။
ကျွန်တော်တို့ ထန်းတောကြီး ရွာမှအထွက်တွင် ခြေကုန်လက်ပမ်းကျနေသည်။
“၀င်းထိန် ခဏလောက် နားရအောင်ကွာ” ဟုကျွန်တော်က ပြောလိုက်သည်။
ကျွန်တော်တို့ရောက်နေသည့် နေရာမှာ ၀ါးတောလေးတစ်ခုအတွင်းဖြစ်သည်။ ၀ါးရွက်တွေ ကြွေထားသည်မှာ မွေ့ယာလိုဖြစ်နေသည်။ ကျွန်တော့် စကားမဆုံးမီ တပည့်ကျော်က ၀ါးရွက်တွေပေါ်လှဲချလိုက်သည်။ ကျွန်တော် ကတော့ ကမူလေးတစ်ခုကိုမှီရင်း ထိုင်ချလိုက်သည်။ ကျောပိုးအိတ်ကို မဖြုတ်ဘဲ မျက်စိကိုမှိတ်ပြီး နားလိုက် ခြင်းဖြစ်သည်။
ကျွန်တော့်စိတ်ထဲတွင် မျက်စိတစ်မှိတ်လောက်ထင်လိုက်သည်။
ဖြော..ဖြော..ဖြော ဟု အသံကြားလိုက်ရသဖြင့် လန့်နိုးသွားသည်။ ကျွန်တော်တို့နှင့် မနီးမဝေးတွင် ချေတစ် ကောင်က ကျွန်တော်တို့ကို စူးစမ်းသယောင်ကြည့်နေသည်။
“ဟေ့ကောင် .. ၀င်းထိန် … ထ..ထ..”
ကျွန်တော်က ၀င်းထိန်ကို လှုပ်နှိုးလိုက်သည်။ သည်တော့မှ သူလည်း ပြူပြဲထသည်။
“ဟာ ဘယ်အချိန်တောင်ရှိသွားပြီလဲ။ နေတောင်စောင်းနေပြီ”
နာရီကိုကြည့်လိုက်ရာ ၅ နာရီထိုးတော့မည်။ ခဏလေးဆိုပြီး မှေးလိုက်သည်မှာ ကျွန်တော်တို့ ၂ နာရီခန့် ထိုင်လျှက် အိပ်ပျော်သွားခြင်းဖြစ်သည်။ မနက်ကလည်း အစောကြီးထ၊ ညကလည်း အမေနှင့် စကားပြော သဖြင့် အတော်နှင့် အိပ်မရ၊ ခရီးကလည်းပန်းသဖြင့် အိပ်ပျော်သွားခြင်းဖြစ်သည်။
“ဟေ့ကောင် မိုးချုပ်တော့မယ်။ ခရီးဆက်လို့ဖြစ်ပါမလား”
“ဖြစ်ပါတယ် ဆရာရဲ့။ မမှောင်ခင် တမာပင်ရွာကို ရောက်မှာပါ။ ဟိုဘက်ဆိုရင် နီးသွားပြီပဲ။ ကျွန်တော့်မှာ ဓာတ်မီးပါပါတယ်ဆရာရဲ့။ ဒီလမ်းတွေက ကျွန်တော် ကျွမ်းပြီသားပါ”
ကျွန်တော်တို့ တမာပင်ရွာမှ အထွက်တွင် မှောင်စပြုနေပြီဖြစ်သည်။
တမာပင်ရွာပြီးလျှင် ချောင်းကိုဖြတ်သည်နှင့် ဇီးတောရွာသို့ရောက်မည်ကို သိပြီးဖြစ်သည်။ တမာပင်ရွာမှ အထွက် သုသာန်အနီးသို့အရောက်တွင် ဘာမှန်းမသိ။ အေးစိမ့်သလိုဖြစ်သွားပြီး ကြက်သီးတွေထသွားသည်။ တမာပင်အထွက်တွင် လမ်းသုံးသွယ်ရှိသည်။ တစ်လမ်းကလှည်းလမ်း၊ တစ်လမ်းက လူသွားလမ်း၊ တစ်လမ်းက စွတ်လမ်းခေါ် လှည်းဖြင့် သစ်လုံးဆွဲလမ်းဖြစ်သည်။
ကျွန်တော်တို့ စွတ်လမ်းအတိုင်းသွားလျှင် ချောင်းထဲရောက်သော်လည်း ထိုနေရာက ရေနက်သဖြင့် ဇီးတော ဘက်ကမ်းသို့ ဖြတ်လို့မရ။ တောင်ကြောကိုပတ်ပြီး ရေတိမ်သည့် သောင်စပ်အထိ လမ်းလျှောက်ရလိမ့်မည်။ ထိုခရီးက ကုန်းတက် ကုန်းဆင်းများသဖြင့် ခရီးမတွင်ချင်။
“၀င်းထိန် … အလယ်လမ်းက သွားရမှာမဟုတ်လား”
“မဟုတ်ဘူးဆရာ လှည်းလမ်းအတိုင်းသွားပြီး တောင်ပေါ်ပြန်တက်ရင် ပိုနီးတယ်”
ကျွန်တော်က လမ်းမကျွမ်းသဖြင့် သူ့နောက်မှ လိုက်သာလိုက်ခဲ့ရသော်လည်း စိတ်ကတော့ ထင့်နေသည်။
မှောင်လာပြီဖြစ်သဖြင့် ကျွန်တော်တို့ ကျောပိုးအိတ်ထဲမှ လက်နှိပ်ဓာတ်မီးတွေ ထုတ်လိုက်ကြသည်။ ပုံမှန်အတိုင်း သွားပြီး လမ်းတွင် အိပ်မပျော်ဘူးဆိုလျှင် ကျွန်တော်တို့ ဇောင်းတူအနီး ၀က်စုလောက်တော့ ရောက်မည်ဟု တွေးလိုက်မိသည်။
“ဟဲ့ ၀င်းထိန် မင်း တောင်ကြောပေါ်ကို မရောက်သေးဘူးလား။ ကြာလှပြီ။ ဒီလောက်သွားရင် ချောင်းစပ်ကို ရောက်လုပြီနော်”
“ရောက်တော့ မှာပါဆရာရဲ့”
သူကပြောပြောဆိုဆိုနှင့် ရှေ့ဆက်သွားသည်။ ခြေလျှင်လမ်းတွေကပျောက်သွားသည်။ ကျွန်တော်တို့ ကမူ၊ ကန်သင်းတွေကို ဖြတ်လျှောက်နေရသည်။
“၀င်းထိန် မဟုတ်ဘူးနဲ့တူတယ်။ မင်းဟာက တောထဲကို ရောက်လာသလိုပဲ”
ခါတိုင်း နာရီဝက်လောက် လျှောက်လိုက်လျှင် ချောင်းကမ်းပါးသို့ ရောက်လာတတ်သည်။ ယခု ကျွန်တော်တို့ လျှောက်နေသည်မှာ တစ်နာရီကျော်ကျော်လောက်ရှိနေပြီ ဘာမျှမတွေ့ရသေး။ လမ်းလည်းပျောက်နေပြီ။
(၄)
လမ်းမှားလာတာကတော့ သေချာသလောက်ဖြစ်သည်။ ကျွန်တော် ရှေ့ဆက်လျှောက်ရမည်လော၊ နောက်ပြန်လှည့်ရမည်လော စဉ်းစားပြီး ဆက်လျှောက်နေသည်။
“ဆရာ ဟိုးမှာ မီးရောင်တွေ့တယ်”
ဟုတ်သည်။ မီးအလင်းရောင်တွေ လျှံထွက်နေသည်ကို ကွင်းစပ်တစ်နေရာတွင် မြင်လိုက်ရသည်။ ကျွန်တော်တို့ လယ်တစ်ကွက်ကျော်လောက် လျှောက်လိုက်ချိန်တွင် ကုန်းကမူလေးထိပ်တွင် ဓာတ်မီးရောင်တွေ ထိန်ထိန် လင်းနေသည်။ အောက်လင်းဓာတ်မီးတွေကို ထိန်နေအောင် ထွန်းထားသည်။ ဆိုင်းသံဗုံသံတွေလည်း ကြားနေရသည်။ လူသံတွေလည်း သဲ့သဲ့ကြားရသည်။
“ဆရာ ပွဲနဲ့တူတယ်”
ကျွန်တော် စဉ်းစားရသည်။ ဤနေရာဝန်းကျင်တွင် ရွာကြီးဟူ၍မရှိ။ ထင်းခုတ်၊ မီးသွေးဖုတ် စခန်းတွေလောက် သာရှိတတ်သည်။ ဤသို့သောနေရာမျိုးတွင် ပွဲရှိသည်ဆိုခြင်းက ထူးဆန်းနေသည်။
ဝင်းထိန်က ရှေ့ဆက်တိုးရန် ပြင်နေသည်။ ကလေးပီပီ ပွဲကိုခုံမင်သဖြင့် ပွဲသို့သွားရန် အူမြူးနေသည်။ ကျွန်တော်က သူ့ကြောပိုးအိပ်ကို လှမ်းဆွဲလိုက်ပြီး လယ်ကွင်းစပ်ရှိ တောအုပ်ထဲဝင်လိုက်သည်။
တောအုပ်ထဲမှ တောင်ကြောကို ပတ်ကြည့်လိုက်ရာ လူတွေက ၀တ်ကောင်းစားလှတွေ ၀တ်ထားသည်။ သို့သော် ကျွန်တော့်အမြင်မှာ ထိုအ၀တ်အစားတွေက ခေတ်တစ်ခေတ်ကို ကိုယ်စားပြုနေသလိုပင်။ ယခု ခေတ်လူတွေ ၀တ်စားတတ်သည့် အ၀တ်အစားမျိုးမဟုတ်။ နောက်ပြီး အောက်လင်းမီးတွေ ဒီလောက်များများ ဤဒေသတွင် မရှိနိုင်ပေ။ ကျွန်တော် ကြက်သီးတွေထသွားသည်။ ၀င်းထိန်ကိုလည်း
“ဟေ့ကောင် အဲဒီဘက်ကို မကြည့်နဲ့။ နောက်ပြန်လှည့်။ လုံးဝ လှည့်မကြည့်နဲ့။ ဘယ်သူခေါ်ခေါ် လှည့်မကြည့်နဲ့” ဟုပြောကာ သူ့ကိုအတင်းဆွဲခေါ်လာပြီး နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။
ဤနေရာသည် ကျိန်းသေ ကြပ်ကုန်းဖြစ်ရမည်ဟု ကျွန်တော်သတ်မှတ်လိုက်သည်။ သူတို့ကို ကြည့်မိလျှင် မြှူဆွယ်ကာ ခေါ်တတ်သည်ဟု ကြားဖူးသောကြောင့် မကြည့်မိစေရန် မျက်နှာကို လွှဲပြီး ၀င်းထိန်ကိုလည်း အတင်းဆွဲခေါ်ကာ အပြေးလေးထွက်လာမိသည်။
စိတ်ထဲတွင် တုန်လှုပ်စွာဖြင့် နောက်ကြောင်းပြန်ခဲ့ရသည်။ ၀င်းထိန်ကိုလည်း ရှေ့မှထားပြီး နောက်ကိုပြန်မလှည့် ရန် သတိပေးနေရသည်။ မြန်မြန်လျှောက်ရန်လည်း ပြောရသည်။
နောက်ထပ် တစ်နာရီလောက်လျှောက်မိသောအခါ ကျွန်တော်တို့ မူလ တမာပင်ရွာထိပ် လမ်းဆုံးသုံးခွသို့ ပြန်ရောက်လာသည်။ ထိုမှပင် ကျွန်တော် သက်ပြင်းချလိုက်မိသည်။
ကျွန်တော်က ရွာထဲကိုပြန်ဝင်ပြီး ဆရာလေး ကိုဌေးဝင်းအိမ်သို့ သွားလိုက်သည်။ ကိုဌေးဝင်းမှာ တမာပင် မူလတန်းကျောင်းအုပ်ဖြစ်သည်။
“ကိုဌေးဝင်း.. ဆရာ”
ကျွန်တော် ကျောင်းရှေ့တွင်ရပ်ရင်း အော်ခေါ်လိုက်သည်။ သူတို့ မိသားစုက ကျောင်းဘေးတွင် အဖီလေးချနေ သည်။
“အလို ဘယ့်နှယ်.. ကျောင်းကို ဘာဖြစ်လို့ ပြန်ရောက်လာတာလဲ”
“ပြောချင်ပါဘူးဗျာ..” ဟုအစချီကာ ကျွန်တော်က တွေ့ကြုံခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။
“ဟား.. ဟား.. လက်စသတ်တော့ ဆရာလေးတို့ ကြပ်ကုန်းကို ရောက်သွားတာပဲ။ အလှည့်စောလို့ပေါ့။ နို့မို့ဆိုရင် မနက် အလောင်းလာကောက်ရမယ်ထင်တယ်”
သူပြောလိုက်မှ ပိုဆိုးသွားတော့သည်။
“ဟုတ်တယ် ဆရာလေးရဲ့။ လမ်းဆုံရောက်ရင် တစ်ခါတစ်လေ သုံးလမ်းကို နှစ်လမ်းပဲ မြင်တတ်တယ်။ ကြက်သီးတွေ ဘာတွေထလာပြီဆိုရင် လမ်းပျောက်ဖို့ သေချာနေပြီ။ ဒီလိုနဲ့ ဒီနားတစ်ဝိုက် လူတွေ ပျောက်တာ များလှပြီ။ သဟာကြောင့် ဆရာလေးတို့ကို ဒီမှာ အိပ်သွားပါလို့ ပြောသပေါ့”
“မဖြစ်ဘူးဆရာ.. ကျွန်တော်မနက် ကရင်ရွာဘက်ကို ကူးရဦးမယ်။ အဲဒီမှာ စာမေးပွဲ သွားစစ်ပေးရမှာ။ ဒီည မေးခွန်းတွေ အပြီးထုတ်ရမှာမို့လို့ပါ”
“ဒါဆို ခရီးဆက်ဦးမှာလား”
“ဆက်မှာပေါ့”
“အံ့သဗျာ.. ခင်ဗျားကိုတော့။ မဖြစ်သေးပါဘူး။ ကင်းသမားကို ထည့်ပေးလိုက်မယ်။ အဲဒီကောင်ကို မနက်မှသာ ပြန်လွှတ်လိုက်တော့”
ဆရာကိုဌေးဝင်းသည် ကင်းသမားကိုဆင့်ပြီး သူကိုယ်တိုင် ရွာထိပ်လမ်းဆုံသို့လိုက်လာသည်။ ပြီးလျှင် လမ်းကြောင်းကို ရွေးပေးပြီး ကင်းသမားကို အထပ်ထပ်မှာကာ လှည့်ပြန်သွားသည်။ ဤသို့ဖြင့် ကင်းသမား အပါအ၀င် ကျွန်တော်တို့ သုံးဦး ည ၁၁ နာရီလောက်မှ ဇောင်းတူရောက်တော့သည်။
ကင်းသမားနှင့် ၀င်းထိန်ကား ပုဆိုးလေးတွေခြုံပြီး အိပ်နေကြသည်။ ကျွန်တော်ကတော့ ပင်ပန်းသော်လည်း မအိပ်နိုင်သေး။ မနက်ဖြန် ၃ တန်းနှင့် ၄ တန်းကို တွဲဘက်မူလတန်းကျောင်းလေးတွင် စာမေးပွဲသွားစစ်ပေးရ ဦးမည်ဖြစ်သဖြင့် မေးခွန်းတွေထိုင်ထုတ်နေမိသည်။ ထိုစဉ် ဆရာကိုဌေးဝင်းပြောသည့် ကြပ်ကုန်းနှင့် မနက်ဆိုရင် အလောင်းလာကောက်နေဦးမည် ဆိုသည့်စကားကို ပြန်ကြားယောက်ကာ ကြက်သီးထသွား မိသည်။
အလိုလေး ကျောင်းဆရာဘ၀တွင်လည်း သေကံမရောက်၊ သက်မပျောက်ရသည့် အတွေ့အကြုံတွေ ရှိနေပါသေးလား။
Written by တင်ညွန့်
၂၀.၁၂.၂၀၁၂
No comments:
Post a Comment