
၁၉၅၀ ပြည့်နှစ်ဝန်းကျင်က မြန်မာနိုင်ငံတွင် ၁၀ တန်းစနစ်နှစ်မျိုးရှိသည်။
- Matriculation
- High School Final ဟုခေါ်သည်။
နှစ်မျိုးစလုံးကို အတန်းတူဟုသတ်မှတ်သည်။ သို့သော် Matriculation အောင်မှသာ တက္ကသိုလ်ဆက်တက်ခွင့် ရသည်။ High School Final အောင်သူကို ၁၀ တန်းအောင်သည်ဟု သတ်မှတ်သော်လည်း တက္ကသိုလ် ဆက်တက်ခွင့်မရပေ။ ထို့ကြောင့် တက္ကသိုလ်ဆက်တက်ချင်သူများ Matriculation ကိုသာဖြေကြသည်။ Matriculation အောင်လျှင် High School Final (HSF) အောင်သည်ဟုလည်း သတ်မှတ်ခြင်းခံရသည်။
၁၀ တန်းအောက်တစ်တန်းနိမ့်အတန်းကို Pre-matric တန်းဟုခေါ်သည်။ Pre-matric တန်းသည် ၈ တန်းနှင့် ၉ တန်း နှစ်တန်းပေါင်းကို သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ၇ တန်းအောင်ပြီးလျှင် ၈ တန်းနှင့် ၉ တန်းကို တစ်နှစ်တည်း အောင် အောင်ဖြေနိုင်သည်ဆိုသည့်သဘောဖြစ်သည်။ ၇ တန်းပြီး တစ်နှစ်တက် ၁၀ တန်းကို ရောက်သည်ဟု ဆိုလိုပါသည်။
၁၀ တန်းတွင် ၅ ဘာသာသင်ကြားရပါသည်။ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် သင်္ချာဘာသာများကို မယူမနေရ ဘာသာများအဖြစ် သတ်မှတ်ထားသည်။ ကျန် ၂ ဘာသာမှာ ကျောင်းသားများ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည်။
သိပ္ပံဘာသာတွဲမှ
- ရူပဗေဒ
- ဓာတုဗေဒ
- အထွေထွေသိပ္ပံ
- စိတ်ကြိုက်သင်္ချာ
ဝိဇ္ဇာဘာသာတွဲမှ
- သမိုင်း
- ပထ၀ီ
- စိတ်ကြိုက်မြန်မာစာ
စိတ်ကြိုက်ဘာသာတွဲကို သိပ္ပံမှ ၂ ဘာသာယူလျှင်လည်းရသည်။ သို့မဟုတ် ၀ိဇ္ဇာမှ ၂ ဘာသာယူလျှင်လည်းရ သည်။ သိပ္ပံ ၂ ဘာသာ၊ ၀ိဇ္ဇာ ၁ ဘာသာ ၃ ဘာသာယူလျှင်လည်းရသည်။ ဥပမာ ရူပဗေဒ+ဓာတုဗေဒ+သမိုင်း ၃ ဘာသာကို စိတ်ကြိုက်ဘာသာအဖြစ် ရွေးချယ်နိုင်သည်။ ရွေးချယ်ထားသည့် စိတ်ကြိုက် ၃ ခုထဲမှ ၂ ခု အောင်လျှင် စာမေးပွဲအောင်သည်ဟု သတ်မှတ်ပါသည်။ ထိုခေတ်က ၅ ဘာသာဖြေဆို အောင်မြင်လျှင် မက်ထရစ်အောင်သည်ဟုဆိုသော်လည်း ၆ ဘာသာယူပြီး၊ ၆ ဘာသာစလုံး ဖြေဆိုအောင်မြင်ပြီးနောက်မှ မိမိတို့စိတ်ကြိုက် ၅ ဘာသာကိုရွေးချယ်သွားသူများ ရှိကြောင်းလည်းသိရသည်။ အဓိကမှာ မက်ထရစ်ကို ၅ ဘာသာဖြေဆိုအောင်မြင်လျှင် တက္ကသိုလ်ဆက်တက်ခွင့်ရနိုင်သည်ဟု ဆိုလိုပါသည်။
မြန်မာနိုင်ငံတွင် ထိုစဉ်က ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်အပြင်၊ ၄င်းတို့၏လက်အောက်ခံ တက္ကသိုလ်များရှိ ကြောင်းသိရသည်။ မက်ထရစ် သို့မဟုတ် ၁၀ တန်းအဆင့် အောင်မြင်လာသူများသည် ထိုတက္ကသိုလ် ကောလိပ်များတွင် ၂ နှစ်တက်ရသည်။ ၂ နှစ် အောင်မြင်ပြီးမှသာလျှင် ဆေးတက္ကသိုလ်နှင့် စက်မှုတက္ကသိုလ် များသို့ဆက်လက်တက်ခွင့်ရှိသည်။
ထိုစဉ်က စနစ်မှာ ၁၀ တန်းကို မည်သည့်ဘာသာတွဲဖြင့် အောင်မြင်လာသည်ဖြစ်စေ တက္ကသိုလ်တွင်တစ်ဖန် မိမိစိတ်ကြိုက်ဘာသာတွဲများကို ရွေးချယ်သင်ယူခွင့်ရှိသည်။ ထိုစဉ်က Major subject ဆိုသည့် အထူးပြု ဘာသာဟူ၍မရှိပေ။ ဘာသာတွဲစနစ် Combination system ကိုသာ သင်ကြားလေ့လာကြရသည်။
တက္ကသိုလ်တွင် ဘာသာတွဲဆိုရာ၌ ၀ိဇ္ဇာဘာသာတွဲနင့် သိပ္ပံဘာသာတွဲ နှစ်မျိုးသာရှိသည်။ အင်္ဂလိပ်စာနှင့် မြန်မာစာသည် မယူမနေရဘာသာများဖြစ်သည်။ ၀ိဇ္ဇာတွဲတွင် စိတ်ကြိုက် ၃ ဘာသာနှင့်၊ သိပ္ပံတွဲတွင် စိတ် ကြိုက် ၃ ဘာသာကို ရွေးချယ်သင်ယူခွင့်ရှိသည်။ ဆိုလိုသည်မှယ မယူမနေရ မြန်မာ၊ အင်္ဂလိပ်နှင့် မိမိစိတ် ကြိုက် ဘာသာတွဲ ၃ ခု၊ စုစုပေါင် ၅ ဘာသာကို လေ့လာကြရသည်။ သိပ္ပံဘာသာတွဲများတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဟူ၍တစ်တွဲ၊ ဇီဝဗေဒ (ဘိုင်အို)၊ ရူပဗေဒ၊ ဓာတုဗေဒဟူ၍တစ်တွဲ စိတ်ကြိုက်အတွဲကို ယူနိုင်သည်။
ထိုခေတ်က တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်အတန်းများကို Intermediate တန်းများဟု သတ်မှတ်ပါသည်။ ဥပမာ ၀ိဇ္ဇာဘာသာတွဲယူသူများကို ပထမနှစ်၊ ဒုတိယနှစ်သင်တန်းများအား Intermediate of Arts (I.A) ဟု သတ်မှတ်သည်။ ပထမနှစ်ဝိဇ္ဇာကို I.A Part A ဟူ၍လည်းကောင်း၊ ဒုတိယနှစ် ၀ိဇ္ဇာကို I.A Part B ဟူ၍လည်း ကောင်းခေါ်ဆိုသည်။ ထိုနည်းတူစွာ ပထမနှစ် သိပ္ပံတန်းကို Intermediate of Science (I.Sc.) Part A နှင့် ဒုတိယနှစ်သိပ္ပံတန်းကို I.Sc Part B ဟုခေါ်သည်။ ပထမနှစ်နှင့် ဒုတိယနှစ်များကို B.A နှင့် B.Sc ဟူ၍ မသတ် မှတ်သေးပေ။
ဆေးတက္ကသိုလ်တက်ချင်သူများသည် ဘိုင်အိုခေါ် ဇီဝဗေဒဘာသာရပ်ပါသည့် ဘာသာတွဲကို ယူရသည်။ ဇီဝဗေဒ ဘာသာတွင် အမှတ် ၅၀ နှင့် ဓာတုဗေဒဘာတွင် အမှတ် ၅၀ ရရှိပါက ဆေးတက္ကသိုလ် တက်ခွင့်ရှိ သည်။ သင်္ချာနှင့် ရူပဗေဒဘာသာယူသူများသည် ဆေးတက္ကသိုလ်တက်ခွင့်မရှိပေ။ ထိုသူများစက်မှုတက္ကသိုလ် ကိုသာ တက်ခွင့်ရှိသည်။ အကယ်၍ ဘာသာရပ်များတွင် အမှတ် ၅၀ မပြည့်လျှင် ထိုအမှတ်မမီသည့် ဘာသာ ကို ထပ်ဖြေနိုင်သည်။ သင်္ချာ၊ ဓာတု၊ ရူပဘာသာရပ်များကိုယူပြီးမှ ဆေးကျောင်းတက်ချင်လျှင် နောက်ထပ် ဇီဝဗေဒတစ်ဘာသာကို အမှတ် ၅၀ ရအောင်ဖြေရန်လိုသည်။ ထိုခေတ်က ကျောင်းသားကို ရွေးချယ်ခွင့်ပေး ထားပြီး မိမိစိတ်ကြိုက်ဘာသာရပ်များကိုလေ့လာခွင့်ပြုထားသည်။ သိပ္ပံတွဲအောင်ပြီးမှ ဆေးတက္ကသိုလ်တက်ရန် အမှတ်မီသူတိုင်းလည်း ဆေးတက္ကသိုလ်မတက်ကြပေ။ သိပ္ပံတွဲနှင့် အောင်ပြီးမှ ၀ိဇ္ဇာတွဲပြောင်းကာ တတိယနှစ် သို့တက်သူများလည်းရှိကြောင်း သိရသည်။ ၀ိဇ္ဇာတွဲဖြင့် အောင်မြင်သူများမှာ သိပ္ပံတွဲကို ကူးပြောင်း ယူခွင့်မရှိပေ။ ထိုခေတ်၏ထူးခြားချက်တစ်ခုဖြစ်သည်။
တက္ကသိုလ်တွင် ဒုတိယနှစ် (Inter B) ကိုအောင်ပြီး တတိယနှစ်သို့ဆက်တက်တော့မည်ဆိုလျှင် နောက်ထပ် လိုင်းခွဲများကို ပြန်ရွေးရသည်။ လိုင်းခွဲများအနေဖြင့်
၁။ စက်မှုတက္ကသိုလ်
၂။ ဆေးတက္ကသိုလ်
၃။ ၀ိဇ္ဇာဘွဲ့ (B.A)
၎။ သိပ္ပံဘွဲ့ (B.Sc)
၅။ စီးပွားရေးဘွဲ့ (B.Com) တို့ဖြစ်သည်။
ထိုခေတ်က ဒုတိယနှစ်ကို သိပ္ပံတွဲဖြင့် အောင်မြင်လာသော်လည်း တတိယနှစ်တွင် ၀ိဇ္ဇာတွဲကို ပြောင်းယူ သင်ကြားနိုင်သည်။ သို့သော် ၀ိဇ္ဇာတွဲဖြင့် အောင်မြင်လာသူများသည် သိပ္ပံတွဲကို ကူးပြောင်းယူခွင့်မရှိပေ။
တတိယနှစ်တွင် ယူနိုင်သည့် သိပ္ပံဘာသာတွဲများမှာ (ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ)၊ (ရူပဗေဒ၊ သင်္ချာ၊ အသုံးချသင်္ချာ)၊ (ရူပဗေဒ၊ အသုံးချရူပဗေဒ၊ သင်္ချာ)၊ (ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ) ဟူ၍ နှစ်သက်ရာ ဘာသာတွဲကိုယူပြီး ဆက်လက်သင်ကြားရန်ဖြစ်သည်။
ဝိဇ္ဇာတွဲတွင် သင်္ချာပါသည့်အတွဲနှင့် သင်္ချာမပါသည့်အတွဲဟူ၍ နှစ်မျိုးရှိသည်။ သင်္ချာတွဲပါသည့် ၀ိဇ္ဇာဘာသာတွဲ များကို (သင်္ချာ၊ သမိုင်း၊ ပထ၀ီ)၊ (သင်္ချာ၊ အသုံးချသင်္ချာ၊ အင်္ဂလိပ်စာ)၊ (သင်္ချာ၊ အသုံးချသင်္ချာ၊ သမိုင်း) စသည် ဖြင့်တွဲယူရသည်။ သိပ္ပံတွင်သင်ကြားသည့် သင်္ချာသင်ရိုးနှင့် ၀ိဇ္ဇာတွင် သင်ကြားသည့် သင်္ချာသင်ရိုးများမှာ အတူတူပင်ဖြစ်သည်။
Inter (B) အောင်ပြီးနောက် ၂ နှစ်ဆက်တက်လျှင် B.A, B.Sc, B.Com ဘွဲ့တစ်ခုခုရမည်ဖြစ်သည်။ B.A, B.Sc ဘွဲ့တစ်ခုခုရပြီးမှ ဥပဒေဘွဲ့ B.L သို့မဟုတ် ပညာရေးဘွဲ့ B.Ed ကို ယူချင်လျှင် နောက်ထပ် ၂ နှစ် ဆက်တက်ရ သည်။ (B.A, B.L) သို့မဟုတ် (B.Sc, B.L) သို့မဟုတ် (B.A,B.Ed/ B.Sc,B.Ed) ဘွဲ့များကို ပိုင်ဆိုင်နိုင်မည်ဖြစ် သည်။
မှီငြမ်း ။ ။ တစ်ချိန်တုန်းက ဆယ်တန်းနှင့်တက္ကသိုလ် (ဒေါက်တာခင်မောင်ဝင်း)
Written by မောင်ခေတ်
No comments:
Post a Comment