
ကျွန်တော် ပညာနို့ရည် သောက်သုံးခဲ့သော အမိ ရန်ကုန် တက္ကသိုလ်နှင့် ဝေးကွာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်ကြီးကို အလည်တခေါက် ပြန်ရောက်ခဲ့ပြန်သည်။ နယ်စပ် တစ်လျှောက်တွင် လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် အတူ ဆယ်ကျော်သက် အရွယ်တုန်းက ကျင်လည်ခဲ့သည့်၊ ၁၉၉၆ ဒီဇင်ဘာလ ရန်ကုန် တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု၏ အဓိက နေရာတွင် ပါဝင်ခဲ့သည် နေရာကို ပြန်ရောက်ခြင်းပင် ဖြစ်သည်။
နယ်စပ်တစ်လျှောက် တော်လှန်ရေး လုပ်ခဲ့စဉ်ကာလအတွင်း ထိုင်းနိုင်ငံ ချူလာလောင်ကောင် တက္ကသိုလ်၊ သာမာဆက် တက္ကသိုလ်၊ အာရှ နည်းပညာ တက္ကသိုလ်၊ အိန္ဒိယနိုင်ငံမှ ဂျာဝါဟာလာ နေရူး တက္ကသိုလ် စသည့် ဒေသတွင်းမှ နာမည်ကျော်သော တက္ကသိုလ်များသို့ သွားရောက်လည် ပတ်ခဲ့ဖူးသည်။ စာကြည့်တိုက်များတွင် စာအုပ်စာပေများဝင်ရောက် မွေနှောက်ခဲ့ဖူးသည်။
အားကျစရာ လူငယ်ဘ၀များကို တွေ့မြင်ခဲ့ရသည်။ ကျောင်းသားဘ၀၏ လေးနက်မှု၊ အနာဂါတ် ခေါင်းဆောင်များ ဖြစ်လာမည့် သူတို့၏ ဘ၀ကို တစိတ်တဒေသ လေ့လာခွင့် ရရှိခဲ့သည်။ နိုင်ငံခြားမှ တက္ကသိုလ်များကို မြင်တိုင်း အတိတ်ကာလက လွမ်းမောခဲ့ရသော ရန်ကုန် တက္ကသိုလ်ကြီးကို ပြန်လည် မြင်ယောင်မိလာသည်။
မှတ်မှတ်ရရ ၁၉၉၃ ခုနှစ်တွင် ကျနော် စစ်တွေတက္ကသိုလ်မှ ဒုတိယနှစ်သမိုင်းစာမေးပွဲတွင် အမှတ် ကောင်းသဖြင့် ရန်ကုန် တက္ကသိုလ်တွင် ၀ိဇ္ဖာ ဂုဏ်ထူးဘွဲ့ကို ဆက်လက် သင်ယူခွင့် ရရှိခဲ့သည်။ တက္ကသိုလ်၏ ပထမနေ့သည် ကျနော့်အတွက် မည်သည့်အခါမျှ မေ့နိုင်မည်မဟုတ်။
ရန်ကုန်ရှိ မိတ်ဆွေတဦး၏ အိမ်တွင်တည်းခိုရင်း ကျောင်းအပ်ရန် တက္ကသိုလ်နယ်မြေကို စရောက်သော နေ့ပင် ဖြစ်သည်။ ကျနော်နဲ့ အတူလိုက်ပါလာသူ အကိုဝမ်းကွဲ၏ အကူအညီကိုရယူကာ တက္ကသိုလ်ကို လာခြင်းပင် ဖြစ်သည်။ နယ်တက္ကသိုလ်ကို ရောက်လာသူ တောသားလေးအဖို့ အံ့သြမှုနှင့် စတင်ကြုံတွေ့ရတော့သည်။
အဓိပတိလမ်းမှ ၀င်ကာ မန္တလေးဆောင်ကိုကျော်သောအခါ အရိပ်ကောင်းကောင်း အောက်က ကျောင်းသား များ ဖွေးဖွေးလှုပ်နေသော နေရာကို တွေ့သောအခါ “ ဟ ဘာလဲ၊ အလှူပွဲလား” ဟု အစ်ကိုဝမ်းကွဲကို တအံ့ တသြ မေးဖြစ်ခဲ့သည်။ “တိတ်တိတ်နေစမ်း ၊ အဲဒါ Cantee လို့ခေါ်တဲ့ စားသောက်ဆိုင်တွေ၊ လ္ဘက်ရည် ဆိုင်တွေလေ” ဟု ပြန်ဖြေတော့ ရင်မောခဲ့ရသည်။ ဤကဲ့သို့ ကျောင်းသားအများအပြားကို မမြင်ဖူးခဲ့သည့် စစ်တွေ ကောလိပ်ကျောင်းသား၏ ဘ၀ တစ်စိတ်တဒေသပင်ဖြစ်ပေတော့သည်။
ကျောင်းအပ်ပြီးသည်နှင့် မိမိနေထိုင်ရမည့် အဆောင်အမည် ထွက်လာသည်အထိ အပြင်မိတ်ဆွေ၏ အိမ်တွင်နေရင်း စောင့်စားခဲ့ရသည်။ နောက်တစ်ရက်တွင် ကျောင်းသားများ၏ နေထိုင်ခွင့်ရ အဆောင်များ စာရင်းထုတ်ပြန်ချက်ကို သွားကြည့် ဖြစ်သည်။ “စစ်ကိုင်းဆောင်” တွင် နေထိုင်ခွင့်ရရှိခဲ့သည်။ နယ်ကောလိပ်မှ ပြောင်းလာသည့် ကျောင်းသားများ အဖို့ ရန်ကုန် တက္ကသိုလ် ၀င်းထဲက အဆောင်များတွင် နေထိုင်ခွင့်ရခြင်း ဖြစ်သည်။ အထူးသဖြင့် နယ်ကောလိပ်မှ ဂုဏ်ထူးတန်း တက်မည့်သူများနှင့် နယ်တက္ကသိုလ် များတွင်မရှိသည့် ဥပဒေ၊ စိတ်ပညာ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဒသနိကဗေဒ စသည့် ဘာသာရပ်များကို လေ့လာလိုသည့် နယ်မှ ကျောင်းသားများ အတွက် အဆောင်များကို ဦးစားပေးထားခြင်း ဖြစ်သည်။
စစ်ကိုင်းဆောင်၏ ပထမနေ့တွင် ကျွန်တော့်အတွက် ထူးခြားမှု တစ်ခုကို တွေ့ရသည်။ ရေချိုးခွက်၊ ထမင်းစားပန်းကန်၊ ရေပုံးများကို ခေါက်သံကြားရတော့ ကျနော် အထိတ်တလန့် ဖြစ်ခဲ့ရသည်။ “ဟေး လာပြီလာပြီ” ဆိုသော ညာသံပေးသံကိုလည်း ကြားရသည်။ ကျွန်တော် အခန်းအတွင်းမှ အပြေးအလွှား ထွက်ကြည့်တော့ တက္ကသိုလ်ကျောင်းသူ လေးငါးဦး အဆောင်ရှေ့မှဖြတ်သွားသည် ကို ဘယ်ညာ ဘယ်ညာ ဟုတစ်မျိုး လိုက်အော်နေသော အဆောင်နေဖက် ကျနော့်မိတ်ဆွေများကို တွေ့ရသည်။ ထိုကျောင်းသူများမှလည်း ဂရုပင်မစိုက် ခတ်တည်တည်ပင် လမ်းလျှောက်ကာ သွားလာနေကြသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်နေ ကျောင်းသားများ အဖို့ အဆောင်မှ ချက်ပြုတ် ကျွေးမွေးသည်။ ကျောင်းသား တစ်ဦးလျင် တလ (၃၀၀) ကျပ်ဟုထင်သည်။ မနက်စာကို နံနက် ခြောက်နာရီခွဲမှ ရှစ်နာရီ အထိ ကျွေးမွေးလေ့ရှိသည်။ ကမ္ဘာကျော် အဆောင်ထမင်း နံနက်စာကား ပဲဟင်းရည် တစ်ခွက်ပင်တည်း။ မနက်စာ အတွက် ပဲဟင်းရည်ခွက်က ကြိုက်သလောက်ယူစား။ အဆောင်နေ ကျောင်းသား တော်တော်များများ မနက်စာ မစားဘဲ အပြင်တွင် စားကြသည့်သဖြင့် ကျွန်တော်တို့ကဲ့သို့ ဆင်းရဲသား ကျောင်းသားများအတွက် ပဲဟင်းရည် ကြိုက်သလောက် ယူစားသည့် အခွင့်အရေး ရရှိခဲ့သည်။
ညနေစာ အဆောင်ထမင်းက မဆိုးဟု ဆိုရပေမည်။ အသားလေး နှစ်တုံး (သို့) ကြက်ဥကျော်၊ ငါးကျော် တစ်တုံးက ညနေစာအတွက်ပင်ဖြစ်သည်။ အဆောင်ထမင်း မစားနိုင်သည့် ကျောင်းသားများအဖို့ ထမင်းစား ဆောင်နားတွင် ရောင်းနေသည့် ဟင်းလျာအချို့ကိုဝယ်ယူ သုံးဆောင်နိုင်သည်။
အဆောင်ထမင်းနှင် ပတ်သက်၍ ပဲခူးဆောင် ညစာစားပွဲတွင် ကာယဗလ ပြိုင်ပွဲ ကျင်းပခဲ့ရာ ဟာသမြောက် သည့် ပျက်လုံးတစ်ခု ဖြစ်သွားခဲ့သည်။ အဆောင်များ ညစာစားပွဲ ပြုလုပ်သောအခါ အဆောင်မှ ထွက်သွား သည့် နာမည်ကျော် အနုပညာရှင်တွေ၊ အထင်ကရ ကျောင်းသားဟောင်းတွေကို ဖိတ်လေ့ဖိတ်ထ ရှိတတ်ကြ ပါသည်။ သို့သော် ထိုအချိန်က အဆောင်ညစာ စားပွဲတွင် ကျောင်းသားဟောင်း မဟုတ်ဘဲ အမြဲတွေ့ရ တတ်သည့် လူတစ်ဦးရှိခဲ့သည်။ နာမည်ကျော် စစ်ထောက်လှမ်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်ပင်ဖြစ်သည်။
ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် သင်ကြားနေသည့် ကျောင်းသား အချို့သည် ရန်ကုန် တက္ကသိုလ်ဝင်းထဲရှိ ပဲခူးဆောင်တွင် နေထိုင်ခွင့် ရရှိခဲ့သည်။ ပဲခူးဆောင်တွင် နေရင်း ပညာသင်ယူနေသည့် လူငယ်လေး တစ်ဦးမှာကား အရပ် သုံးပေ ကျော်ကျော်သာ ရှိသည့် ကျောင်းသားလေးဖြစ်နေသည်။ ၄င်းကျောင်းသားလေး သည် ကာယဗလ မောင်ပြိုင်ပွဲတွင် ပုဆိုးချွတ်၊ အင်္ကျီချွတ်လျက် မောင်ပြိုင်ပွဲ ၀င်ခဲ့ခြင်းဖြစ်သည်။ ဒိုင်ဖြစ်သူမှ ပြိုင်ပွဲဝင် မောင်များကို မေးခွန်းများ မေးသည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်။ ထိုလူငယ်လေး အလှည့် ရောက်စဉ်တွင် “ ဤကဲ့သို့ ကိုယ်ကာယ ကြီးထွားလာအောင် မည်သည့် အစားအစာများကို စားသုံးပါ သနည်းဟု” မေးမြန်းလိုက်ရာ “ အဆိုပါ ကျောင်းသား လူငယ်မှ အဆောင်မှ ကျွေးသော ပဲဟင်းရည် ကိုနေ့စဉ် စားသုံးသည့်အတွက် ဤကဲ့သို့ ကြီးထွားလာပါသည် ၊ လူကြီးမင်းတို့၏ သားသမီးများကို အဆောင်က ကျွေးသကဲ့သို့ ကျွေးမွေးပါက ကျွန်ုပ်ကဲ့သို့ ကြီးထွားလာမည်” ဟု ဖြေကြားလိုက်ရာ ပရိသတ် ကျောင်းသားတို့ အကြိုက် ပျက်လုံးတခု ဖြစ်လာခဲ့သည်။ တက်ရောက်လာသည့် မြန်မာနိုင်ငံ ပညာရေး ကော်မတီ ဥက္ကဌ နှင့် နိုင်ငံခြားရေး ၀န်ကြီး အုံးဂျော်တို့မှာ နေမထိ ထိုင်မသာ ဖြစ်သွားခဲ့သည်ကို သတိရမိသည်။ အာဏာရှင် စနစ်ဆိုးအောက်က ဖြစ်ပျက်နေမှုကို ကျောင်းသားများမှ အနုပညာ မြောက်စွာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံခြားမှ နာမည်ကျော် တက္ကသိုလ်များကို ရောက်စဉ် စာကြည့်တိုက်များကို သွားရောက်လေ့လာ ဖြစ်သည်။ နေ့လည်စာ ထမင်းစားပြီးသည့်နှင့် ကျောင်းသားများ တစ်ဦးတစ်လေမှ စားသောက်ဆိုင် Cantee တွင် မတွေ့ရဘဲ ပျောက်သွားသည်ကို သတိထားမိခဲ့သည်။ မည်သည့် အရပ်သို့သွားကြသနည်းဟု စပ်စုမိသည်။ နေ့လည်စာ စားပြီးသည်နှင့် စာကြည့်တိုက် ဘက်ကိုခြေဦးလှည့်ခဲ့သည်။ အထပ် (၁၀) ထပ်မျှ ရှိသော တက္ကသိုလ်စာကြည့်ခန်းတွင် နေရာမရှိတော့။ ဤမျှလောက် ကျောင်းသားများပြားသော်လည်း အပ်ကျသံ ပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည်ကို သတိထားမိခဲ့သည်။
ကျွန်တော်ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အတွင်း စာအုပ်ဖတ်လိုပါက မိမိဖတ်လိုသော စာအုပ်များကို ကပ်တလောက်တွင်ရှာဖွေ၊ တွေ့ပါက စာကြည့်တိုက် ၀န်ထမ်းကို စာအုပ်အမျိုးအစား၊ နံပါတ်များကို ရေးပြီး ပေးလိုက်ရသည်။ တခါတရံ စာအုပ်တစ်အုပ် ရရန် နာရီနှင့်ချီ စောင့်မျှော်နေရသည်။ တစ်ခါတရံ တစ်ရက်ကုန် တစ်နေခန်း ရှာဖွေသော်လည်း တစ်အုပ်တလေပင် မရသည်ကလည်း ရှိသည်။ စာအုပ်ရပြီးသည်နှင့် စာဖတ်ရန် ခုံတန်းလျားသို့ သွားလိုက်ပါက တွေ့လိုက်ရသည်က ချစ်သူစုံတွဲများ ချစ်တင်းနှောနေသည်ကို အများဆုံးတွေ့ရသည်။ စာကြည့်တိုက် အတွင်းရှိ စာဖတ်ခုံတန်းများသည် ချစ်သူတို့၏ မှောင်ခိုလုပ်ငန်း စံပျော်ရာ ဖြစ်နေလေတော့သည်။
နိုင်ငံခြားတက္ကသိုလ်များတွင်ကား လက်ချင်းယှက်လျက် သွားနေသည့် စုံတွဲများကို တွေ့ရဖို့ အလွန်ခက်ခဲသည်။ မိမိဖတ်လိုသော၊ လေ့လာလိုသော စာအုပ်ကို စာအုပ်စင်မှ ယူငင်ဖတ်ရှုရန်သာ ၊ မည်သူ့ကိုမှ အပူကပ်စရာမလို၊ ဖတ်ချင်သလောက် ယူဖတ်၊ ဖတ်ပြီးပါက ဒီအတိုင်း စားပွဲပေါ်ထားခဲ့ရုံသာ။ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်နှင့် လားလားမှ မတူသည့် နိုင်ငံခြားမှ တက္ကသိုလ်စာကြည့်တိုက်။
မကောင်းသည့် စနစ်ဆိုးတခုအောက်တွင် လူသားများပင် မဟုတ် စာအုပ်စာပေ များကိုပင် ထောင်သွင်း အကျဉ်းချထားသည်ကို နိုင်ငံခြား တက္ကသိုလ်များကို ရောက်စဉ် သတိထားမိလာသည်။ အနာဂါတ် မျိုးဆက်သစ်များ အတွက် လမ်းကြောင်းဖွင့်လှစ်ပေးရန် မိမိကိုယ်တွင် တာဝန်ရှိသည်ဟု ခံယူလာသည်။
၁၉၉၆၊ ဒီဇင်္ဘာ (၆) ရက်နေ့အပြီးတွင် နယ်စပ်ရောက်ခဲ့ပြီးနောက် ၂၀၁၂ သြဂုတ်လတွင် ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန ပါမောက္ခကို တွေ့ဆုံဂါဝရ ပြုရန် တဖန်ရောက်ရှိခဲ့ပြန်သည်။ ကျနော်၏ ဆရာမသည် ပါမောက္ခ ဌာနမှူးပင် ဖြစ်နေလေပြီ၊ တွေ့လိုပါက ဂိတ်အထပ်ထပ်ကို ဖြတ်ရပေမယ်။ ဂိတ်စောင့်ဆရာများမှာကား ကျွန်တော်၏ ကျောင်းနေဖက်များ ဖြစ်နေသည့်အတွက် အလွယ်တကူပင် ပါမောက္ခ ဆရာမကြီးကို တွေ့ခဲ့ရသည်။ ကျွန်တော်ယူလာသော စာအုပ်အချို့ကို လက်ဆောင်ပေး ပြီးနောက် စကားစမည် ပြောဖြစ်ခဲ့သည်။ ပါမောက္ခကြီး၏ မျက်နှာမှာ ရွှင်လန်းမှုမရှိ။ တောတွင်းပြန် တပည့်တဦးကို စကားပြောလိုပုံမရ။ မပြန်မီ ဆရာမကြီးနှင့် အမှတ်တရ ဓါတ်ပုံရိုက်ရန် ပြောသောအခါ ဓါတ်ပုံတော့ မရိုက်ပါရစေနဲ့ဟု ပါမောက္ခ ကြီး၏ စိုးရိမ်တကြီး တောင်းပန်သံကို ကြားလိုက်ရသည်။ ဤသည်မှာ နှစ်ပေါင်း (၆၀) ကျော်ကြာ စနစ်ဆိုးအောက်က ပါမောက္ခ တစ်ဦး၏ အသွင်သဏ္ဍာန် ပင်ဖြစ်ပါတော့သည်။
ဤကဲ့သို့ ပါမောက္ခ များရှိရာတက္ကသိုလ်တွင် သြဇာတိကမ ကြီးမားလှသော သမ္မတတစ်ဦး မိန့်ခွန်းပြောပေ လိမ့်မည်။ အချိန်ခါကောင်းနှင့် နေရာမှန် ဖြစ်ပေသည်ဟု ၀မ်းမြောက်မိသည်။ ကျွန်တော့်ဆရာ ပါမောက္ခကြီး သမ္မတကြီး၏ မိန့်ခွန်းများကို မည်ကဲ့သို့ စိတ်ထားမျိုးနှင့် နားထောင်နေမည်ကို ကျွန်တော် အင်မတန်မှ သိရှိလိုပေသည်။
လှရွှေ
ခေတ္တ၊ ရန်ကုန်
No comments:
Post a Comment