Sunday, 4 November 2012

သံမဏိဓားသွားပေါ်မှဆင်ကို အောင်နိုင်ခဲ့သောပုရွက်ဆိတ်



လွန်ခဲ့သောနှစ်ပေါင်း (၂၅) နှစ်ကျော်ခန့်ကဖြစ်သည်။
သာမန် ကျောင်းဆရာလေးတစ်ဦးက သူ့ထက်ရာထူးများစွာ ကြီးမြင့်သည့် ဗြူရိုကရက်ဆန်သော အရာရှိဆိုးတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ရာမှ နောက်ဆုံးတွင် ရပ်တည်ချက်မှန်ကန်သော ကျောင်းဆရာလေးကအနိုင်ရရှိခဲ့သည်။
သူ့မှာ Background မရှိ။ ငွေအသပြာမရှိ။ ခိုင်ခံသော ကျောထောက်နောက်ခံမရှိ။ သူ့မှာစေတနာသာရှိသည်။ သူ့ကိုအမြဲတစေ အထင်ကြီးလေးစားခဲ့သော တပည့်ကလေးငယ်များသာရှိသည်။
သည်အားနှင့်ဆရာက ခံကတုတ်တည်ဆောက်သည်။ သူစိတ်မပျက်ခဲ့။ သူအားမငယ်ခဲ့။ ကြုံလာသမျှ လောကဓံ၏ ထိုးနှက်ချက်များကို ကြံ့ကြံ့ခံခဲ့သည်။ ရင်ကော့ခံခဲ့သည်။ သို့သော် နောက်ဆုံး၌ သူအောင်ပွဲခံနိုင်ခဲ့သည်။ လောကကို သူအောင်နိုင်ခဲ့သည်။ ပုရွက်ဆိတ်ကဆင်ကို နိုင်ခဲ့သော အဖြစ်အပျက်မို့ ပြောစမှတ်ပြုကျန်ခဲ့သည်။ အားလုံးကအံသြနေကြသည်။ ပုံပြင်ဆန်သော်လည်း ပုံပြင်မဟုတ်ပါ။
ကြာတော့ကြာခဲ့ပြီ။ သည်အဖြစ်အပျက်လေးကား လွန်ခဲ့သောနှစ်ပေါင်း (၂၅) နှစ်ကျော်ခန့်က ဖြစ်သည်။
တိုင်းပြည်ကလုပ်သော ကျောင်းအိမ်သာဆောက်လုပ်ရေးစီမံကိန်း အစည်းအဝေးတွင်ဖြစ်သည်။ အစည်းအဝေးသို့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်များ၊ ပညာဦးစီးမှ အရာရှိကြီးများ၊ တိုင်းပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ထက်၊လယ်၊မူ ကျောင်းအုပ်အားလုံး တက်ရောက်ကြရသည်။ ကုလသမဂ္ဂ (unicef) ကကျောင်းအိမ်သာများ သပ်ရပ်ကောင်းမွန်ရေး၊ သန့်သုံးသန့်၊ လုံသုံးလုံ အင်္ဂါရပ်နှင့်ညီသော အိမ်သာများ ဆောက်လုပ်ရန်အတွက် လိုအပ်သော ပစ္စည်းပစ္စယအားလုံးကို ပံ့ပိုးပေးမည်။ ဆရာကြီး၊ ဆရာမကြီးများက ကျေးရွာနှင့်ပူးပေါင်းပြီး တာဝန်ယူ၍ဆောက်လုပ်ပေးရမည်။ ဤသည်ကို ညှိနှိုင်း တိုင်ပင်ခြင်းဖြစ်သည်။ ကုလသမဂ္ဂကိုယ်စားလှယ်က -
"ပစ္စည်းသယ်ယူရန် အခက်အခဲရှိသည့် ကျောင်းရှိရင် မတ်တတ်ရပ်ပါ"
ဟု ဆိုလာ၍ ဆရာကိုဗေဒါက မတ်တတ်ရပ်လိုက်သည်။ ဆရာကိုဗေဒါ မတ်တတ်ရပ်သည်ကို ခန်းမကြီးတစ်ခုလုံး လူတွေပြည့်ကျပ်ညှပ်နေ၍ ကုလသမဂ္ဂကိုယ်စားလှယ်က မမြင်၊ နယ်မြေတာဝန်ခံ (တိုင်းပညာရေးမှူး) ကလှမ်းမြင်သည်။ ထို့ကြောင့် ဆရာကိုဗေဒါကို ဦးအောင် အခေါ်ခိုင်းလိုက်သည်။ "မင်းဘာလို့ မတ်တတ်ရပ်တာလဲ?"
"ကျွန်တော့် ကျောင်းကိုပစ္စည်းသယ်ဖို့ အခက်အခဲရှိလို့ပါ"
"ဘယ်ကျောင်းလဲ?"
"ချောင်းဖျားလိုင်းက ဇောင်းတူ အ.လ.က - ကပါ"
"မင်းကကျောင်းအုပ်လား?"
"မဟုတ်ပါဘူး-ကျောင်းမှာကျောင်းအုပ်မရှိပါဘူး။ ကျွန်တော်က တာဝန်ခံကျောင်းအုပ်ပါ"
မတ်တတ်ရပ်သည်ကို တိုင်းပညာရေးမှူးကမကြိုက်။ လုပ်ငန်း အထစ်အငေါ့ဖြစ်မှာစိုး၍ မတ်တတ် ထရပ်သည့် ဆရာကိုဗေဒါကိုလည်း ဒေါသဖြစ်နေသည်။ တာဝန်ခံကျောင်းအုပ်ဆို၍ ဆရာကိုဗေဒါ ကိုလည်း အထင်သေးသွားပုံရသည်။ ထို့ကြောင့် လေသံခပ်မာမာနှင့်-
"မင်းက ကျောင်းအုပ်မှမဟုတ်တာ၊ တာဝန်ခံပဲ။ ဘာမှရှည်ပြီး မတ်တတ်ရပ်စရာမလိုဘူး။ မင်းမှာ ဘာတာဝန်မှမရှိဘူး"
"ကျွန်တော့်မှာ ဘာတာဝန်မှမရှိဘူးလား?၊ အိမ်သာဆောက်တာ ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလား?"
"ဟုတ်တယ်-မင်းနဲ့မဆိုင်ဘူး"
"ဟုတ်ကဲ့ဆရာကြီး၊ ဆရာကြီးရဲ့စကားကို ကျွန်တော်ကောင်းကောင်း မှတ်ထားပါ့မယ်"
ဆရာကိုဗေဒါသည် မကျေမနပ်နှင့်ပြန်ထိုင်လိုက်ရသည်။ "မင်းမှာဘာတာဝန်မှ မရှိဘူး" ဟုမောက် မောက်မာမာ ပြောခဲ့သောတိုင်းပညာရေးမှူး၏ စကားကိုလည်းစိတ်ထဲက နာနေခဲ့သည်။ 'ငါအရာရှိပဲ' ဆိုတဲ့မာန်နဲ့ လက်အောက်ငယ်သား ဆရာတွေအပေါ် အာဏာရှင်ဆန်ဆန် အပေါ်စီးက ဆက်ဆံလာ သည်ကို ဆရာကိုဗေဒါ အခံပြင်းဆုံး ဖြစ်သည်။ ဇောင်းတူကျောင်းအကြောင်း ဆရာကိုဗေဒါသာ အသိဆုံးဖြစ်သည်။ ကျောင်းအုပ်မရှိ၊ ဘာမရှိနှင့် လှေပေါက်ကြီးကိုဖာထေးပြီး ခရီးဆက်ခဲ့ရသော အပူရောင်နေ့ရက်များကိုတော့ ဆရာလေးကိုဗေဒါ မမေ့။
အတိတ်ကအတိတ်မှာကျန်ခဲ့ပြီဆိုသော်လည်း ကြုံလာရသည့် အဖြစ်ဆိုးကြောင့် အတိတ်ဆီသို့ ဆရာကိုဗေဒါ ပြန်ရောက်သွားသည်။ အတွေးရေယဉ်ကြောတွင် တလိမ့်လိမ့် မျောပါနေရင်းက အတိတ်ဘဝ စာမျက်နှာများကို တစ်ရွက်ပြီးတစ်ရွက် ကိုဗေဒါလှန်နေမိပါတော့သည်။
ကိုဗေဒါသည် အလုပ်မရှိလို့ကျောင်းဆရာဝင်လျှောက်ရာမှ ငှက်ဖျားပေါသောအဆိပ်တောင် အ.မ.က သို့ရောက်လာခဲ့သည်။ အဆိပ်တောင်ရွာလေးသည် ပဲခူးရိုးမကို နောက်ခံထား၍ ချောင်းကမ်းပါးဘေး တွင်တည်ရှိနေသော ရွာလေးပင်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော်လည်း တောအလှ တောသဘာဝနှင့် သာသာယာယာရှိလှသော ရွာလေးပင်ဖြစ်သည်။ အဆိပ်တောင်ကျောင်းကို ကိုဗေဒါ ရောက်တော့ ဆရာမှတကယ့်ဆရာဟုဆိုရမည့် ဆရာကြီးဦးမြအောင်နှင့် ဆုံခဲ့ရသည်။
ကျောင်းအုပ်ဆရာကြီး ဦးမြအောင်သည် စည်းကမ်းကြီးသည်။ စာသင်ကောင်းသည်။ ကလေးတွေ အပေါ်စေတနာထားသည်။ ကျောင်းနှင့်သက်ဆိုင်သော စာရင်းဇယားကျွမ်းကျင်သည်။ ဒါကြောင့် ရွာက ဆရာကြီးဦးမြအောင်ကို လေးစားကြည်ညိုကြသည်။ မကောင်းတာ တစ်ခုတော့ရှိသည်။ ဆရာကြီး ဦးမြအောင်က အရက်သောက်တတ်သည်။ အရက်မူးလာလျှင် ကျောင်းကိုပစ်ထားသည်။ လှည့်မကြည့်တော့။
ထိုအခါ ဆရာလေးကိုဗေဒါတစ်ယောက်တည်း တစ်ကျောင်းလုံးကို သင်ရသည်။ ပင်လည်းပင်ပန်း သည်။ ပညာတွေလည်း အများကြီးရလိုက်သည်။ ဆရာကြီးဦးမြအောင်နှင့် ဆရာလေး ကိုဗေဒါသည် ဆရာတပည့်ဖြစ်သလို ရဲဘော်ရဲဘက်လည်းဖြစ်သည်။ ဆရာလေးကိုဗေဒါမြို့ပေါ်ပြန်ပြောင်းတော့ ဆရာကြီးဦးမြအောင် စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ခဲ့သည်။ အဆိပ်တောင်တွင် လေးငါးနှစ် အလုပ်လုပ်ခဲ့ပြီး အရည်အချင်းရှိသော ဆရာကောင်းတစ်ဦးအဖြစ် မြို့ပေါ်ပြန်ရောက်လာသည်။
ကိုဗေဒါ မြို့ပေါ်ပြန်ရောက်လာသော်လည်း သူ့ဆရာကြီးကိုမမေ့။ အထူးသဖြင့် သူ့ဆရာကြီး ပြောခဲ့သော စကားလေးကို အချိန်ရှိသရွေ့ပြန်ပြီး အမှတ်ရနေမိသည်။
"တို့အုပ်စုက (ည) အုပ်စုဆိုတော့ ဘယ်တော့များမှ မိုးလင်းပါ့မလဲ? မသိဘူး"
မတိုးတက်မဖွံ့ဖြိုးသေးသော မိမိရပ်ရွာဒေသကို ရည်ညွှန်း၍ မချိတင်ကဲ ပြောခဲ့ခြင်းပင်ဖြစ်သည်။ ဆရာလေး ကိုဗေဒါမြို့ပေါ်မှာ (၂) နှစ်ခန့်ကြာတော့ အလယ်တန်းပြရာထူးတိုးသွားသည်။
ဆရာလေးကိုဗေဒါက ချောင်းဖျားလိုင်းနှင့် အတော်အကျိုးပေးသည်။ သည်တစ်ခါအလယ်တန်းပြ အဖြစ်နှင့်သွားရမည့်နေရာက အဆိပ်တောင်ထက် ပိုဝေးသည်။ ဇောင်းတူ အ.လ.က သို့ဖြစ်သည်။ ဇောင်းတူရွာသည် ပဲခူးရိုးမတောင်ခြေရှိ ရွာကလေးပင်ဖြစ်သည်။
ရွာရောက်တော့ ကျောင်းရဲ့အခြေအနေကသိပ်မကောင်း။ သူတစ်လူငါတစ်မင်းနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည်။ ဆရာ၊ ဆရာမများ၏ စည်းလုံးမှုပြိုကွဲနေသည်။ ကလေးတွေရဲ့ ပညာရေးအဆင့်အတန်း ကလည်းနိမ့်နေသည်။ ရွာမှာက သစ်ခုတ်၊ ဝါးခုတ်သမားတွေများသည်။ ပညာရေးထက် စားရေး သောက်ရေးကို ဦးစားပေးနေကြသည်။ ရင်ဆိုင်ရသည့် အခြေအနေက အားပျက်စရာဖြစ်သည်။
သို့သော် ဆရာလေးကိုဗေဒါသည် သူကြုံတွေ့နေရသည့် အခက်အခဲကိုစိတ်မပျက်ခဲ့။ မာန်မလျှော့ခဲ့။ သူဘာလုပ်ရမည်ကို အရင်စဉ်းစားသည်။ လုပ်သင့်လုပ်ထိုက်တာကို အရင်လုပ်သည်။ ပညာရေးကို စိတ်မဝင်စားသော ရွာသူရွာသားများကို စိတ်ဝင်စားလာအောင် ဆွဲဆောင်သည်။ ကိုယ်ကျိုးမဖက် အများအတွက် လုပ်ဆောင်ချက်တွေကို တစ်ခုပြီးတစ်ခု လုပ်ပြတော့မှ ရွာသားများ  သူ့ဘက်ပါ လာသည်။ ဆရာကိုဗေဒါနှင့် ရွာသားများတစ်သားတည်း ဖြစ်သွားချိန်တွင် ကျောင်းကအကောင်းဘက် သို့ဦးတည်လာခဲ့သည်။
ဆရာကိုဗေဒါကို အားလုံးက တာဝန်ခံကျောင်းအုပ်အဖြစ်ခန့်အပ်ကြသည်။ ကျောင်းကောင်းဖို့၊ ကလေးတွေစာတတ်ဖို့ကို ရွာကစိတ်ဝင်စားလာသည်။ ဆရာကိုဗေဒါက ကျောင်းစည်းကမ်းတွေ ချမှတ်သည်။ ဆရာ၊ ဆရာမအချင်းချင်း သင့်မြတ်အောင် ကြိုးပမ်းသည်။ သင်ကြားရေးကို ပီပီပြင်ပြင် ကိုင်တွယ်သည်။ ဘယ်သူမှ မသင်ချင်သော အင်္ဂလိပ်စာကို သူကိုယ်တိုင်ဝင်သင်သည်။ အင်္ဂလိပ်စာ သည် သူသင်ချင်သော၊ သူကျွမ်းကျင်သောဘာသာရပ်မို့ အင်္ဂလိပ်စာညံ့သော တပည့်များ အင်္ဂလိပ်စာ ဘက်တွင် ဒေါင်ဒေါင်မြည်ဖြစ်လာသည်။ တွဲဖက် အ.ထ.ကမို့ (၉) တန်း (၁ဝ) တန်းပါသင်ရ၍ အရမ်း ပင်ပန်းသည်။ အိမ်ရောက်လျှင်စကား မပြောနိုင်ဘဲ ပတ်လက်လန်နေသည်။
စည်းကမ်းကောင်းပြီး ကျောင်းက ကျောင်းနှင့်လည်း တူလာပြီဆိုတော့ ကျောင်းပြုပြင်ရေးနှင့် ဆောက်လုပ်ရေးဘက်သို့ ဆရာကိုဗေဒါခြေဦးလှည့်လာသည်။ မှန်သည်။ ဇောင်းတူစာသင် ကျောင်းကြီးက အပေါ်ထည် ကောင်းပေမယ့် အောက်ခြေတိုင်တွေ ပြတ်နေ၍ ကျောင်းကြီးက ယိုင်နေပြီ။ သစ်ကောင်းတွေနဲ့ ဆောက်ထား၍ တိုင်တွေကိုလဲပြီး ပြုပြင်လိုက်လျှင် ကျောင်းကြီးကောင်း သွားနိုင်သည်။ ဖျက်မိန့်တောင်းတော့ မြို့နယ်ပညာရေးမှူးရုံးက ဖျက်မိန့်မပေးပါ။ ဆရာကိုဗေဒါ ခွကျနေသည်။
သို့သော် ဆရာကိုဗေဒါ သတ္တိရှိသည်။ သူမှန်တယ်ထင်လျှင်၊ ကလေးတွေပညာရေးအတွက်ဆိုလျှင် လုပ်ရဲသည်။ ရွာလူကြီးတွေကို သဘောတူကြောင်း လက်မှတ်ထိုးခိုင်းသည်။ အားလုံးလက်မှတ်ထိုး ကြသည်။ ဆရာကိုဗေဒါက မိုက်သည်။ အရဲစွန့်သည်။ ကျောင်းကြီးကိုဖျက်ချ၍ အောက်ခြေတိုင်တွေ လဲပြီး မူလပစ္စည်းများနှင့် ပြန်လည်ပြုပြင်ခဲ့သည်။ လက်သမားခတော့ အကုန်ခံလိုက်သည်။ ဒါပေမယ့် နောက်ဆုံးတွင် ကျောင်းကြီးက ကောင်းသွားသည်။ ဘယ်ဆရာမှ မလုပ်ရဲသောအလုပ်ကို အမိုက်ခံ လုပ်ပြီး လက်ထောက်မြို့နယ်ပညာရေးမှူးကို ခေါ်ပြသည်။
"ခွင့်ပြုချက်မရဘဲ ကျောင်းဆောက်လို့ ကျွန်တော့်ကိုအရေးယူမှာလား?-ဆရာ"
"ကျောင်းကြီးက တော်တော်ကောင်းသွားတာပဲ- ဆရာ့ကိုအရေးမယူပါဘူး ဆရာရယ်။ ဆရာက ကောင်းတာလုပ်တာပဲ- ဆရာ့ကိုတောင်ကျွန်တော်တို့ ပညာရေးဌာနက ကျေးဇူးတင်ရဦးမယ်။ ဆရာ ဆက်ပြီးလုပ်ပါ"
လက်ထောက်မြို့နယ်ပညာရေးမှူးက ဆရာကိုဗေဒါကို အပြစ်မတင်ဘဲ အားပေးစကားပင် ပြောသွား သေးသည်။ ရွာသားများနှင့်ရပ်မိရပ်ဖများကိုလည်း
"ကျုပ်တို့ဆရာကို ကူညီလိုက်ပါဗျာ"
ဟုမှာသွားသေးသည်။
အရှိန်ရလာ၍ ဆရာကိုဗေဒါသည် ကျောင်းဆောင်သစ် တစ်ဆောင်ဆောက်ဖို့ကြိုးစားခဲ့သည်။ သို့သော် ကိုဗေဒါထံတွင် ငွေမရှိ။ ငွေရအောင် ဘယ်လိုရှာမလဲ?။ ကိုဗေဒါစဉ်းစားသည်။ ကိုဗေဒါ အခက်တွေ့နေရသည်။ ငွေတစ်ပြားတစ်ချပ်မှ မရှိဘဲကျောင်းဆောင်သစ် တစ်ဆောင်ဆောက်မယ် ဆိုတော့ ရွာသားများက ရယ်ကြသည်။
"ဘာလဲ ခင်ဗျားတို့က မယုံဘူးလား? မဖြစ်နိုင်ဘူး ထင်လို့လား?။ ကြည့်နေ ကျုပ်ရအောင် ဆောက်ပြမယ်"
ဆရာ၊ ဆရာမတွေကလည်းတားသည်။
"စိတ်လျှော့လိုက်ပါဆရာ ခုကျောင်းဆောင်နဲ့ စာသင်လို့ရနေတာပဲ"
ကိုဗေဒါ ဘာမှပြန်မပြောခဲ့ပါ။ ကျောင်းဆောင်ဘယ်လို ဆောက်ရမယ်ဆိုတာ စဉ်းစားရင်း ကိုဗေဒါ ညညအိပ်မပျော်ခဲ့။ ယောင်ယမ်းပြီး အိပ်ပျော်သွားပြန်လျှင်လည်း အိပ်မက်ထဲတွင် ကျောင်းဆောင် သစ်ကြီးကို တည်ဆောက်နေသည်ဟု အိပ်မက် မက်သည်။
"နေနှင့်ဦးပေါ့ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ?"
ကျောင်းအုပ်ကြီး ရုံးခန်းတွင် ဆရာကိုဗေဒါစာရင်းဇယားများနှင့် အလုပ်ရှုပ်နေချိန်တွင် လူတစ်ယောက် ရုံးခန်းဝသို့ လာရပ်သည်။
"ဆရာကြီး ဝင်ခွင့်ပြုပါ"
ကိုဗေဒါ မော့ကြည့်လိုက်တော့ စစ်ယူနီဖောင်းဝတ်နှင့် အသက် သူ့ထက်ငယ်သော ရဲဘော် တစ်ယောက်ကို တွေ့လိုက်ရသည်။ ရဲဘော်သည် ကိုဗေဒါ ဝင်ခွင့်မပေးမီ စစ်ဖိနပ်ကြီးစီးပြီး ကျောင်းရုံးခန်းထဲ ဝင်လာ၍ကိုဗေဒါ ဒေါသဖြစ်သွားသည်။ သူ့ရုံးခန်းသည်ဘုရားခန်းနှင့် တွဲထား၍ သူတောင်ဖိနပ်စီးပြီး ရုံးခန်းထဲမဝင်။ လူတိုင်းအပြင်မှာ ဖိနပ်ချွတ်ပြီးမှ ရုံးခန်းထဲဝင်ဖို့ စည်းကမ်းလုပ် ထားသည်။ ခုဖိနပ်စီးပြီး ရုံးခန်းထဲဝင်လာ၍-
"ဟေ့ ရဲဘော်၊ မင်းရိုင်းလှချည်လား ဒါရုံးခန်းကွ။ ဘုရားခန်းနဲ့ တွဲထားတာ မမြင်ဘူးလား"
ဟု လေသံခပ်မာမာနှင့် ပြောလိုက်သည်။
"ခင်ဗျာ"
ရဲဘော်လေးက မျက်လုံးအဝိုင်းသားနှင့် ဆရာကိုဗေဒါကို ကြောင်ပြီးကြည့်နေသည်။
"မင်းဗုဒ္ဓဘာသာ မဟုတ်ဘူးလား?"
ဆရာကိုဗေဒါက အားမနာပဲ အပြတ်ဟောက်နေသည်ကို ရဲဘော်လေးက မျက်နှာငယ်လေးနှင့် ငေးကြည့်နေသည်။ ရဲဘော်နဲ့တော့ ရန်ဖြစ်တော့မှာပဲ- အချေအတင်ဖြစ်တော့မှာပဲဟု ထင်ထား သော်လည်း ကိုဗေဒါထင်ထားသလို ဖြစ်မလာခဲ့။ ရဲဘော်လေးက-
"ကျွန်တော်မသိလို့ပါ ဆရာကြီးရယ် ကျွန်တော်တောင်းပန်ပါတယ်"
ဟုပြောပြီး သူ့စစ်ဖိနပ်ကိုချွတ်ကာ ကိုဗေဒါရှေ့တွင် ရိုရိုသေသေလေးရပ်နေသည်။ သိမ်မွေ့သော အပြုအမူကြောင့် ကိုဗေဒါရဲဘော်လေးကို အားနာသွားသည်။ ထို့ကြောင့်-
"ရဲဘော် ထိုင်ပါ၊ ထိုင်ပါ"
ဟု သူ့ရှေ့ကုလားထိုင်တွင် နေရာပေးလိုက်သည်။ ရဲဘော်လေးက ကြောက်ကြောက်ရွံ့ရွံ့ ဝင်ထိုင်ပြီး သူကိုယ်သူမိတ်ဆက်သည်။
"ကျွန်တော် ဒီနယ်မြေရဲ့ လုံခြုံရေးတာဝန်ခံဗိုလ်ကြီး ရဲနောင်ပါ"
"ဗိုလ်ကြီးဘာကိစ္စ"
"ကျွန်တော်အဖေက မူလတန်းကျောင်းအုပ်ဆရာကြီးပါခင်ဗျာ- ကျွန်တော်က" ဆရာတွေကိုအရမ်း လေးစားသူပါ- ဒါကြောင့်ကျောင်းလေးကို ဝင်ကြည့်တာပါ။ ဆရာ့အကြောင်းကိုလည်း ရွာသားတွေ ပြောလို့ ကျွန်တော်သိရပါတယ်။"
ကိုဗေဒါအံ့သြသွားသည်။ အားလည်းအားနာသွားသည်။ စကားလက်ဆုံပြောရင်း ဗိုလ်ကြီးရဲနောင်နှင့် ဆရာကိုဗေဒါ လေပေးဖြောင့်သွားသည်။
"ဆရာကြီးကို ကျွန်တော်ဘာကူညီရမလဲ? ကျွန်တော်ဒီမှာရှိတုန်း ကူညီချင်ပါတယ်"
"ဗိုလ်ကြီး တကယ်ပြောတာလား?"
ကိုဗေဒါကသူအိပ်မက် မက်နေသော ကျောင်းဆောင်သစ်ဆောက်မည့် ကိစ္စကို ဗိုလ်ကြီးရဲနောင်ကို ပြောပြသည်။ ဗိုလ်ကြီးရဲနောင်က
"ကောင်းတာပေါ့ဆရာရယ် လုပ်ပါ။ ကျွန်တော်တတ်နိုင်သလောက် ကူညီပါ့မယ်"
ဟုပြော၍ ကိုဗေဒါကို နှုတ်ဆက်ပြီး ပြန်သွားသည်။ နောက်ပိုင်းတွင် ဗိုလ်ကြီးရဲနောင်နှင့် ဆရာကိုဗေဒါ သည်တကယ့်မိတ်ဆွေတွေ ဖြစ်သွားကြသည်။ ဗိုလ်ကြီးရဲနောင်က အပြောမဟုတ်၊ လက်တွေ့တွင် လည်း လှိုက်လှိုက်လှဲလှဲ ကူညီသည်။ ကိုဗေဒါ အိပ်မက်ကိုသိကြားမင်းလို အကောင်အထည်ဖော် ပေးသည်။
သူ့ကိုယ်ကျိုးမပါ၊ စာသင်ကျောင်းအတွက် သူအရှိန်အဝါသုံး၍ တရားသောနည်းလမ်းဖြင့် ငွေရှာပေး သည်။ ဆံတော်ဦးဘုရားပွဲတွင် သူ့နာမည်သုံးပြီး ကျောင်းဆောက်ဖို့ မဲဖောက်၍ရံပုံငွေ ရှာသည်ကို လည်း ခွင့်ပြုသည်။ လိုအပ်သမျှကိုလည်း ကူညီသည်။
ကျောင်းရံပုံငွေအတွက် ကိုဗေဒါမဲအဖောက်ကောင်း၍ ဆံတော်ဦးဘုရားပွဲတွင် လာကသော "ဒို့-တင်ဋ္ဌေး" ဇာတ်အဖွဲ့ ဒုက္ခရောက်ကြရသည်။ ကိုဗေဒါ မဲရုံတွင် လူတွေအုံခဲနေ၍ ဒို့-တင်ဋ္ဌေး ပွဲရုံတွင် လူမရှိတော့။ လူမဝင်တော့။ တစ်ညတွင် ကိုဗေဒါထံ လူတစ်ယောက်ရောက်လာသည်။ ဒို့-တင်ဋ္ဌေး ကိုယ်တိုင်ပင်ဖြစ်သည်။ မဲစောစောဖောက်၍ မဲရုံကိုစောစောသိမ်းပေးဖို့ ကိုဗေဒါကို ဒို့တင်ဋ္ဌေး ကမေတ္တာရပ်ခံသည်။
ကိုဗေဒါ ကျောင်းဆောက်ဖို့မဲနေ၍ ဒို့-တင်ဋ္ဌေး ဇာတ်အဖွဲ့တွက်ခြေမကိုက်ဖြစ်နေသည်ကို အရမ်း အားနာသွားသည်။ ဟုတ်တာပေါ့-မဲဖောက်တာမဲနေကြ၍ ပွဲမှာဘယ်လူရှိပါ့တော့မလဲ?။ ဒါနဲ့ပဲ ဆရာ ကိုဗေဒါ မဲရုံကို စောစောသိမ်းပေးလိုက်မှ ပွဲရုံသို့ လူဝင်တော့သည်။ ဗိုလ်ကြီး ရဲနောင်ကျေးဇူးကြောင့် ဆရာကိုဗေဒါ၏ ကျောင်းဆောင်သစ်ကြီးသည် မားမားမတ်မတ်ပေါ်ထွက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရယ်"
"ဆရာ ကိုဗေဒါ ကောင်းတာလုပ်တာကို ကျွန်တော်တတ်နိုင်သလောက် ကူညီရုံလေးပါ။ ဘာမှကြီးကြီး ကျယ်ကျယ်မဟုတ်ပါဘူး"
ဗိုလ်ကြီးရဲနောင်ကို ဆရာကိုဗေဒါအရမ်းလေးစားသွားသည်။ အရမ်းလည်းခင်သွားသည်။ ဗိုလ်ကြီး ရဲနောင်ကျေးဇူးကြောင့် မြို့မှလာသော ဆရာ၊ဆရာမများနေရန် ကျောင်းဆောင်တစ်ဆောင်ကိုပင် ကိုဗေဒါ ထပ်ဆောက်နိုင်ခဲ့သည်။
(၆) လခန့်ကြာတော့ ဗိုလ်ကြီးရဲနောင်သည် တာဝန်ပြီးဆုံးသွားပြီဖြစ်၍ ပင်မမိခင်တပ်ရင်းသို့ ပြန်သွား သည်။ ကိုဗေဒါစိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့သည်။ ပြန်ခါနီး ကိုဗေဒါကိုလာနှုတ်ဆက်သွားသေးသည်။
"ကျွန်တော့်အိပ်မက်ကို အကောင်အထည် ဖော်ပေးခဲ့တဲ့ ဗိုလ်ကြီးကိုကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး"
"ကျွန်တော်ကလည်း ဆရာကိုဗေဒါလို ဆရာမျိုးကို ကျွန်တော်တို့နိုင်ငံအတွက် အများကြီး လိုအပ်ပါတယ်"
ဆရာကိုဗေဒါကြောင့် ဇောင်းတူစာသင်ကျောင်းသည် ခန့်ညားထည်ဝါသော ကျောင်းဥပဓိရုပ်နှင့် မားမားမတ်မတ်ကြီး ရပ်တည်လာနိုင်ခဲ့သည်။ ကျောင်းတိုးတက်မှုအရှိန်အဟုန်ကြောင့် သင်ကြားရေး အဆင့်မီလာပြီး ရှုပ်ထွေးညစ်ပေနေသော ကျောင်းကြီးမှာ သန့်ရှင်းသပ်ရပ်သည့် နေချင့်စရာ ကျောင်းကြီးဖြစ်လာခဲ့ရသည်။ ဆရာကိုဗေဒါသည် အပင်ပန်းခံမှု၊ အနစ်နာခံမှု၊ ဆရာပီသမှု၊ ကိုယ်ကျိုးစွန့်မှု၊ ပညာကိုကျားကုတ်ကျားခဲ လေ့လာလိုက်စားမှု၊ မအိပ်မနေအလုပ်လုပ်နိုင်မှုတို့ဖြင့် ကျောင်းတိုးတက်အောင် ဆောင်ရွက်ခဲ့သော ဆရာမို့တစ်ရွာလုံးက ဆရာမှဆရာဖြစ်လာခဲ့သည်။ တစ်ရွာလုံးသူ့စားအိမ်သောက်အိမ် ဖြစ်လာသည်။
"ကျုပ်တို့ဆရာကို ဘာနဲ့မှမလဲနိုင်ဘူး"
ဟုပြောနေသောရွာသားများနှင့် ငှက်ဖျားတောတွင် ကိုဗေဒါပျော်နေခဲ့သည်။ ကလေးတွေကို စာသင် နေခဲ့သည်။ ကလေးတွေရဲ့ အနာဂတ်ကိုစိတ်ကူးယဉ်နေခဲ့သည်။
ကိုယ်ကျိုးစွန့်သောဆရာ
အနစ်နာခံသောဆရာ၊ ဆရာမှဆရာ၊ ကလေးတွေအားလုံးရဲ့ဆရာ။
ကောင်းကင်ယံထက် တိမ်တွေစီးပြီးဘဝခရီးနှင်လာသော ဆရာကိုဗေဒါသည် ကြုံနေရသော အိပ်မက် ဆိုးကြောင့်အတွေးတို့လွင့်ပြယ်ကာ အတိတ်ဆီမှပြန်လည်လွတ်မြောက်လာခဲ့သည်။ 'ကိုယ်ကျိုးမဖက်-အရာအားလုံးဟာ ကလေးတွေအတွက်ပဲ' ဆိုသော ဆရာကိုမှ "မင်းမှာဘာတာဝန်မှမရှိဘူး" တဲ့လား။ ဆရာကိုဗေဒါအသည်းဆတ်ဆတ်ခါနာနေခဲ့သည်။ "တွေ့ကြသေးတာပေါ့ကွာ" ဟုဆရာကိုဗေဒါ စိတ်ထဲကကြိမ်းဝါးလိုက်သည်။
အစည်းအဝေးပြီးတော့ ဆရာကိုဗေဒါချက်ချင်းဇောင်းတူပြန်သည်။ တစ်ရွာလုံးကို အစည်းအဝေး ခေါ်သည်။ အိမ်သာပြဿနာကို တင်ပြသည်။ ကျောင်းအားလုံးတွင် အဝေးဆုံးကျောင်းမို့ သယ်ယူ စရိတ်ကမသက်သာ။ ဆရာကိုဗေဒါက
"ကျွန်တော်မဆောက်ဘူး-ခင်းဗျားတို့ဆောက်ချင်ဆောက်"
ဟုဆိုလာ၍ ဆရာကိုဗေဒါ၏စေတနာနှင့်ခံပြင်းစိတ်ကို နားလည်သောရွာလူကြီးများက
"ဆရာလေး မဆောက်ရင် ဘာပြောစရာလိုသေးလဲ?-ကျွန်တော်တို့လည်းမဆောက်ဘူး"
ဟုအတိုင်အဖောက်ညီခဲ့ကြသည်။ ဆရာကိုဗေဒါသည် အစည်းအဝေးမှတ်တမ်းနှင့် လက်မှတ်ထိုး စာရင်းကိုအခိုင်အမာယူထားသည်။ "မင်းမှာတာဝန်မရှိဘူး" ဟူသောတိုင်းပညာရေးမှူးစကားကိုလည်း နေ့စွဲနှင့် အသေအချာမှတ်သားထားလိုက်သည်။
"အိမ်သာပစ္စည်းတွေထုတ်ကြပါ" ဟုမြို့နယ်ရုံးက ညွှန်ကြားလာ၍ တစ်ကျောင်းပြီး တစ်ကျောင်း အလုအယက်ထုတ်ကြသည်။ ဆရာကိုဗေဒါကတော့မထုတ်။ နောက်ဆုံး ဂိုထောင်တွင်အားလုံး ကုန်သလောက်ဖြစ်သွားသော်လည်း ကျောင်းတစ်ကျောင်းစာကျန်နေသည်။ ဆရာကိုဗေဒါသည် အမှန်တရားလမ်းမပေါ် ခြေကန်ရပ်ရင်း စာဖတ်မပျက်၊ စာသင်မပျက်။
ပစ္စည်းကျန်၍မရ။ ပစ္စည်းကျန်လျှင်ကုလသမဂ္ဂအဖွဲ့က စီမံကိန်းဘဏ္ဍာငွေကို ချပေးမည်မဟုတ်။ ပညာဦးစီး၏ထုခြင်းကိုလည်း ခံရမှာမို့တာဝန်အရှိဆုံး တိုင်းပညာရေးမှူး ဇောချွေးပြန်နေလေပြီ။
ဘယ်သူလဲ?။
 ဘယ်ကျောင်းလဲ?။ စာရင်းစစ်ကြည့်တော့ ဇောင်းတူ အ.လ.က ဖြစ်နေသည်။ တိုင်းပညာရေးမှူး ဒေါသပုန်ထလေပြီ။ မြို့နယ်ပညာရေးမှူးအား "ဇောင်းတူကျောင်းကို ပစ္စည်းအမြန်ထုတ်ခိုင်းပါ"
ဟုအမိန့်ပေးသည်။ မြို့နယ်ရုံးကဇောင်းတူ ဆရာကိုဗေဒါကိုလှမ်းခေါ်သည်။ မြို့နယ်ပညာရေးမှူးက ဆရာကိုဗေဒါကိုပစ္စည်းထုတ်ခိုင်းသည်။
"ကျွန်တော် ကျောင်းအုပ်မဟုတ်ပါဘူး - တာဝန်ခံပါ။ ကျွန်တော်မှာ တာဝန်မရှိပါဘူးလို့ ပြောတာ ဆရာကြီးလည်းကြားပါတယ်"
"ဒါဆိုဆရာက ပစ္စည်းမထုတ်တော့ဘူးပေါ့"
"ဟုတ်ကဲ့ - မထုတ်တော့ပါဘူး"
မြို့နယ်ပညာရေးမှူးစိတ်လေသွားသည်။ ပြဿနာမပြေလည်၍ တိုင်းပညာရေးမှူး၏ အကြိမ်းအမောင်း ခံရမည်ကိုလည်း စိတ်ညစ်သွားသည်။ နောက်မှသွားသတိရသည်။ ဒီဆရာလေးကိုနိုင်သော လ/ထ မြို့နယ်ပညာရေးမှူးကို ပြောခိုင်းကြည့်သည်။ လ/ထ မြို့နယ်ပညာရေးမှူးကလည်း ပြောပေးသည်။ ဆရာကိုဗေဒါက -
"ဆရာကိုတော့အားနာပါတယ်- ဒီပစ္စည်းတွေ ကျွန်တော်မထုတ်ဘူးဆရာ။ အိမ်သာပစ္စည်းမထုတ်လို့ ကျွန်တော်အလုပ်ပြုတ်ရင်ပြုတ်သွားပါစေ၊ ရာဇဝင်တွင်သွားတာပေါ့ဆရာ။ ဆရာဝေးဝေးနေပါ- ကျွန်တော်ငါးပိခွက်နဲ့ကြက်သားဟင်းလဲပစ်လိုက်မယ်။ ကျွန်တော်ကမှန်တယ်ထင်ရင် ဘာမှမကြောက် ဘူးဆရာ"
လက်ထောက်မြို့နယ်ပညာရေးမှူးလည်း ဘာမှမတတ်နိုင်။ ဟုတ်တော့လည်း ဟုတ်သည်။ သူ့မှာ ဘာအပြစ်မှမရှိ။ ရက်တွေသာကြာသွားသည်။ ဂိုထောင်တွင် အိမ်သာဆောက် ပစ္စည်းတွေက ကျန်မြဲတိုင်းကျန်နေသည်။ ဘယ်သူမှလည်းလာမထုတ်။ ဘယ်သူ့ကိုမှလည်း ထုတ်ခိုင်းလို့မရ။ အခြေအနေကပို၍ တင်းမာလာသည်။
တိုင်းပညာရေးမှူးပို၍ ဒေါပွလာသည်။ ကိုဗေဒါကိုလည်း အမိန့်မနာခံမှု၊ အာဏာဖီဆန်မှုတို့နှင့် ဖြုတ်ပစ်မည်ဟု ကြိမ်းမောင်းသည်။ ဆရာကိုဗေဒါနှင့် တိုင်းပညာရေးမှူးထိပ်တိုက်တွေ့လေပြီ။ ဆရာကိုဗေဒါက ရာထူးငယ်ပေမယ့် မကြောက်။ သူ့ထက်အရာရှိကို သူ့မာနနှင့်ခံခွပ်သည်။ ဆရာကိုဗေဒါက ခေါင်းမာသည်။ အပြုံးမပျက်။ 'ဖြုတ်လို့ရရင်ဖြုတ်လိုက်ပါ' ဟုစိန်ခေါ်သည်။ "ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကို အိမ်သာမဆောက်လို့ ဖြုတ်ပစ်မယ်ဆိုရင် ပြုံးပြုံးလေးနဲ့ ရင်ကော့ပြီးထွက်သွားမယ်"
ဟုလည်းဆိုသည်။ ဆရာကိုဗေဒါက မုန်တိုင်းထန်သော်လည်း 'ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပါပဲ' ဆိုသည့် လူစားမျိုးပင်ဖြစ်သည်။ တိုင်းပညာရေးမှူးက မလောက်လေး မလောက်စား ဆရာပိစိ ကွေးလေးက အာခံတာခံရလို့ ဒေါသဖြစ်နေရသလို အကျပ်လည်းတွေ့နေရသည်။ ဆရာကိုဗေဒါ ကလည်း အလျှော့မပေးဘဲ မောင်းတင်ထား၍ မုန်တိုင်းတိုက်တော့မည့် အခြေအနေဖြစ်သည်။
တစ်ယောက်က ဒေါသဖြစ်အခက်တွေ့။ ကျန်တစ်ယောက်က ဒူးမထောက်လက်မမြှောက်။ ဘယ်သူမှ အလျှော့ပေးမယ်ပုံမပေါ်၍ အနေအထားက သိပ်မကောင်း။ မရှောင်သာ၍ ဒီတစ်ခါတော့ ကျားနှင့်ဆင် လယ်ပြင်မှာတွေ့လေပြီ။
နောက်ဆုံးတွင် သူတို့ပြဿနာကို မ.ဝ.တ ဥက္ကဋ္ဌ သိသွားပြီး ဝင်ဖြေရှင်းပေးမှ ပြဿနာက ပြေလည် သွားသည်။ ဆရာကိုဗေဒါကို မ.ဝ.တ ဥက္ကဋ္ဌက ကောင်းကောင်းသိသည်။ မ.ဝ.တ ဥက္ကဋ္ဌ ဇောင်းတူ သွားစဉ်က သူတို့အဖွဲ့ကို ဆရာကိုဗေဒါ ကောင်းကောင်းပြုစု ကျွေးမွေးထား၍ တစ်ယောက်နှင့် တစ်ယောက် ကောင်းကောင်းရင်းနှီးနေကြသည်။ တစ်ရွာလုံးသူပြီးရင်ပြီးသည့် အနေအထားကို ကိုယ်တိုင်မြင်တွေ့လာ၍ ဆရာကိုဗေဒါကို အဲဒီအချိန်ကတည်းက ကလေးတွေဆရာအဖြစ် လေးစားနေခဲ့သည်။ ခရီးအကွာအဝေးကိုသိနေ၍ဇောင်းတူကို ပစ္စည်းသယ်ရမည့် အခက်အခဲကိုလည်း မ.ဝ.တ ဥက္ကဋ္ဌက ကိုယ်ချင်းစာနာနေမိသည်။ မ.ဝ.တ ဥက္ကဋ္ဌက ဆရာကိုဗေဒါကို ခေါ်တွေ့သည်။
"ဆရာဘာလို့ ပစ္စည်းမထုတ်တာလဲ?"
"ကျွန်တော့်ကို တာဝန်မရှိဘူးပြောလို့"
"မလုပ်ပါနဲ့ဆရာရယ်-ပစ္စည်းထုတ်လိုက်ပါ။ ဆရာဘာအခက်အခဲရှိလဲ?- ပြောပါ"
"အခက်အခဲကတော့ လမ်းစရိတ်ပဲ ဥက္ကဋ္ဌကြီးသိတဲ့အတိုင်း ဇောင်းတူအထိပစ္စည်းသယ်ရမဲ့ စရိတ်က မနည်းဘူး ပစ္စည်းသယ်တာကတော့ ဟုတ်ပါရဲ့၊ ရွာရောက်ရင် စရိတ်ကိုဘယ်သူကရှင်းပေးမှာလဲ?"
"ကျွန်တော်ရှင်းပေးပါ့မယ်"
"ဗျာ"
မ.ဝ.တ ဥက္ကဋ္ဌသည်သူပြောသည့်အတိုင်း ပစ္စည်းသယ်ယူပို့ဆောင်စရိတ်ကို တကယ်ပဲပေးခဲ့သည်။ ပြဿနာလည်း ပြေလည်သွားအောင်၊ ဇောင်းတူကျောင်းအိမ်သာလည်း ဆောက်ဖြစ်သွားအောင် သယ်ယူပို့ဆောင်စရိတ်ကာမိစေမည့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးပြီး မေတ္တာရပ်ခံနားချတော့မှ ဆရာကိုဗေဒါက လက်ခံသွားသည်။ ဒါတောင် ဆရာကိုဗေဒါက-
"ကျွန်တော်ဥက္ကဋ္ဌကြီးကိုအားနာလို့- ဗြူရိုကရက်ဆန်တဲ့ အရာရှိဆိုးတွေကိုတော့ သိပ်အလျှော့ပေးချင် တာမဟုတ်ဘူး"
"မလုပ်ပါနဲ့ဗျာ-ပစ္စည်းထုတ်ပေးလိုက်ပါ"
မ.ဝ.တ ဥက္ကဋ္ဌက ကိုဗေဒါကိုကြည့်ပြီး "တကယ့်အာဂဆရာပဲ" ဟုစိတ်ထဲက ကောက်ချက်ချလိုက် မိသည်။
ဆရာကိုဗေဒါ အိမ်သာပစ္စည်းတွေသွားထုတ်တော့ အိပ်ငိုက်နေသောဂိုထောင်မှူး မျက်လုံးပြူးသွား သလို ဝမ်းသာအားရလည်း ဖြစ်သွားသည်။ ဂိုထောင်မှူးက ဂိုထောင်ပိတ်ပြီး အိမ်ပြန်လို့ရပြီမို့ ကျေးဇူးတင်လွန်းလို့ ဆရာကိုဗေဒါကို လ္ဘက်ရည်ပင် တိုက်လွှတ်လိုက်သေးသည်။
ဤသည်ကား ဗြူရိုကရက်အရာရှိဆိုးတစ်ဦးကို သာမန်အလယ်တန်းပြ ဆရာလေးတစ်ဦးက အမှန်တရားဘက်ကရပ်၍ ဆန့်ကျင်အနိုင်ယူပြသွားသော တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက် လေးပင် ဖြစ်သည်။ ဤဖြစ်ရပ်လေးသည် ရာဇဝင်တွင်သွားသလို ပြောစမှတ်ပြုလည်း ကျန်ရစ်ခဲ့သည်။
သည်အဖြစ်အပျက်လေးကား ကြာတော့ကြာခဲ့ပြီ။ လွန်ခဲ့သောနှစ်ပေါင်း (၂၅) နှစ်ကျော်လောက်က ဖြစ်သည်။

ပုရွက်ဆိတ်ကဆင်ကိုနိုင်နိုင်ပါ့မလား?။
နိုင်နိုင်ပါသည်။
ဤသည်ကို ဆရာကိုဗေဒါက မုန်တိုင်းထဲတွင် သူကြုံခဲ့ရသော အဖြစ်အပျက်လေးနှင့် သက်သေ ထူပြသွားသည်။
အမှန်တရားတွင်အင်အားရှိသည်။
သူ့ကိုဘာမှတားဆီးလို့မရ။
အမှန်တရားသည်
ပိတ်ဆို့ကာဆီးထားရင်တောင် ဖောက်ထွက်နိုင်စွမ်းရှိသည်။
အမှန်တရားဘက်ကရပ်တည်သူသည်
မည်မျှပင် အခက်အခဲအတားအဆီးရှိစေကာမူ
နောက်ဆုံးတော့……
အောင်ပွဲခံရမြဲပင် မဟုတ်ပါလော။     ။

တစ်ချိန်က ဇောင်းတူ အ.လ.က ကျောင်းဆရာ ဆရာတင်ညွန့်သို့-
Written by ဆရာချိန် (ပဲခူး) 

No comments:

Post a Comment