Thursday, 20 December 2012

ရန်ကုန်တက္ကသိုလ် စာသင်နှစ်များ


(၁)
ကျွန်မ မန္တလေးတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံရေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်မရဲ့ စာသင်ဘဝမှာ ရန်ကုန် တက္ကသိုလ်ကိုလည်း ချန်လှပ်လို့ မရပါ။ မက်ထရစ်စာမေးပွဲ အောင်ပြီးတာနဲ့ ရန်ကုန် တက္ကသိုလ်ကို တန်းရောက်ခဲ့ပါတယ်။ အမှန်တိုင်း ပြောရရင် ကျွန်မတို့ ဆွေမျိုးထဲ ရှားရှား ပါးပါး တက္ကသိုလ်ကို ရောက်ခဲ့တာ ကျွန်မ တစ်ယောက်ထဲပဲ ရှိခဲ့ပါတယ်။ ကျွန်မ မေမေ၊ အဒေါ်နဲ့ ဦးလေးတွေက ဆေးလိုင်းကို ဝင်စေချင်ကြတယ်။ သည်တုံးက အမှတ်သတ်မှတ်ချက် မရှိခဲ့ပါ။
ကျွန်မ ထက် စုစုပေါင်း ၇ မှတ် နည်းတဲ့ သူငယ်ချင်းတချို့တောင် ဆရာဝန်ဖြစ်ကုန်ကြပြီ။ ဆေးကျောင်းသား တစ်ယောက်ဟာ အမ်ဘီတတိယနှစ်ကျမှ ကိုယ်ဖျင်းရင် ဖြစ်စေ၊ ပျင်းရင် ဖြစ်စေ ကိုယ်ခံဘဲ။ တစ်ပိုင်း တစ်စနဲ့ ဆေးလိုင်းကထွက်ပြီး ရိုးရိုးဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ယူတဲ့ လူတွေလည်း ရှိပါတယ်။ ကျွန်မအနေနဲ့ European Court ခေါ် သာသနာပြုကျောင်းတက်ခဲ့သူမို့ အင်္ဂလိပ်ဘာသာ အခြေခံကောင်းတဲ့အတွက် ဆေးလိုင်းဟာ ကျွန်မအတွက် ခက်ခဲမယ် မထင်ဘူးလို့ အားလုံးက တွက်ဆကြပါတယ်။
ခက်တာက ကျွန်မ ဆရာဝန်အလုပ်ကို လုံးဝ ဝါသနာမပါတာပါပဲ။ အဲဒီတုံးက အင်ဂျင်နီယာလိုင်းက မိန်းကလေးတွေအတွက် မဟုတ်ပါ။ ဝါသနာလည်း မပါပါ။ ဒါကြောင့် ကျွန်မ ဝါသနာပါတဲ့ ဝိဇ္ဇာဘာသာ တွဲကိုသာ ယူခဲ့တာ ဖြစ်ပါတယ်။ အင်တာပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာ လောဂျစ် (Logic)၊ နိုင်ငံ သမိုင်းနှင့် Optional Burmese (စိတ်ကြိုက် မြန်မာစာ) ကို ကျွန်မဖာသာ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ရွေး ချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကံကောင်း ထောက်မစွာဘဲ ကျွန်မ တွဲဖက်ယူခဲ့တဲ့ ဘာသာရပ်တွေမှာ သမိုင်း အတွက် ဒေါက်တာ သန်းထွန်းနဲ့ ဒေါ်မမကြီး၊ လောဂျစ်မှာ ဆရာ ဦးဖေအောင်၊ နည်းပြဆရာမက ဒေါ်အေမီသွယ်၊ စိတ်ကြိုက်မြန်မာစာ ဆရာ ဦးမောင်ကြီး၊ ဦးကျော်ရင်၊ ဦးလှမောင်၊ ဦးလှရွှေ၊ ဒေါ်သန်း ဆွေ၊ ဒေါ်မြင့်သန်းနဲ့ ဒေါ်နုနု ဆရာတွေ များသလောက် အင်မတန် ပျော်စရာ ကောင်းလှပါတယ်။
မှတ်မိသမျှ ဆရာ ဦးမောင်ကြီးက 'တရုတ်သံရောက် မော်ကွန်း၊ ဆရာ ဦးကျော်ရင်က ဦးကြော့ရဲ့ စုံနံ့သာမြိုင် ရှာပုံတော် ဦးလှမောင်က ပဋိစ္စသမုပ္ပါဒ်၊ ဒေါ်မြင့်သန်းက ဝေဿန္တရာပျို့ (တွင်းသင်း တိုက်ဝန်ရေး)၊ ကျန်တာတွေတော့ မေ့နေပြီ။ ဟာသဉာဏ်ရွှင်ပြီး အာဝဇ္ဇန်းကောင်းတဲ့ ဦးမောင်ကြီးနဲ့ ဦးကျော်ရင် အတန်းထဲမှာ ကျောင်းသားတွေ တအုန်းအုန်းပဲ။ ဆရာ ဒေါက်တာ သန်းထွန်းလည်း စာသင်တာရွှင်ပြီး ဖျတ်လတ်ပါတယ်။ အတန်းထဲ တစ်ခါထဲ မှတ်မိပြီး ခေါင်းထဲ ရိုက်သွင်းလိုက်သလိုပဲ။ မှတ်မှတ်ရရ မီနီဒန်နဲ့ အရုပ်စာအကြောင်း၊ အီဂျစ်အကြောင်း ကျွန်မတို့ စိတ်ဝင်စားကြတယ်။ ဆရာ ဦးဖေအောင်က လေအေးအေးနဲ့ သင်တဲ့ လောဂျစ်ဘာသာရပ်ကို စိတ်ဝင်စားကြတဲ့အပြင် လက်တွေ့ ဘဝ အတွေးအခေါ်တွေနဲ့ယှဉ်ပြီး သင်ကြားတာမို့ ခေါင်းထဲ စွဲနေပါတယ်။ အသေးစိတ် အကုန် မမှတ် မိတော့ပေမယ့် ကျွန်မငယ်ငယ်တုန်းက ရန်ကုန်တက္ကသိုလ် စာသင်တန်းတွေဟာ စိတ်ဝင်စား စရာ ကောင်းရုံမက ပျော်စရာလည်း ကောင်းပါတယ်။ အဲဒီတုန်းက အကြောင်းတွေကို "တက္ကသိုလ် ဆိုတာ" အခန်းဆက် ဆောင်းပါးတွေ ရှုမဝ မဂ္ဂဇင်းမှာရေးခဲ့တဲ့အပြင် ကျွန်မရဲ့ ၂၄ အုပ်မြောက်လုံးချင်း ဝတ္ထု "နှင်းဆီကမွှေး" မှာ အကြောင်းစုံ ရေးခဲ့ပါတယ်။
မသင်မနေရ အင်္ဂလိပ်ဘာသာ (Compulsory English) မှာ ဆရာဦးခင်မောင်လတ်၊ ဒေါ်သိန်းညွန့်၊ မစ္စအီးကံကြီး၊ မစ္စ စံဌေး၊ ဒေါ်ခင်မေတို့က သင်ကြားကြပါတယ်။ ကျွန်မ မှတ်မိသမျှ ဆရာ ဦးခင်မောင် လတ် သင်ကြားတဲ့ Beauty And The Beast (လှသူဇာနဲ့ သားရိုင်းတစ်ကောင်) ဒေါ်ခင်မေသင်တဲ့ ဝီလျံရှိတ်(စ်)ပီးယားရဲ့ နွေလယ်အိပ်မက် (Mid Summer Night Dream) စသည်တို့မှာ အင်မတန် တွယ်ညှိခဲ့ပါတယ်။
(၂)
ကံ့ကော်တွေ ဖူးစပြုနေပြီ။
နှင်းငွေ့ ကျန်သေးတဲ့ ခါနွေဦး စာမေးပွဲ နီးလာတဲ့အခါ ကျွန်မတို့ ကျောင်းသားကျောင်းသူတွေ တက္ကသိုလ်စာကြည့်တိုက်ကို ရောက်သူ ရောက်ကုန်ကြပြီ။ အဲဒီတုန်းက စာကြည့်တိုက်မှူးဖြစ်တဲ့ အသားဖြူဖြူ၊ နှာတံစင်းစင်း၊ ရုပ်ချောချော၊ အရပ်မြင့်မြင့်၊ ကိုယ်ဟန်သွယ်သွယ်၊ မျက်ခုံးအထက်မှာ မှည့်ရှင်ကြီးတစ်လုံးနဲ့ စာကြည့်တိုက်မှူး ဆရာ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ကို ပြုံးပြုံး၊ ပြုံးပြုံးနဲ့ တွေ့ရပါတယ်။ စာမေးပွဲနီးခါမှ စာကြည့်တိုက်က စာအုပ်ကို ဟန်ပြငှားထားပေမယ့် ကျွန်မစားပွဲခုံမှာ ဖတ်နေတာက အမေရိကန် စာရေးဆရာမကြီး ပါးလ်ဘတ်ခ်ရေးတဲ့ "မာသာ" ဆိုတဲ့ လုံးချင်း ဝတ္ထုပါ။ ဆရာ ကျွန်မ စားပွဲနားလည်း လျှောက်လာရာ ကျွန်မ ကဗျာကရာ စာအုပ်ကို စာကြည့်တိုက်က ငှားထားတဲ့ စာအုပ်အောက် ဖွက်လိုက်ရပါတယ်။ ဆရာ ဇော်ဂျီကလည်း မရအရ ကျွန်မဖုံးထားတဲ့ စာအုပ်အောက်က "မာသာ" ဝတ္ထုကို လှန်လှောကြည့်ပြီး မဆူဘဲ
"ဖတ်ဖတ်" လို့ ခွင့်ပြုသွားပါတယ်။
နောင် ကျွန်မ ဘွဲ့ရပြီး ဆရာဇော်ဂျီနဲ့ ပုဂံလမ်းက အိမ်မှာ တွေ့ကြတဲ့အခါ "ခင်ဆွေဦးဖတ်တဲ့ ပါးလ်ဘတ်ခ် ဝတ္ထုတွေဆရာလည်း ကြိုက်ပါတယ်။ မင်းစာရေးနေတော့ သူ့ဝတ္ထုတွေ ဖတ်သင့်ပါ တယ်" လို့ ညွှန်းပါတယ်။ ဒီတုန်းက ပါးလ်ဘတ်(စ်)ရဲ့ "The Devil Never Sleep" စာအုပ်ကို ကျွန်မ U.S.I.S က ငှားလာတာ ဆရာတွေ့သွားတာမို့ပါ။ ဟိုကျောင်းသူ ဘဝတုန်းက စာကြည့်တိုက်စားပွဲမှာ ကျွန်မခိုးဖတ်တဲ့အကြောင်း ဆရာမှတ်မိချင်မှ မှတ်မိမှာပါ။
ကျွန်မတို့ တက္ကသိုလ်မှာ သင်ကြားတဲ့ ဆရာတွေဟာ အင်မတန် စာသင်ကောင်းကြပါတယ်။ သူ့ကို အားလုံး စာဖတ်နာသူတွေမို့ ဝမ်းစာပြည့်နေတယ်လို့ ပြောရမှာပဲ။ ကျွန်မတို့ ဘီအေ ပထမနှစ်မှာ ဖီလော်ဆော်ဖီ ဘာသာတွဲတစ်ခုဖြစ်တဲ့ အထွေထွေစိတ်ပညာရပ် (General Psychology) သင်ကြား တဲ့ ဆရာ ဒေါက်တာ လှဘူးဟာ ဟာစာအင်မတန် ဖတ်ပါတယ်။ လောဂျစ်သင်တဲ့ ဆရာ ဦးဖေအောင် လည်း ဒီလိုပဲ။ စာအုပ်တွေ မရှိတဲ့ အခန်းဟာ ဝိညာဉ်မရှိတဲ့ ခန္ဓာကိုယ်လိုပဲ အခွံသက်သက် တန်ဖိုးမဲ့ ကြောင်း ပြောလေ့ရှိပါတယ်။ ရောမနိုင်ငံ သုခမိန်စီဆာရို ပြောကြားတဲ့ စကားပါ။ Cicero (၁ဝ၆-၄၃ ဘီစီ) က
A Room without books is a body without soul တဲ့။
(၃)
ကျွန်မတို့ကို ခေတ်သစ် နိုင်ငံသမိုင်းသင်တဲ့ ဆရာမ ဒေါ်စိန်မြနဲ့ ဆရာ ဦးဘညွန့်တို့ဆိုရင် တကယ် စာဖတ်ဝါသနာအိုးတွေ၊ စာဖတ်များတော့ ဗဟုသုတ ကြွယ်တာပေါ့။ ဒေါ်စိန်မြဆိုရင် ဟင်နရီ (နံပါတ်ရှစ်) Henry VIII အကြောင်း၊ ပြင်သစ်ပြည် လူဝီဘုရင် ၁၆ မာရီအတွိုင်းနက်နဲ့ ပြင်သစ် တော်လှန်ရေးအကြောင်း သင်ကြားရာမှာ စာပေဗဟုသုတပါမက ရုပ်ရှင်ကိုပါ ထည့်သွင်းပြောသွားပါ တယ်။
ပါမောက္ခ ဦးဘညွန့်က အင်္ဂလိပ်ဘာသာနဲ့ ဂန္ထဝင်ဝတ္ထုတွေ ဖတ်တဲ့အပြင် ကျွန်မဖေဖေရေးတဲ့ ဝတ္ထုတွေ အကုန်နီးပါး ဖတ်ဖူးတာ။ အဲဒီတုန်းက ကျွန်မ အသက် ၁၈ နှစ်အရွယ် ငယ်လွန်းတော့ ကျွန်မနဲ့ စကားအပြန်အလှန် ပြောခဲ့တာမျိုး မရှိပါဘူး။ ဆရာက ဖေဖေ့ဆီလာလည်လို့ ကျွန်မဒီအ ကြောင်း သိခွင့်ရခဲ့တာပါ။ ဆရာ ဦးဘညွန့်ရယ်၊ ဒေါက်တာ မြင့်စိုးရယ် ဖေဖေ့ရဲ့ ဝတ္ထု (လုံးချင်း)  မောင်နေမျိုးမှာ ဇာတ်ဆောင်တွေအဖြစ် ပါဝင်ရိုက်ကူးဖို့ ဒါရိုက်တာ ဦးအောင်ဇံနဲ့ စီစဉ်ကြသေးတယ်။ အစီအစဉ် မဖြစ်လိုက်ပါဘူး။ ဆရာဦးဘညွန့်ရဲ့ ချစ်ဒုက္ခသီချင်း၊ ဆုထူးရွယ်သီချင်းတွေ ဓာတ်ပြား ထုတ်ဝေတော့ သိပ်နာမည်ကြီးတာ။ ကာလသားတိုင်း အလွတ်ရရုံမက ကျွန်မလည်း အဲဒီတုန်းက အလွတ်ရ၊ အော်ဆိုတဲ့ သီချင်းတွေပေါ့။ ဆရာလည်း ပါမောက္ခရာထူးနဲ့ အဆက်စပ်မရှိတဲ့ အနုပညာ လုပ်ရပ်တွေပေါ့။ ဆရာမို့ အတန်းထဲ ဝင်လာရင် ကျောင်းသားတချို့ "ဖူးစာကံ အကြောင်းရယ် ချစ်ဒုက္ခ ဖန်လာတယ်၊ ခင်ရဲ့ချစ်ရဲ့သားနဲ့ တစ်ဖက်သား ရူးအောင် ပြုလုပ်ရက်လေတယ်။ မကြားတကြား နောက်ပြောင် ပြောဆိုကြတာ။ ဆရာ ငါ့ကို မထေမဲ့မြင် ပြုရမလားရယ်လို့ စိတ်မဆိုးရှာပါဘူး ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ စာသင်တော့တာပါပဲ။
ဆရာသင်တာက Political Science (နိုင်ငံရေးသိပ္ပံ) ပါ။ ကျွန်မ အရင်လက ပြောခဲ့တဲ့ အိန္ဒိယအမျိုး သား ဆရာ မစ္စတာ အင်ဒါဆင်က လက်တွေ့အုပ်ချုပ်ရေးပိုင်း ဆရာသင်ကြားတာက သီဝရီ (Theory) ပိုင်း ပိုပြီးအသင်ခက် လက်ဝင်မယ် ထင်ပါတယ်။ ဂရိပလေတို၊ အရစ္စတိုတယ် ခေတ်ကစလို့ "အောင် မြင်မယ်ဆိုရင် ဘယ်နည်းနဲ့ အုပ်ချုပ်အုပ်ချုပ် တရားတယ် (End Justifies Any Means) ဆိုတဲ့ ပညာရှင် မယ်ခီယာဗဲလီ (Machiaveli) အတွေးတွေ သင်တာများ အာဝဇ္ဇန် သိပ်ကောင်းတာ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာမဟုတ်ပါဘူး။ ဆရာ ဦးဘညွန့် လက်တန်းသင်တဲ့ အင်္ဂလိပ်ဘာသာစကား ဟာ မစ္စတာဒင်ဒါဆင်ထက် အပုံကြီးသာပါတယ်။ ခနိုးခနဲ့ပြောတဲ့ သူ့အင်္ဂလိပ်စကားတွေဟာ ဘားနဒ် ရှောရေးတဲ့ Piginglrain ပြဇာတ်ထဲကလိုဘဲ မထိတထိနဲ့ ရယ်ရတယ်။ ရုပ်ရှင်အဖြစ် My Fair Lady လေ။ ဆရာ ဦးဘညွန့် အတန်းဆိုရင် ကျွန်မဖျားနေတာတောင် အလွတ်မပေးဘူး။
မထိတထိဟာသဆိုလို့ ကျွန်မ အဖြစ်အပျက်ကလေးတစ်ခု သတိရမိသေးတယ်။ အဖြစ်အပျက် ကလေးက သာမန်ပါ။ ဒါပေမယ့် ဆရာရဲ့ ဟာသဉာဏ်ကို အမှတ်ရနေမိလို့ပါ။ တန်ဆောင်တိုင်အမှီ ကျောင်းပြန်ဖွင့်တော့ ဆရာ့စာသင်ခန်းမှာ ကျောက်သင်ပုန်း ဒေါင့်စွန်းအမြင့်မှာ တာဝတိံသာပွဲမှာ ဘယ်ကျောင်းသားတွေ လက်ဆော့ထားတယ် မသိဘူး။ အမျိုးသမီး ထမီအဟောင်းတစ်ထည် ဝါးတုတ် အဖျားချီပြီး အလံလို လွှင့်ထူထားပါတယ်။ ဆရာလည်း အတန်းထဲအဝင် တွေ့သွားပါရော။ ဆရာက အင်္ဂလိပ်ဘာသာစကားနဲ့ (အဲဒီတုန်းက ကျောင်းသားတွေ ခုခေတ်လို အင်္ဂလိပ်ဘာသာစကား ပြော ထက်မြက်အကျင့်ဖြစ်အောင် အင်္ဂလိပ်လို) ပြောပါတယ်။
"ကိုင်း ဒီကိစ္စ စေတနာဝန်ထမ်းဆောင်ရွက်ဖို့ သူရဲကောင်းများ ရှိသလား"
Any hero who is going to volunteer this?
"သူရဲကကောင်း တစ်ယောက်ယောက် ထွက်လာပါဦး"
Come on, any hero come on"
ဘယ်သူမှ ထွက်မလာကြပါဘူး။ ဝေါခနဲ ရယ်သံကို ကြောက်လန့်လို့နေမှာပေါ့။ ဒီအချိန်မှာပဲ တိုက် တိုက်ဆိုင်ဆိုင် တံမြက်လှည်းတဲ့ ဂျာဒူးကုလားတစ်ယောက်အဖြတ် ဆရာက ကုလားလို ပြောခေါ်ပြီး ထမီအလံကို ဖြုတ်ခိုင်းပါတယ်။
"Now he is the real hero" လို့ သူကပွဲကျအောင် ပြောသေးတာလေ။ သူ့ကို လက်ဖက်ရည်ဖိုး ပေးသင့်တာပေါ့လို့ ပြောပြီး သူကပဲ ပေးလိုက်ပါတယ်။ နောက် ဖေဖေ့ဆီ သူလာလည်တော့ ဖေဖေရဲ့ ဝတ္ထု "စစ်ထွက်သူ" ထဲက နဝဒေးကြီးကို လူငယ်တစ်ဦး နောက်ပြောင်တဲ့ကိစ္စ ကဗျာတောင် ရွတ်ပြ သွားသေးတယ်။ ဒီလူငယ်က ထမီစုတ်အလံထူပြီး-
ထောင်သင်းအိမ် တင်းတိမ်နဲ့ဗျား နဝဒေးကြီးက ယောင်ဖျင်းသိမ် မြင်းပိန်နဲ့လား ပြန်စပ်တာ ပြောပြီး ရယ်လိုက်တာ။
ကျွန်မတို့ ရန်ကုန်တက္ကသိုလ် စာသင်နှစ်တွေဟာ လွမ်းစရာတွေ၊ အမှတ်ရစရာတွေ၊ ပြည့်နှက်နေခဲ့ပါ တယ်။ ကျွန်မတို့မှာ လှပတဲ့ အနာဂတ် ဘဝ,အိပ်မက်ကမ္ဘာကြီး တည်ဆောက်ခဲ့တဲ့ နုနယ်တဲ့ အချိန်တွေပေါ့။
Written by ခင်ဆွေဦး 
စံပယ်ဖြူ မဂ္ဂဇင်း
အမှတ် (၆) ၊ ဇူလိုင်လ ၊ ၂ဝဝ၁

No comments:

Post a Comment