Saturday, 24 November 2012

ကံကောင်းလိုက်တဲ့ ကလေးတွေ.



ကံကောင်းလိုက်တဲ့ ကလေးတွေရေ. . .
ဒို့တွေတုန်းက ကျောင်းတွေပြောင်းတာ ဆန္ဒပြခွင့် မရခဲ့ဘူး . .

မင်းတို့အရွယ်တုန်းက
ဆန္ဒ ပြ လို့ တဲ့. .
.အရှင်လတ်လတ် လမ်းပေါ် ပစ်သတ်၊

ကားနဲ့တက်ကြိတ်၊
မသေမရှင်ဖြစ်နေလည်း အမြှုပ်ခံခဲ့ရတဲ့ ခေတ်ကြီးကို
ကျောင်း လုပ် တက်ခဲ့ပေါ့။

ကံကောင်းလိုက်တဲ့ ကလေးတွေရေ. . .
မင်းတို့တွေ ဆန္ဒပြခွင့်ရဖို့
သေခဲ့တဲ့ ငါတို့စာရင်း
ခုထိမပြုစုနိုင်ကြသေးဘူး။

ကျောင်းတွေ မပိတ်သေးမချင်း
ပေကပ်ပြီး ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတသိုက်လေ. . .
Book Shop က Drawing paper တွေ မပေးနိုင်တော့တဲ့အခါ
လျှောက်လွှာစာရွက်တွေကို ကော်နဲ့ဆက်လို့ . . .၊
ဆက်ရာတွေမှာ ခဲဆံကျိုး ကျိုးသွားလို့ စုတ်သပ်တဲ့အခါ
လစ်ဟာနေတဲ့ ထိုင်ခုံနေရာတွေကို ကြည့်ရင်း
တောက် ပါ ရောခေါက်လို့
မျက်ရည်ဝဲနေတဲ့ကျော ကို ပေးထားတဲ့
ဆရာကလည်း
မသိချင်ယောင်ဆောင်လို့။

ကံကောင်းလိုက်တဲ့ ကလေးတွေရေ. . .
မင်းတို့ . . . ကျောင်းပရ၀ဏ်ထဲ အားရပါးရအိပ်စက်ပါ
မင်းတို့. . . ကျောင်းကို ရအောင်ပြန်ယူပါ
မင်းတို့. . .ချစ်သူမြို့သူမနဲ့ မဝေးစေနဲ့. . .

မင်းတို့ကို စကားလာပြောတဲ့
ယူနီဖေါင်းနဲ့အဲဒီလူကြီးတွေဟာ
တချိန်တုန်းက စကားပြောစက်နဲ့
ပစ် ဆိုတဲ့အမိန့်ကို ပေးခဲ့ဖူးတယ် ဆိုတာ မမေ့နဲ့
မင်းတို့ရဲ့ရှေ့မှာ မင်းတို့ရဲ နောင်တော်တွေဟာ
မင်းတို့ခုလို အိပ်စက်ဆန္ဒပြခွင့်ရဖို့
သေကြေဖမ်းဆီးခံခဲ့ရတယ်ဆိုတာကို မမေ့နဲ့. . .
သူတို့တွေလက်ထဲက
သွေးစွန်းနီစွေးနေတဲ့ ခွပ်ဒေါင်းအလံတော်ကို လက်ဆင့်ကမ်းပြောင်းယူ. . .
ကံကောင်းခြင်းတွေ မင်းတို့နဲ့အတူ ရှိပါစေ။

အို...ကံကောင်းလိုက်တဲ့ ကလေးတွေရေ. ..
ငါတို့တုန်းက ကျောင်းတွေပြောင်းတာ ဆန္ဒပြခွင့်မရခဲ့ဘူး။

ချိုတူးဇော်

No comments:

Post a Comment