
ပညာရေးစိတ်ပါဝင်စားသူ ဆရာဦးမြင့်လွင်နှင့်တွေ့ဆုံခြင်း
ကျွန်တော်နဲ့ ဆရာဦးမြင့်လွင်မှာ အမှတ်ရစရာတွေအများကြီးရှိနေပါတယ်။ ကျွန်တော်ကျောင်းဆရာဖြစ်တော့ ပဲခူးမြို့နဲ့ အလွန်ဝေးတဲ့ ချောင်းဖျားရိုးမတောအနီးမှာ သွားပြီးအမှုထမ်းရပါတယ်။ ကျွန်တော်တို့ ကျောင်း ဆရာဖြစ်တဲ့နှစ်မှာ ပဲခူးမြို့ကို လက်ထောက်မြို့နယ်ပညာရေးမှူးနှစ်ဦးခန့်အပ် ခြင်းခံရပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ လက်ထောက်မြို့နယ် ပညာရေးမှူးနှစ်ဦးစလုံးရဲ့ နာမည်တွေက “ဦးမြင့်လွင်” တွေဖြစ်နေပါ တယ်။ ဒါကြောင့် အသက်လည်းပိုကြီး ပဲခူးကို အရင်ဆုံးလည်းရောက်တဲ့ ဦးမြင့်လွင်ကို ကျွန်တော်တို့က “ဦးမြင့်လွင်ကြီး” လို့ ချစ်စနိုးခေါ်လိုက်ကြပြီး၊ အသက်ပိုငယ်တဲ့ ဆရာကိုတော့ “ဦးမြင့်လွင်လေး” လို့သတ် မှတ်ကာ ခေါ်ဝေါ် သုံးစွဲလိုက်ကြပါတယ်။
လက်ထောက်မြို့နယ်ပညာရေးမှူးနှစ်ဦးစလုံးရဲ့ ထူးခြားချက်တွေကတော့ ဘ၀တူ ဆရာ ဆရာမတွေအပေါ်မှာ နားအလည်ဆုံး၊ မျှဝေခံစားမှုအပေးနိုင်ဆုံး၊ ထောက်ထားညှာတာမှုအပေးနိုင်ဆုံး၊ နည်းပေးလမ်းပြ သွန်သင်မှု အကောင်းဆုံးဖြစ်လို့ ကျွန်တော်တို့ ပဲခူးသူ ပဲခူးသား ဆရာ ဆရာမ များရဲ့ ချစ်ခင်လေးစားမှုကို ရရှိကြသူတွေ လည်းဖြစ်ပါတယ်။
ကျွန်တော် ဇောင်းတူလို့ခေါ်တဲ့ ရိုးမတောကြီးအနီးက ရွာမှာ အမှုထမ်းနေတဲ့ တစ်နေ့မှာ ဆရာဦးမြင့်လွင်ကြီး ကျွန်တော် တာဝန်ကျရာ ကျောင်းကို ရောက်လာပါ တယ်။ ရွာတစ်ဝိုက်ကျောင်းတွေကို ကျောင်းစစ်လာ တာလို့သိရတယ်။ ကိုယ့်ဆရာရင်းတွေလိုဖြစ်နေလို့ ရွာနီးချုပ်စပ် ကျောင်းတွေ ကို စစ်ဆေးဖို့ တစ်ကျောင်းဝင် တစ်ကျောင်း ထွက် လိုက်ပို့ပေးကြတာ ထုံးစံလိုဖြစ်နေပါ ပြီ။ ဘ၀တူမိတ်ဆွေတွေ ပြန်ဆုံကြ၊ ပြောကြ ဆိုကြ ရယ်မောကြနဲ့ ဘ၀သောကအမောကို ခေတ္တပြေပျောက်အောင် လုပ်နိုင်ချိန်လေး ဖြစ်လို့ နောက်တစ်နေ့မှာ ဆရာ့ကို ရွာစဉ် အတိုင်း လိုက်ပို့ခဲ့ပါတယ်။
ခရီးစဉ်အတိုင်း ဇောင်းတူကနေ တစ်ရွာဝင် တစ်ရွာထွက် တောက်လျှောက်ဆင်း လာခဲ့ပါတယ်။ ညနေ စောင်းလောက်မှ ဇီးတောရွာကို ရောက်ပါတယ်။ အဲဒီအချိန်မှာ တောင်ကညို ပြိုတော့မလို မိုးရိပ်တွေ ဆင်လာပါတယ်။ ရုတ်တရက် နေပူနေရာက မိုးသားတွေ တက်လာတာကြောင့် ကျွန်တော်က ဆရာ့ကို ဇီးတောရွာမှာ အိပ်ဖို့ ပြောပါတယ်။ ဆရာက ဇီးတောမှာ အိပ်လို့ မဖြစ်ကြောင်း၊ ၈ မိုင်လောက်ဝေးသေးတဲ့ ချင်းစုရွာလေးကို သွားရမှာဖြစ်ကြောင်း၊ ထိုကျောင်းမှာ ကျောင်းသစ်ဖြစ်ပြီး ဒီနေ့အရောက်လာခဲ့မယ်လို့ ကတိပေးထားကြောင်း၊ ပြီးတော့ ဆရာမအသစ်လေးကိုလည်း ဒီနေ့ အရောက်သွားဖို့လွှတ်ထားကြောင်း ထို့ကြောင့် သူဒီနေ့ ထိုရွာသို့မရောက်လျှင် ရွာနှင့် ဆရာမလေးကို မလေးစားရာရောက်မည် စိုးသဖြင့် အရောက်သွားရမယ်လို့ ပြောပါတယ်။
ကျွန်တော်တို့ ချင်းစုရွာကိုရောက်ဖို့ ယောက်ျားကြီးခြေနဲ့ အပြင်းလျှောက်တာတောင် နောက် တစ်နာရီ လောက်လျှောက် ရမှာဖြစ်ပါတယ်။ မိုးတွေကမည်းလာ၊ အချိန်ကလည်းလင့်ပေမယ့် ဆရာ့ကို အား နာတာနဲ့ပဲ ဇီးတောရွာကနေ ဆက်ပြီးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော်တို့သွားရမှာ လယ်ကွင်းပြင် ကျယ်ကြီးကို ဖြတ်သွားရမှာပါ။ စိုက်ပျိုးပြီးကာစ စိမ်းစိုနေတဲ့ စပါးပင်ပျိုတွေဟာ လေနဲ့ ယိမ်းကနေကြပါတယ်။ နောက်ပိုင်း မိုးသက်လေလည်းကျလာတယ်။ မိုးသည်း တာကြောင့် ကျွန်တော်တို့ ထီးလည်း မဆောင်းနိုင်တော့ပါဘူး။ တစ်ကိုယ်လုံး စိုရွှဲပြီး လယ်ကန်သင်းရိုး တွေပေါ်ကနေ အပြေးလေး လျှောက်လာကြပါတယ်။
ဆရာဦးမြင့်လွင်ကြီးကို ကျွန်တော်က ဖြူဖြူနုနုလေးမို့ ဒီခရီးကို လျှောက်နိုင်ပါ့ မလားထင်ထားတာ သူက ရှေ့ဆုံးကနေ မြောက်ခနဲ စွေ့ခနဲ ကန်သင်းရိုးတွေကို ကျော်လွှားသွားနေလိုက်တာ ကျွန်တော် မနည်း အမီလိုက်နေရပါတယ်။ နေပူရာက မိုးရွာချလိုက်တာကြောင့် မိုးကြိုးတွေကလည်း တဝုန်းဝုန်း တဒိုင်းဒိုင်း ပစ်နေတဲ့ကြား က ကျွန်တော်တို့ ချင်းစုရွာကို ချီတက်ခဲ့ကြတာပါ။
မှောင်ရီပျိုးချိန်မှ ရွာထဲကိုရောက်တယ်။ ကျောင်းစစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့မှာ အပိုပါတဲ့ အဝတ်တွေကလည်း ကျောပိုးအိတ်ထဲမှာ မိုးရေတွေနစ်ပြီး စိုရွှဲနေပါတယ်။ အဲဒီညက မီးဖိုဘေးမှာ ကိုယ်ပေါ်ကအဝတ်တွေကို ခြောက်အောင်လုပ်ရင်း ရွာကကျွေးတဲ့ ငါးခြောက်ဖုတ်နဲ့ ထမင်းကို တစ်သက်မမေ့ တော့ပါဘူး။
နောက်တစ်နေ့မနက်စောစော ဆရာကကျောင်းဘက်ကိုသွားမယ်ဆိုလို့ ထွက်ခဲ့ ကြတယ်။ ရွာလေးက သေးပေမယ့် ဆောက်ထားတဲ့ကျောင်းကတော့ တစ်ကျောင်းလုံး ကျွန်းသစ်တွေနဲ့ဖြစ်လို့ စေတနာမနည်းဘူးလို့ သတ်မှတ်လိုက်ပါတယ်။
ကျောင်းတက်တော့ ဆရာက ဆရာမလေးကို စာသင်ခိုင်းပါတယ်။ ဆရာမလေး က ရှက်နေလို့ စာထွက်မသင်ရဲဘူး။ ဆရာမ အသစ်လေးဖြစ်နေတာလည်း ပါလိမ့်မယ်။ ဆရာက ကလေး ၁၃ ယောက် လောက်ပဲ ရှိတဲ့ ကျောင်းမှာ ပီတိဖြာတဲ့မျက်နှာနဲ့ ရွာလူကြီးတွေကို ဆရာမလေးကို စောင့်ရှောက်ဖို့၊ ကျောင်းလိုအပ်ချက်တွေကို ထပ်မံဖြည့် ဆည်းပေးဖို့ တတွတ်တွတ်မှာရင်း ကျောင်းသားလေးတွေဆီ ထသွားလိုက်ပါတယ်။ ဘာစာကနေ စသင်ရမှန်းမသိဖြစ်နေတဲ့ ဆရာမလေးကို ဘေးမှာထားပြီး ကလေး တွေကို အင်္ဂလိပ်ကဗျာလေးတွေ သင်ပေး နေတဲ့ဆရာ့ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲကို ငြိမ်းအေးတဲ့ဓာတ်တွေ စီးဆင်းသွားပါတယ်။
ဆရာ့ကို ဒီလောက်အသံကောင်းမယ်လို့ မထင်ပါဘူး။ ခရစ်ယန်လည်းဖြစ်၊ ကရင်သွေးလည်းပါတဲ့ ဆရာ့အသံက ကျောင်းထဲ မှာ ညံပြီး ကြောက်ရွံ့နေတဲ့ ကျောင်းသား လေးတွေတောင် ပြုံးပျော်ကြည်နူး လာကြပါ တယ်။ နောက်ဆုံးကဗျာရွတ်သံလေးတွေကို နားထောင်ရင်း ကျွန်တော်တို့ ရွာထဲကနေ ပြန်ထွက်ခွာလာခဲ့ကြရတဲ့ ဆရာနဲ့နောက်ဆုံး အမှတ်တရ ဆုံတွေ့ခဲ့ရတဲ့ နေ့ကို ကျွန်တော် ယနေ့တိုင်မမေ့ပါဘူး။
မမေ့ရတဲ့အထဲမှာ ခရီးက ပြန်ရောက်ပြီး၊ ကျွန်တော် တစ်ပတ်လောက် ဖျားပါ တယ်။ ပဲခူးကဆရာ့အကြောင်းကို လှမ်းစုံစမ်းတော့ နေကောင်းကျန်းမာ ရုံးတက်နိုင် ပါတယ်ဆိုလို့ ကျွန်တော် အတော်လေးအံ့ဩ ခဲ့ရပါတယ်။
နောက်ပိုင်း ကျွန်တော်လည်း ဆရာ ဘ၀က အငြိမ်းစားယူ၊ ဆရာလည်း အငြိမ်း စားယူခဲ့တယ်။ အဲဒီအဖြစ် အပျက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကဆိုပေမယ့် ကျွန်တော့်ကို ယနေ့တိုင်အမှတ်ရနေစေခဲ့ပါတယ်။
တစ်လောက ကျွန်တော် ပင်စင်ကိစ္စနဲ့ ပဲခူးကို ခေတ္တပြန်ခဲ့ပါတယ်။ ဆရာ့ကိုလည်း သတိရ “ပညာရေးပြုပြင်ပြောင်းလဲမှု” ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် လောက်ကတည်းက ဆရာနဲ့ ဆွေးနွေးခဲ့တာတွေကို သတိရပြီး ဆရာ့ဆီဝင်ကာ တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့တာလေးကို ပြန်ပြီးဖောက် သည်ချလိုက်ပါတယ်။
Q : ရန်ကုန်ဘက်မှာတော့ ပညာရေးဆိုင်ရာ ပြု ပြင်ပြောင်းလဲရေးဆိုပြီး ပုဂ္ဂလိကဆွေးနွေးမှုတွေ အရှိန်တက်နေပါတယ်။ များသောအားဖြင့် ရန်ကုန်ကလူတွေပဲ တက်ရောက်ဆွေး နွေးကြတာများတယ်။ ကျွန်တော့်အနေနဲ့ နယ်ကိုရောက်တုန်း နယ်ကပညာရေးစိတ်ပါ ဝင်စားသူတွေရဲ့ အသံကိုလည်း ကြားစေ့ ချင်လို့ ဆရာနဲ့ လာတွေ့ရတာဖြစ်ပါတယ်။ ဆရာ့အနေနဲ့ အင်္ဂလိပ်စာသင်ကြားရေးကို အရမ်းစိတ်ဝင်စားတယ်။ အင်္ဂလိပ်စာပြု ပြင်ပြောင်းလဲ သင်ကြားရေးတွေမှာလည်း အများဆုံး ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးအနေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ် ဆိုရင် ဘာတွေကို စလုပ်သင့်တယ်၊ ဘယ် အပိုင်းတွေကို ဦးစားပေးလုပ်သင့်တယ်ဆို တာတွေကို ဆရာ့အမြင်လေးသိပါရစေ။
A: နိဒါန်းစချီပြီးပြောရရင် စနစ်ဟောင်းကနေ စနစ်သစ်ဆိုပြီး ပြောင်းလဲမှုတွေ လုပ်လာတာကနေ စပြောရမယ်။ စနစ်သစ်က ဘယ်အချိန်မှာ စသလဲဆိုရင် တက္ကသိုလ်အနေနဲ့ ၁၉၆၈ ခုနှစ်မှာစတယ်။ မူလတန်းကတော့ ဘယ်အချိန်မှာ စတယ်ဆိုတာထက် ပြည်သူပိုင် စသိမ်းလိုက်တဲ့အချိန်ကိုပြောရမယ်။
၁၉၆၅ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး စလုပ်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာ စလုပ်နေပြီ။ အင်္ဂလိပ်စာသင်တဲ့ဆရာပေါ့။ အဲဒီလို ပြည်သူပိုင် သိမ်းပြီးတဲ့နောက် အစိုးရကျောင်းတွေမှာ ၅ တန်းကစပြီး အင်္ဂလိပ်စာသင်တာကို လုပ်တယ်။ အဲဒါကိုက အားနည်းချက်ကြီးတစ်ခုဖြစ်လာတော့တာပဲ။
မစ်ရှင်နရီကျောင်းတွေ၊ ပရိုက်ဗိတ် ကျောင်းတွေက အဲဒီအချိန်မှာ kindergarten ကစပြီး အင်္ဂလိပ်စာသင်ကြတယ်။ ဟိုတုန်း ကဆိုရင် lower KG, middle KG, higher KG ဆိုပြီးတော့ထားတယ်။ KG ကို ၃ နှစ် ထားတာ ကောင်းတာလည်းရှိတယ်၊ မကောင်းတာလည်းရှိတယ်။ အဲဒီအချိန်က KG မှာ ၃ နှစ် ထားတာကိုက အခုလုပ်နေတဲ့ မူကြိုနဲ့ အတူတူပဲလို့ ကျွန်တော်ကတော့ သဘောထားတယ်။ ကြာတော့ ကြာတယ် ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။
၁၉၆၅ ခုနှစ် ဧပြီလနောက်ပိုင်းကစပြီး အင်္ဂလိပ်စာမှာ ညံ့သွားတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ကျွန်တော်ကတော့ အင်္ဂလိပ်စာသင်တဲ့ဆရာမို့ အင်္ဂလိပ်စာကိုပဲ ပြောပါ့မယ်။
အင်္ဂလိပ်စာသင်တာတွေညံ့သွားတယ်၊ အဆင့်တွေနိမ့်သွားတယ်ဆိုပြီးတော့ ၁၉၇၉ နဲ့ ၁၉၈၀ တွေမှာ သိလာကြတယ်။ ဒါကြောင့် ၁၉၈၀-၁၉၈၁ ကစပြီးတော့ အင်္ဂလိပ်စာကို မူလတန်းတွေမှာ ပြန်သင်ကြပြန်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အတော်လေး နောက်ကျသွားပြီ။ ဘယ်လောက်အထိ နောက်ကျသလဲဆိုရင် ၁၉၆၅ ကနေ ၁၉၈၀ အထိတွက်ကြည့်ဗျာ ၁၅ နှစ်လောက်ကို နောက်ကျသွားပြီ။
၁၉၆၅ ခုနှစ်ကနေ ၂၀၁၂ ကိုပြန် တွက်ရင် ၄၇ နှစ်လောက်ကို နောက်ကျ သွားပြီ။ ဒါပေမယ့် ၁၉၈၀ နောက်ပိုင်း ကို အင်္ဂလိပ်စာကို ပြန်သင်တဲ့အတွက် နောက်ကျပေမယ့် ပြန်ပြီး မီအောင်မနည်းကို လုပ်ခဲ့ကြရတယ်။ ဒါပေမယ့် လုပ်လို့မရသေးဘူးထင်ပါတယ်။
ကျွန်တော်တို့ ဟိုတုန်းက ရယ်စရာ ပြောကြတယ်။ သူတို့ပြောတဲ့ အင်္ဂလိပ်စာမှာ “အို” (O Level) ဆိုတဲ့ အဆင့်ကိုရောက်အောင် ကြိုးစားကြတာပေါ့။ ပြီးမှ နောက် တစ်ဆင့်တက်မယ်ပေါ့။ ဒါပေမယ့် အို level အဆင့်တောင်မဟုတ်တော့ဘူး ကျွန်တော် တို့က “ဇီးရိုး” level အဆင့်ပဲရှိနေတယ်လို့ပေါ့။ အဲဒီလို ပြောရင်တော့ လွန်တယ်ထင်ကြ မှာပဲ။
အမှန်တော့ဗျာ နောက်ကျနေတဲ့ပညာရေးကို နောက်ကနေလိုက်ရတာ အတော်လေး ပင်ပန်းတယ်ဗျ။ နောက်ကျလို့လည်း ပင်ပန်းပေမယ့် အများကြီးလုပ်ဖို့လိုသေး တယ်။ ဘာတွေလုပ်ဖို့လိုမလဲ။ ပြုပြင်ပြောင်း လဲရေးတွေ အများကြီးလုပ်ဖို့လိုတယ်။ ဘယ်သူ့ကို လုပ်ဖို့လိုသလဲ။ ဆရာ ဆရာမ တွေကို အရင်ဆုံး ပြုပြင် ရမယ်။ ဆရာ ဆရာမတွေ ညံ့တော့ တပည်တွေလည်း လိုက်ညံ့သွားတယ်လို့ ကျွန်တော်တော့မြင် တယ်။
ဆရာ ဆရာမတွေကိုယ်တိုင်က အင်္ဂလိပ်စာညံ့တယ်။ အခြားဘာသာတွေလည်း ညံ့ချင်ညံ့မှာပဲ။ တက္ကသိုလ် ပညာရေး ကလည်း ဖိဖိစီးစီး စနစ်ဟောင်းတုန်းကလို သင်တာမှမဟုတ်တော့တာ။ Course တွေကောင်းမယ်၊ Syllabus တွေကောင်းမယ် ဒါပေမယ့် course ကုန်အောင်သင်နေကြတာ၊ တတ်အောင်သင်နေကြတာမဟုတ် တော့ဘူး။ စာမေးပွဲအောင်ဖို့သင်တဲ့ ပညာရေးစနစ်ဖြစ်လာတာ။ စာမေးပွဲ အောင်ဖို့ သင်တာနဲ့ တတ်အောင် သင်တာ မတူဘူး။ ကျွန်တော်တို့ စနစ်သစ်ပညာရေးက အောင်ဖို့သင်တာ၊ တတ်ဖို့သင်တာမဟုတ်ဘူးဖြစ်နေ တယ်။ Course ကုန်ဖို့၊ စာမေးပွဲအောင်ဖို့ သင်နေတော့ အားနည်းချက်တွေ အများ ကြီးဖြစ်တော့တာပေါ့။ ကျွန်တော်တို့ ဖြစ် သင့်တာက တတ်အောင်လည်းသင်၊ ပြီးအောင်လည်းလုပ်၊ အောင်လည်း အောင် ရမယ်။ ခုစနစ်က စာမေးပွဲအောင်ဖို့ပဲ ဦး စားပေးလုပ်နေကြတာကြောင့် အားနည်း ချက်တွေဖြစ်လာရတာလို့ ကျွန်တော်သုံးသပ် ပါတယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲချင် ရင် အဲဒီ သုံးချက်ကို အချိုးညီအောင်လုပ် ကြရမယ်။
Q: တစ်ခုဖြတ်မေးချင်ပါတယ်ဆရာ။ ပြည်သူ ပိုင်သိမ်းပြီး နောက်ပိုင်းမှာ တက္ကသိုလ်ပညာ ရေးမှာလည်း အားလုံး မြန်မာလိုပြန်ပြီး သင်ဆိုတာတွေ ဖြစ်သွားတယ်မဟုတ်လား။ အဲဒါကြောင့်လည်း အင်္ဂလိပ်စာ ညံ့သွားတာ ရော မဖြစ်နိုင်ဘူးလား။
A : အဲဒါအဓိကကျတဲ့ တစ်ချက်ထဲမှာ ပါနေတယ်။ အင်္ဂလိပ်လိုသင်ပြီး ကမ္ဘာနဲ့ယှဉ်ရမှာ ကို အင်္ဂလိပ်လို မသင်ရ တော့ဘူးဆိုတော့ အများကြီး ထိခိုက်မှုတွေ ဖြစ်သွားရတယ်။ အဲဒီမှာ စဉ်းစားစရာရှိလာတာက မသင်နိုင် ကြလို့၊ ဆရာတွေညံ့လာကြလို့ အင်္ဂလိပ်ကနေ မြန်မာလို ပြောင်းသင်ကြရတာလားလို့တောင် အဲဒီအချိန်က တွေးကြ သေးတယ်။ တက္ကသိုလ်အဆင့်မှာ အင်္ဂလိပ်လို မသင်ရတော့ဘူးဆိုကတည်းက အဆင့်ကနိမ့်သွားတာပဲ။ တက္ကသိုလ်ပညာရေးမှာ အချို့သော term တွေကို မြန်မာလို ဘာသာပြန်လို့ ရတာတွေလည်းရှိတယ်၊ မရတာတွေလည်း ရှိတယ်။ အဲဒါကိုတော့ မဝေဖန်လိုပါဘူး။ အင်္ဂလိပ်လို ပြောရ ရေးရမှာတွေကို မပြော ရ၊ မရေးရဘူးဆိုလိုက်တော့ ညံ့ဖျင်းသွား တော့တာပေါ့။ အဲဒါကလည်း အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်နေပါ တယ်။
Q: ကျောင်းဆရာလောကမှာ ရှားပါးမှုကို ကုစားတဲ့အနေနဲ့ အဲဒီလို ညံဖျင်းပြီး အောင်လာတဲ့ ဘွဲ့ရတွေကို ပညာရေးလောကထဲ ဆွဲသွင်းလိုက်လို့လည်း ပညာရေးလောက ပျက်စီးလာရတယ်လို့ ပြောလို့မရဘူးလား။
A: ကိုယ်တွေ့တစ်ခုပြောမယ်။ ကျွန်တော့ဆရာ ကြီး ဦးသောင်းထွဋ်က မိုးညိုမြို့နယ်မှာနေတုန်းက ပြောဖူးတယ်။ အဲဒီအချိန်က ကျွန် တော်က စာတတ်မြောက်ရေး အတွင်းရေးမှူး လုပ်နေရတာကိုး။ ဆရာကြီးက ကျွန်တော့ကိုတွေ့တော့ တပည့်တဲ့ ကိုယ့်အတွက် မဟုတ်ဘဲနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက်ပဲ ဖြစ်ဖြစ် အများအတွက်ပဲဖြစ်ဖြစ် ပြောစရာ ရှိရင် မချွင်းမချန်ပြောလို့ မှာသွားဖူးတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာ ပြောသလို ပြောလို့ တစ်ချိန်မှ မရခဲ့ပါဘူး။
ဆရာက ဥပမာတစ်ခုပေးတယ်။ ဒေသကောလိပ်ဆိုတာ လုပ်သွားတယ်။ ဒေါက်တာခင်မောင်ဝင်းလက်ထက် တုန်းကပေါ့။ ဆရာက ဝန်ကြီး စောပါသေးတယ်။ ဒါလုပ်ချင်တယ်ဆိုရင် အချိန်ယူရမယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အဆောက်အအုံ၊ ဆရာ၊ ပရိဘောဂ၊ ဓာတ်ခွဲခန်းတွေ ဘာမှမရှိဘဲ ဒေသကောလိပ်ဖွင့် ချင်နေတာ။ အင်္ဂါမစုံတဲ့ အချိန်မှာ ဆိုင်းထားပါဦး၊ နောက်မှလုပ်ပါလို့ ပြောခဲ့တယ်။ ဒေါက်တာခင်မောင်ဝင်းက ဘာပြန်ပြော သလဲဆိုရင် “ရေကူးချင်တဲ့ လူတစ်ယောက် ကို ရေထဲဆွဲမချရင် သူဘယ်တော့ ရေကူး တတ်မှာလဲ” လို့ပြန်ပြောတယ်။ အဲဒီတော့ ဆရာကပြန်ပြောတယ်။ “ဟုတ်ပါပြီ ရေမကူးတတ်တဲ့ လူတစ်ယောက်ကို ရေထဲ ဆွဲချတာတော့ သဘာဝကျပါတယ်။ ဒါပေမယ့် ရေအနက်ကြီးထဲ ဆွဲချသွားရင် မနစ် ကုန်ဘူးလား” လို့ပြန်ပြီးပြောခဲ့တယ်။ ဆရာ ပြောခဲ့တဲ့အတိုင်း ဒေသကောလိပ်ကြီးလည်း ပျက်၊ ဝန်ကြီးလည်း ပြုတ်သွားခဲ့တာပဲ။
ဒေသကောလိပ်ကို ဖြစ်အောင်လုပ်ဆိုတော့ အရည်အချင်းရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ နီးစပ်ရာ လိုက်ရှာ ကြရတယ်။ အထက်တန်းကျောင်းတွေကဆရာတွေကို တောင် ပြန်ခေါ်ရတယ်။ အဲဒီအချိန်မှာ အဆင့်မြင့် ပညာရေးထဲကို အားလုံးရောက် လာကြတော့တာပဲ။ အရည်အချင်းမရှိတဲ့ ဆရာတွေက အရည်အချင်းရှိတဲ့ တပည့်ကို ဘယ်လို မွေးထုတ်နိုင်မှာလဲ။ ၁၀၀ ရှိရမယ့် နေရာမှာ ၅၀ ပဲရှိတဲ့သူက ဘယ်လို ၇၅ လောက် ဖြစ်အောင်ပေးနိုင်မလဲ။ ၂၅ လောက်ပဲပေးနိုင်တော့မှာပေါ့။ ဘွဲ့ရရင် ပြီးရော ကျောင်းဆရာခန့် လိုက်တော့ ပညာရေးမှာ ပျက်သုဉ်းသွားခဲ့တဲ့ အချိန်တစ်ချိန် ရှိခဲ့ဖူးတယ်။
Q: အင်္ဂလိပ်စာညံ့ဖျင်းနေမှုကို ကုစားရမယ် ဆိုရင် ဘယ်လိုအချက်တွေကို အဓိကထား ပြီး လုပ်ဆောင် သင့်ပါသလဲဆရာ။
A: ဆရာတွေ ဆရာမတွေကို အရင်ဆုံးကုစား ပေးရပါလိမ့်မယ်။ သူတို့ကို မကုဘဲနဲ့တော့ မရဘူး။ နောက်ပြီး သဘောတရားနဲ့ လက်တွေ့ကို နှစ်ခုစလုံးပေါင်းစပ်ပေးရမယ်။ တစ်ခါတစ်လေ သဘောတရားက အရမ်း ကောင်းပြီး လက်တွေ့မပါလို့ မအောင်မြင်တာတွေလည်း ရှိတာပဲ။ သဘောအားဖြင့် classroom language တွေသင်ရမယ်။ ခုလည်း သင်တာမရှိဘူး။ ဆရာကိုယ်တိုင်က တတ်မှ သင်လို့ရမှာပေါ့။ မတတ်တော့ ဘယ်လိုသင်မှာလဲ။
ဒါကြောင့် ပညာရှင်တွေနဲ့ ဘယ်နေရာမှာ ဘာတွေမှားနေသလဲ၊ လိုအပ်နေသလဲ ဆိုတာကို review လုပ်ဖို့လိုပြီ။ မွမ်းမံသင်တန်းတွေပေးရမယ်။ မွမ်းမံသင်တန်းတွေနဲ့ ကုစားလို့ရပါတယ်။ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ လိုလျှင်ကြံဆ နည်းလမ်းကတော့ ရှိမှာပဲ။ မလုပ်ချင်လို့သာ မဖြစ်တာပေါ့။ လုပ်ချင်ရင် ဖြစ်ပါတယ်။ မျှော်လင့်ချက်နဲ့ လုပ်ရင် ဖြစ်ပါတယ်။ အဲဒီလိုမှ မကုစားရင် မရပါဘူး။
ကလေးတွေက ဆရာ ဆရာမတွေကို အရမ်းတတ်တယ်လို့ ထင်ကြတာ။ ဆရာတွေက မတတ်တာတွေ၊ မှားနေတာတွေ အများကြီးရှိနေတယ်။ မှားတာကို မှားပါ တယ်လို့ပြောတာ လက်မခံချင်တဲ့ ဆရာတွေ ကြောင့်လည်း ခက်နေတယ်။
ဆရာတွေကို မွမ်းမံနေရုံနဲ့ မပြီးဘူး။ ပြန်ပြီးတော့ follow up လုပ်ရမယ်။ ကျွန်တော့်အတွေ့ အကြုံတစ်ခု ရှိတယ်။ ၁၉၉၇ တုန်းက refresher course ဆိုပြီး ကျွန်တော် တို့လုပ်တယ်။ တစ်နယ်လုံးအတွက် လုပ်ရတာ။ ဆရာ ဆရာမ ၂၀၀၀ ကျော်လောက်ကို သင်တန်းပေးခဲ့ရတယ်။ ကျွန်တော်က သင်တန်းမှာ ပြန်စစ်ဆေးမယ် နော်လို့ ပြောခဲ့တယ်။ ဇန်နဝါရီ ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းတွေကို လိုက်စစ်တယ်။ စစ်ဖို့ ကျောင်းတွေကို ရောက်မှ ကျွန်တော် ရုံးခန်း ထဲထိုင်နေတုန်း ဆရာမတစ်ယောက်က အတန်းထဲမှာ classroom language ကို အဲဒီအချိန်ကျမှသင်နေတာ အတိုင်းသား ကြားနေရတယ်။ ခိုင်းတာကကြာပြီ။ အဲဒီ အချိန်မှသင်တယ်ဆိုတော့ စဉ်းစားကြည့် ပေါ့။ ဒါကြောင့်ပြောတာ သဘောတရားတွေ က သင်ပြီးသား၊ လက်တွေ့မပါလို့လည်း မအောင်မြင်တာ။
နောက်တစ်ချက်က pronunciation ပဲ။ Phonetic တွေလိုတယ်။ မြန်မာအသံထွက်တွေမှာ မရှိတဲ့ အင်္ဂလိပ် အသံထွက်မျိုးတွေကို ပီပီသသထွက်တတ်အောင် သင်ကြရ မယ်။ ဆရာတွေကို အဲဒီအသံထွက်တွေ မှန်အောင် လေ့ကျင့်ပေးဖို့လိုတယ်။ ဆရာတွေ ကိုယ်နှိုက်က သင်ချင်စိတ်အားထက်သန်နေရမယ်။ တတ်အောင်ကြိုးစားပြီး သင်ချင် စိတ်တွေရှိနေရမယ်။ အင်္ဂလိပ်လို နားတော့ လည်တယ်။ အသံထွက်မကောင်းဘူးဆိုတာလည်း မဖြစ်စေ့ချင်ဘူး။
တစ်နိုင်ငံလုံးအတွက် pronunciation နဲ့ ပတ်သက်ပြီး ပြောချင်တာရှိပါတယ်။ မြန်မာ့အသံကနေ့စဉ်လွှင့်နေတဲ့ အင်္ဂလိပ်အသံထွက်တွေကအစ မှားနေတယ်။ Good afternoon ကအစ မှန်အောင် မထွက်နိုင်သေးဘူး။ National ဆိုတဲ့ အသံထွက် တွေလည်း မှားနေတယ်။ Announcer ကအစ မှားနေတယ်။ နေ့တိုင်း ၁ နာရီခွဲလို့ နားထောင်လိုက်ရင် အဲဒီအမှားတွေနဲ့ တန်းတိုးတော့တာပဲ။ မနက် ၁၀ နာရီမှာ နားထောင်လည်း ဒီအတိုင်းပဲ။ Last consonant ကိုတောင် ထည့်ဆိုရမယ့် နေရာတွေမှာထည့်မဆိုတော့ဘူး။ သူတို့ ပြောတဲ့အထဲမှာ weather news ပါတယ်။ အဲဒီ weather မှာကတည်းကအခေါ်မှားနေတယ်။ တစ်နိုင်ငံလုံးအတွက် အရမ်းရှက် စရာကောင်းတယ်။ Upper Myanmar နဲ့ Lower Myanmar တွေကအစ အသံထွက်တွေ upper နဲ့ lower မှာ မှားနေသေးတယ်။ ဘယ်သူမှလည်း နားမထောင်ဘူးလား၊ မှား မှန်းလည်း မသိကြဘူးလား မသိပါဘူး။ အဲဒီ သတင်းကြေညာနေတဲ့သူတွေရဲ့ အထက်က လူကြီးတွေ၊ ဒါမှမဟုတ် အနား မှာရှိနေတဲ့လူတွေ မှားတာကိုပဲ မသိကြတာလား၊ မှားတာကိုသိသိကြီးနဲ့ ကိုယ်နဲ့ မဆိုင်သလို နေကြတာပဲလားတော့ မပြောတတ်ဘူး။ အမှားတစ်ခုဟာ လူတိုင်းနဲ့ ဆိုင်တယ်။ ပြုပြင်ပေးလိုက်ရင် ရပါတယ်။ FM တစ်ခုက အသံလွှင့်ချက်မှာလည်း anniversary ကို ခုထိ anniversity လို့ပဲပြောနေသေးတယ်။ ကျွန်တော်တို့လူမျိုးတွေ pronunciation ညံ့ သေးတယ်။ မှားတာကို မသိတာလား၊ မပြင်ချင်ကြတာလား မသိပါဘူး။
Q: အခြေခံပညာအဆင့်မှာ အင်္ဂလိပ်စာ grammar ကို မသင်ခိုင်းတာနဲ့ပတ်သက်ပြီး ဆရာ့အမြင်ကို သိပါရစေ။
A: ကျွန်တော့်ကို ဆရာတွေကပြောတယ်။ အခု သင်တဲ့ grammar တွေက real grammar တွေ မဟုတ်ဘူး လို့ပြောကြတယ်။ Incendital grammar ပေါ့။ ကျွန်တော်တို့ အချိန်က အင်္ဂလိပ်စာဖြေရင် paper နှစ်ခု ဖြေရ တယ်။ အမှတ်လည်း ၂၀၀ ဖိုးဖြေရ တယ်။ Text တစ်ဘာသာ၊ grammar တစ်ဘာသာဖြေရတယ်။ အခုတော့ ရောထားလိုက်တယ်။ တစ်ဘာသာတည်း ဖြစ်သွားတယ်။ Grammar ကို ကောင်းကောင်းပြန်သင်ပြီး အခြေခံ ကျကျလုပ်ပေးလိုက်ရင် အင်္ဂလိပ်စာ ပြန်တက်လာမယ်လို့ထင်ပါတယ်။ အင်္ဂလိပ်စာကို မြင့်စေချင်ရင် သင် ချိန်ပိုပေး၊ grammar သင်၊ grammar လည်း သီးသန့်မေးမယ်ဆိုရင် ပိုတတ်လာမယ်ထင်ပါတယ်။
မအားလပ်အောင် စာတွေသင်နေတဲ့ကြားက အချိန်ပေးပြီးဖြေကြားပေးတဲ့ ဆရာ့ကို ကျေးဇူးအထူးတင်ပါတယ်။
Written by တင်ညွန့်
No comments:
Post a Comment