
မြန်မာနိုင်ငံတွင် ပညာရေးစနစ် အားနည်းမှုကြောင့် ယခုကာလတွင် ကျူရှင်ဝိုင်းနှင့် အထူးထုတ်စာအုပ် လုပ်ငန်းများ ဝင်ငွေကောင်းလျက်ရှိသည်။ တက္ကသိုလ်ဝင်တန်းကျောင်းသားများသည် သီတင်းကျွတ် အပြီးစာမေးပွဲဝင်ခွင့် ဖောင်များတင်ပြီးနောက်တွင် ကျောင်းမတက်တော့ဘဲ ကျူရှင်နှင့် စာသင်ဝိုင်းများ ကိုသာ သွားရောက်၍ စာသင်ကြားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်ကျောင်းပိတ်ရက်နောက်ပိုင်း ကျောင်းများတွင် သင်ခန်းစာများကို ဆက်လက်တက် ရောက်သင်ကြားခြင်း မရှိတော့ကြောင်း၊ ကျောင်းသို့ လာရောက်သောကျောင်းသားများလည်း နည်းပါး သွားကြောင်းတွေ့ရသည်။ ဤသည်မှာကျောင်း၏ ပညာသင်စနစ် အားနည်းမှုတစ်ခုဖြစ်ပြီး ထို ကျောင်းသားများသည် မိမိတို့သက်ဆိုင်ရာ ကျူရှင်နှင့်ဝိုင်းတို့ကိုသာ သွားရောက်တော့ကြောင်း သိရသည်။ ကျူရှင်လုပ်ငန်းများမှ သီတင်းကျွတ်ပိတ်ရက်အပြီးတွင် ၃ လပြတ်ဟူသော ဆိုင်းဘုတ်များ ဖြင့် ကျောင်းသားများခေါ်ယူကြကြောင်း၊ ထိုသို့သော ကျူရှင်များတွင် အမျိုးစားများကွဲပြားကြောင်း၊ အထူးသီးသန့်ရှယ်ဝိုင်းနှင့် ရိုးရိုးဝိုင်းကျူရှင်ဟူ၍ ရှိကြောင်းသိရသည်။ အထူးသီးသန့်ဝိုင်းများသည် ကျောင်းသားအများဆုံး ၁ဝ ယောက်သာလက်ခံကြောင်း၊ ရိုးရိုးစာသင်စာကျက်ဝိုင်းများမှာ လူဦးရေ အကန့်အသတ်မရှိကြောင်း ပညာမျက်ဝန်း စာသင်၊ စာကျက်ဝိုင်းမှာဒေါ်ဝါဝါသက်၏ ပြောကြားချက် အရသိရသည်။
အထူးသီးသန့်ဝိုင်းများတွင် တက်ရောက်သော စာသင်စရိတ်မှာ ငွေတန်ဖိုးအားဖြင့် တစ်ယောက်လျှင် ၁ဝဝ,ဝဝဝ ကျပ်ထိရှိကြောင်း၊ ရိုးရိုးကျူရှင်များမှာ ငွေကြေးတန်ဖိုး ၄ဝ,ဝဝဝ မှ ၆ဝ,ဝဝဝ ကျပ်ထိ ရှိကြောင်းသိရသည်။ ထိုကဲ့သို့ ကျူရှင်ဝိုင်းလုပ်ငန်းများရှိသကဲ့သို့ အိမ်ခေါ်သင်သော ဂိုက်လုပ်ငန်းမှာ လည်းဝင်ငွေကောင်းကြောင်း သိရသည်။ ဂိုက်ပြသောဆရာများမှာ တစ်ဘာသာချင်းအသေးစိတ်သင် လျှင် ၂၅ဝ,ဝဝဝ ကျပ်မှ ၃ဝဝ,ဝဝဝ ကျပ်ထိရရှိကြောင်း စာပြန်ရုံသက်သက်ဆိုလျှင် ၅ဝ,ဝဝဝ ကျပ်မှ ၁ဝဝ,ဝဝဝ ကျပ်ထိရရှိကြောင်း ဂိုက်ဆရာ ကိုဥက္ကာလှိုင်၏ ပြောကြားချက်အရ သိရသည်။
ထိုကဲ့သို့ပင် ကျူရှင်ဂိုက်ပြခြင်း လုပ်ငန်းများ စီးပွားဖြစ်သကဲ့သို့ အထူးထုတ်လုပ်ငန်းများမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲနီးလျှင် စီးပွားဖြစ်လျက်ရှိကြောင်းသိရသည်။ ယင်းတို့သည် ဒီဇင်ဘာ လဆန်းပိုင်းတွင် မေးခွန်းသုံးစုံဟု အမည်တပ်ထားသော စာအုပ်များထုတ်ကာ ရောင်းချကြသည်။ တစ်ဘာသာလျှင် ၃၅ဝဝ ကျော်ပေးဝယ်ရကြောင်း သိရသည်။
ထိုအထူးထုတ်လုပ်ငန်းများ၊ ကျူရှင်များနှင့် ဝိုင်းလုပ်ငန်းအများစုသည် ရန်ကုန်၊ လှည်းတန်း ပတ်ဝန်းကျင်တွင် အများစုရှိကြောင်းတွေ့ရသည်။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အောင်ချက်မှာ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၃၃.၃ ရာခိုင်နှုန်းရှိကြောင်း၊ ယခင်နှစ်ထက် အောင်ချက်လျော့နည်းသွားကြောင်း သိရသည်။
INDEPENDENT NEWS JOURNAL
No comments:
Post a Comment