(၂၀၀၃) ခုနှစ်တုန်းက လန်ဒန်မှာ ကျောင်းတဘက်နဲ့ အလုပ်တခုကို ကျွန်မ လုပ်ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက နံနက်ပိုင်းနဲ့ နေ့လည်ပိုင်းဆိုရင် ကျောင်းသွားရတာကြောင့် အလုပ်လုပ်လို့ရတာက ညနေပိုင်းနဲ့ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေတွေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျွန်မတို့ လန်ဒန်ရောက် မြန်မာကျောင်းသားတွေက ကျောင်းချိန်ပြင်ပမှာ ရနိုင်တဲ့ အလုပ်တွေကို ရှာဖွေ လုပ်ကိုင်ကြရပါတယ်။ ဒီလိုနဲ့ ကျွန်မလဲ နံနက်အစောပိုင်း သတင်းစာပို့၊ ကျောင်းပိတ်ရက်ကျတော့ လန်ဒန်က ဘောလုံးကစားပွဲတွေမှာ safety steward လုပ်ရင်းကနေ၊ အလုပ်ရှာဖွေရေး အေဂျင်စီတခုက အလုပ်တခုကို အင်တာဗျူးသွားခိုင်းပါတယ်။ ညနေပိုင်းအလုပ်အတွက်ပါ။ အလုပ်ချိန်က ညရှစ်နာရီကနေ ညဆယ့်နှစ်နာရီ အထိဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်ဆိုပေမယ့် လစာအတော်လေး ကောင်းတာကြောင့် ကျွန်မလဲ အင်တာဗျူး သွားဖြေရင်း အဲဒီအလုပ်ရခဲ့ပါတယ်။
အလုပ်နေရာက
အရက်အလွန်အကျွံသောက်သုံးသူများနဲ့ အိမ်ခြေရာမဲ့များအား စောင့်ရှောက်ထားရာ
အဆောင်မှာ ဖြစ်ပါတယ်။ ကျွန်မရဲ့အလုပ်က ပရောဂျက်လက်ထောက် ဖြစ်ပြီး၊
ရုံးခန်းထဲမှာ လက်ထောက်မန်နေဂျာတယောက်နဲ့ ကျွန်မလို ပရောဂျက်လက်ထောက်
သုံးယောက်လောက် ရှိပါတယ်။ ရဲအဖွဲ့နဲ့ အခြား
သက်ဆိုင်ရာလူမှုဝန်ထမ်းအဖွဲ့တွေက လူတွေ လာလွှဲပေးတဲ့အခါ ကျွန်မတို့
လက်ခံရပါတယ်။ အဆောင်နေသူတွေရဲ့ အ၀င်အထွက် လက်မှတ်ထိုးမှုတွေကို
စောင့်ကြည့်ပေး ရပါတယ်။ သူတို့တွေရဲ့ အပတ်စဉ် လူမှုဝန်ထမ်း
ထောက်ပံ့ကြေးတွေကို စာရင်းဇယားနဲ့ သီးခြားငွေသတ္တာလေးတွေမှာ
ထိန်းသိမ်းထားပေးရပြီး၊ သူတို့ ပြင်ပထွက်တဲ့အခါ ထုတ်ပေးတာတွေ လုပ်ရပါတယ်။
အခြားသော အထွေထွေ လုပ်ငန်းဆောင်တာတွေလဲ ရှိပါသေးတယ်။ ဒီလို
လုပ်ငန်းတာဝန်တွေကြားထဲမှာ ကျွန်မ မလုပ်ချင်ဆုံးတာဝန်တခုလဲ ရှိပါတယ်။
ဒါကတော့ ပြင်ပမှာ မူးယစ်ပြီး ရမ်းကားနေလို့ လုံခြုံရေးတွေနဲ့
ပြဿနာဖြစ်ပြီး၊ ရဲတွေက ပြန်လာပို့တာကို လက်ခံပေးရတဲ့ အလုပ်ပါပဲ။ ဒါပေမယ့်
ဒီပြဿနာတွေကလဲ ခဏခဏ ဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာတွေကို အဆောင်မှာရှိတဲ့
လူခြောက်ဆယ်ကျော်ထဲက ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် အစဉ်အမြဲ
ပါဝင်နေသူတယောက်ကိုတော့ ကျွန်မ သတိထားမိသွားခဲ့ပါတယ်။ ပြီးတော့ တခါတရံ
မူးယစ်နေချိန်မှာ သူက ကျွန်မ သိထားတဲ့ တော်လှန်ရေးတေးသွားတခုကို
အော်ဟစ်ဆိုနေတတ်ပါသေးတယ်။
ဒီလိုနဲ့
တညနေတော့ သူလဲ အပြင်မထွက်၊ မသောက်ထားတဲ့နေ့မှာ ဧည့်ခန်းမှာခေါ်ပြီး သူ့ကို
စကားပြောကြည့်ခဲ့ပါတယ်။ ဒီလူဟာ အသက်ငါးဆယ်ကျော်ဝန်းကျင်ပါပဲ။
အိုင်းရစ်အမျိုးသား တယောက်ပါ။ ကျွန်မအထင်အရဆိုရင်
အိုင်းရစ်တော်လှန်ရေးသမားဟောင်း တယောက် ဖြစ်မယ်လို့ ယူဆမိတာကြောင့်
ပွင့်ပွင့်လင်းလင်းပဲမေးလိုက်မိပါတယ်။သူကလဲသူ့ဘ၀အကြောင်းတွေကို
ကော်ဖီအတူသောက်ကြရင်း ပြန်ပြောပြခဲ့ပါတယ်။ တော်လှန်ရေးမှာ
သူပါဝင်ခဲ့ပုံတွေ၊ တော်လှန်ရေး ရည်မှန်းချက်တွေ၊ ခံယူချက်တွေ၊
ကျဆုံးသွားတဲ့ သူ့ရဲဘော်ရဲဘက်တွေ၊ ရည်မှန်းချက်တွေ မပြီးမြောက်ပဲ
တော်လှန်ရေးကြီး ပြီးဆုံးသွားပုံတွေ၊ သူ့ခံစားချက်တွေ၊
နိုင်ငံရေး လမ်းကြောင်းထဲ လျှောက်လှမ်းသွား သူတွေရဲ့ စိတ်ထားတွေ၊ အလုပ်တွေ
စသည်ဖြင့် အစုံအလင်ပါပဲ။ သူ့စကားသံတွေထဲမှာ အားမလိုအားမရဖြစ်မှုတွေ၊
စိတ်ဓာတ်ကျမှုတွေ၊ ဒေါသတွေ ရောထွေးနေ ခဲ့ပါတယ်။
အိုင်းရစ်တော်လှန်ရေး
အစပြုခဲ့ပုံတွေ၊ ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ ပြီးဆုံးခဲ့ပုံတွေကို
လေ့လာထားမိတဲ့ ကျွန်မအတွက်ကလဲ သူ့ရဲ့ခံစားချက်တွေကို နားလည်နေခဲ့မိပါတယ်။
နိုင်ငံတကာ စစ်ပွဲတခုမှာ များသောအားဖြင့် အနိုင်အရှူံးဆိုတဲ့
အဆုံးသတ်အဖြေတခုရတတ်ပေမယ့်၊ ပြည်တွင်းစစ်တွေမှာကတော့ အစိုးရဘက်က အနိုင်ရတာ၊
တော်လှန်ရေးသမားတွေဘက်က အနိုင်ရတာတွေအပြင် negotiated settlement နဲ့ ပြီးဆုံးသွားတာတွေလဲ ရှိတတ်ပါတယ်။ Negotiated settlement မှာ
ဘယ်သူမှ မနိုင်၊ ဘယ်သူမှ မရှုံးဘူးဆိုပေမယ့် တဘက်က သူလိုရာကို
ရှစ်ဆယ်ရာခိုင်နှုန်းရသွားပြီး၊ အခြားတဘက်က နှစ်ဆယ်ရာခိုင်နှုန်းပဲ
ရသွားခဲ့တာတွေလဲ ရှိတတ်ပါတယ်။
ဘယ်ဘက်ကမှ ရာနှုန်းပြည့်မရနိုင်သလို၊ ၅၀- ၅၀
ရာနှုန်း တ၀က်စီပဲလဲ ရချင်မှ ရပါတယ်။ ခေါင်းဆောင်တွေ ရဲ့
စွမ်းဆောင်ရည်တွေအပြင် အင်အားချိန်ခွင်လျှာ၊ အတွေးအခေါ်၊ ရှုမြင်သုံးသပ်ပုံစတဲ့အချက်တွေပေါ်မှာ မူတည်ပြီး၊ သူ့ဘက်က သာတယ်၊ ကိုယ့်ဘက်က သာတယ် ဆိုတာတွေက
ကွဲပြားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော်လှန်ရေးသမားတွေ အတွက်
သေချာတာ တခုကတော့ Negotiated settlement ကနေပေါ်ထွက်လာတဲ့ ရလဒ်တွေဟာ တော်လှန်ရေး သန္ဓေတည်စမှာ ဦးတည်ခဲ့တဲ့ ရည်မှန်းချက်တွေကို ဘယ်လိုမှ ပြည့်မှီနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။
အိုင်းရစ်တော်လှန်ရေးဟာ Negotiated Settlement နဲ့
ပြီးဆုံးသွားခဲ့တာ ဖြစ်တဲ့ အတွက် တော်လှန်ရေး သမားဟောင်း တယောက်ဖြစ်တဲ့
သူ့ရင်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာကို စာနာစိတ်နဲ့
နားလည်ပေးနိုင်ခဲ့ပါတယ်။ သူစိမ်းတယောက်အနေနဲ့ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ
ဘ၀ရေးရာမှာ ၀င်ရောက်တိုက်တွန်းပြောဆိုခွင့် မရှိဘူး ဆိုပေမယ့်လဲ
စကားလေးတခွန်းတော့ မသိမသာ ပြောမိလိုက် ပါတယ်။ ရည်မှန်းချက်တွေ ပြည့်မှီဖို့
တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူ့ရဲဘော်တွေအတွက်
ယူကြုံး မရဖြစ်နေတဲ့စိတ်ကို အရက်နဲ့ ဖြေဖျောက်မယ့်အစား ကျန်ရစ်သူ
မျိုးဆက်တွေ၊ မိသားစုဝင်တွေရဲ့ ဘ၀တွေကို ကူညီဖြည့်ဆည်းပေးနိုင်သူ
တယောက်ဖြစ်အောင် ကြိုးစားကြည့်ဖို့ပါ။ သူနားထောင် ခဲ့သလား၊
နားမထောင်ခဲ့ဖူးလားဆိုတာကို ကျွန်မလဲ မသိတော့ပါဘူး။ များမကြာခင်
အချိန်ကာလတခုမှာ ကျွန်မလဲ စကော့တလန်ဘက်ကို ပြောင်းရွှေ့ အခြေချ
နေထိုင်ဖြစ်ခဲ့တာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေး သမားဟောင်းတယောက်ကို
အရက်သမား၊ အိမ်ခြေရာမဲ့တယောက်အဖြစ် တွေ့မြင်ခဲ့ ရတာကို ကျွန်မ
စိတ်မကောင်းဖြစ်ခဲ့မိတာတော့ အမှန်ပါပဲ။
ဒီလိုနဲ့
စကော့တလန်မှာ ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့တက်ဖြစ်တော့ အိုင်းရစ်အမျိုးသမီး
ဆရာမ တယောက်နဲ့ ထပ်မံတွေ့ဆုံရပြန်ပါတယ်။ သူမသင်ကြားတဲ့ ဘာသာက
ကျွန်မစိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်နေတာကြောင့် အပတ်တကုတ် ကြိုးစားလေ့လာတဲ့
ကျွန်မကို သူမ သတိထားမိ သွားခဲ့ရာက အတော်ပဲ ရင်းနှီးသွားခဲ့ရပါတယ်။
တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား မသိ။ သူမကလဲ
အိုင်းရစ်တော်လှန်ရေးသမားတယောက်ရဲ့ မိသားစုဝင် ဖြစ်ခဲ့တာပါပဲ။ သူမရဲ့
အဖေကတော့ တော်လှန်ရေး မှာ အသက်ပေးသွားခဲ့သူတယောက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ
စာကို ကြိုးစားသင်ယူခဲ့ပါတယ်။ Agricultural Economics, Rural Economics တွေကို အထူးပြုခဲ့ပြီး ဘောဂဗေဒ ဘာသာရပ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
မြောက်ပိုင်းအိုင်ယာလန်မှာ Northern Ireland Assembly ပေါ်ပေါက်လာပြီးချိန်မှာ ဖွဲ့စည်းခဲ့တဲ့ Department of Agricultural and Rural Development မှာ
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကိုယ့်နယ်၊ ကိုယ့်ဒေသဖွံ့ဖြိုးရေးသာမက
အခြားနယ်မြေဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာတွေမှာပါ အကြံ ပေးနိုင် တဲ့
ပညာရှင် တယောက် ဖြစ်လာခဲ့ပါတယ်။ ခင်မင်ရင်းနှီးလာချိန်မှာ ကျဆုံးတော်လှန်ရေး
သမား တယောက်ရဲ့ ဇနီးသည်ဖြစ်တဲ့ သူမရဲ့ မိခင် ဘာတွေ လုပ်နေခဲ့သလဲဆိုတာကိုလဲ
ကျွန်မ မေးမြန်းဖြစ် ခဲ့ပါတယ်။ ပေါင်မုန့်ဖုတ်တဲ့ အလုပ်ကို လုပ်ပြီး၊
နောက်ပိုင်း ဆိုင်တွေ ဖွင့်လာနိုင်ချိန်မှာ
အရင်တော်လှန်ရေး သမားဟောင်းတွေနဲ့ မိသားစုဝင်တွေကို အလုပ်ပြန်ခန့်ထားတယ်တဲ့။
ဒါတွေ ကြားရတော့ ကျွန်မရဲ့ စိတ်ထဲ တမျိုးလေးပဲ။ သူတို့တတွေရဲ့
ရဲဘော်ရဲဘက်စိတ်၊ မိသားစုဝင်စိတ်လေးတွေကို လေးစားမိသလို၊
ဝမ်းသာကျေနပ်မိသလို ဖြစ်ခဲ့မိပါတယ်။
နောက်ပိုင်းမှာ
ရည်ရွယ်ထားခြင်းမရှိပဲ စစ်ရေးနဲ့ ပဋိပက္ခရေးရာလေ့လာသူတယောက်ဘ၀ကို ကျွန်မ
ရောက်သွားခဲ့ပါတယ်။ ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့မှာ စာတမ်းရေးတော့
မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းစစ်တွေနဲ့ စစ်အသုံးစရိတ်ကြီးမားမှုတွေကနေ
စီးပွားရေး တိုးတက်မှုအပေါ် သက်ရောက် မှု တွေကို သတိပြုမိနေတဲ့ ကျွန်မက Defence Economics ကဏ္ဍကို ရွေးချယ်ပြီး သုတေသန စာတမ်းတစောင် ပြုစုဖြစ်ခဲ့ပါတယ်။ ဒီစာတမ်းကို ဘောဂဗေဒ ဌာနက ပရော်ဖက်ဆာအပြင် external examiners အဖြစ် အခြားတက္ကသိုလ်တခုရဲ့ စစ်ရေးလေ့လာရေးဌာနက ပရော်ဖက်ဆာတယောက်နဲ့ မဟာဗျူဟာလေ့လာရေးဌာနက Reader တယောက် စစ်ဆေးပါတယ်။ အဲဒီမှာ Grade A ရပြီး၊ မဟာဗျူဟာလေ့လာရေးဌာနက Reader က
သူ့ရဲ့ ပဋိပက္ခလေ့လာရေးနှင့် လုံခြုံရေး ပရိုဂရမ်မှာ ခေါ် ထားလိုက်တဲ့အတွက်
ကျွန်မမှာလဲ မရည်ရွယ်ပဲနဲ့ စစ်ရေးလေ့လာသူ တယောက်အဖြစ် အမှုထမ်းရင်း
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့ကိုပါ သင်ယူ လေ့လာဖြစ်သွားပါတော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုရမလား မသိ။ ဒီ field ထဲ
ရောက်သွားပြီးချိန်မှာ မြောက်ပိုင်းအိုင်ယာလန် အရေးတုန်းက
ဗြိတိသျှစစ်တပ်မှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်တယောက်နဲ့ ကွန်ဖရင့်တခု မှာ
တွေ့ဆုံ ခဲ့ရပြန်ပါတယ်။ ကျွန်မတို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်။
ပဋိပက္ခမှာ ပါဝင်ခဲ့သူတွေ အတွက် ပြန်လည်ထူထောင်ရေး မူဝါဒတွေအကြောင်းလဲ
ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ လန်ဒန် ကတော်လှန်ရေးသမားဟောင်းတယောက်အကြောင်း
ပြောပြတော့ သူက စိတ်မကောင်းကြောင်း ပြောပါတယ်။ ပြီးတော့
တော်လှန်ရေးသမားတွေတင်မဟုတ်ပဲ၊ စစ်သားတွေမှာလဲ ရလဒ်တွေအပေါ် မကျေနပ်သူတွေ
ရှိခဲ့ကြောင်း ပြောပြပါတယ်။ တဘက်နဲ့တဘက် ရန်သူလို တိုက်ခဲ့ကြသူတွေအကြားမှာ၊
ကိုယ့်ရန်သူနဲ့ ကိုယ့်ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်နေကြ တာကို
တွေ့မြင်ရတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ အမြော်အမြင်နဲ့ ၀မ်းသာပေးမှုတွေလဲ
ရှိနိုင်သလို၊ တချိန်က အသက်ပေး၊ ဘ၀စတေးပြီး တိုက်ခိုက်ခဲ့ရတာ အလကားပါလား၊
ဘာမှလဲ မဟုတ်ပါလားလို့ ခံစားစိတ်ဓာတ်ကျမှုတွေလဲ ရှိနိုင်ကြောင်း ပြောဆို
သုံးသပ်မိခဲ့ကြပါတယ်။ ပဋိပက္ခတွေထဲမှာ ဘက်နှစ်ဘက်ကနေ ပါဝင်ခဲ့သူတွေအတွက်
ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အပြင် စိတ်ပိုင်း ဆိုင်ရာ
ပြန်လည်ထူထောင်ရေးတွေကိုလဲ လုပ်ဖို့ လိုမယ်ထင်ကြောင်း ကောက်ချက်ချမိတော့
အိုင်ယာလန် မြောက်ပိုင်းမှာ ယနေ့ချိန်ကာလအထိ ရင်ကြားစေ့ရေး၊ သင့်မြတ်ရေး
လုပ်ငန်းစဉ်တွေကို ငါးနှစ်တာ စီမံကိန်းအဆင့်ဆင့်ချပြီး လုပ်ဆောင်နေရကြောင်း
ပြောပြခဲ့ပါတယ်။
ဒီလိုနဲ့ပဲ
များမကြာမီ ကာလတခုတုန်းက စစ်ဦးစီးတက္ကသိုလ်၊ ကာကွယ်ရေးပညာဌာနက
သုတေသနစင်တာတခုမှာ တွဲဖက်အဖွဲ့ဝင်အဖြစ် တာဝန်တွဲယူရတာကြောင့် ဌာနဆိုင်ရာ
အစည်းအဝေး တခုကို သွားတက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ အိုင်ယာလန်မြောက်ပိုင်းနဲ့
ဆက်စပ်ခဲ့သူ တယောက်ကို ထပ်မံဆုံတွေ့ရပြန်ပါတယ်။ သူကတော့
အိုင်ယာလန်မြောက်ပိုင်းမှာ အရာရှိငယ်လေး အဖြစ်နဲ့ တာဝန်ကျခဲ့ဖူးသူ
တယောက်ပါ။ နောက်ပိုင်းမှာ အရပ်ဘက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီး၊
လုပ်သက်ပြည့်ပင်စင် ယူပြီးတော့မှ စစ်ရေးပါရဂူဘွဲ့ ပြန်လည်တက်ရောက်နေပါတယ်။ Post- Conflict Reconstruction နဲ့
စစ်တပ်ရဲ့ အခန်းကဏ္ဍကို လေ့လာနေသူတယောက်ဖြစ်တဲ့အတွက် ကျွန်မ မသိသေးတဲ့
အချို့အကြောင်းအရာတွေကို သူက အသေးစိတ် ပြောပြခဲ့ပါတယ်။ သဘောတရားတချို့နဲ့
အိုင်ယာလန်မြောက်ပိုင်းမှာ ကြုံတွေ့ခဲ့တဲ့ လက်တွေ့ စိန်ခေါ်မှုတွေကို
တွဲစပ်ပြီး ဆွေးနွေးပြောပြပေး သွားတာကြောင့် ပဋိပက္ခပြီးဆုံးချိန်ကာလ
မြင်ကွင်းကျယ်ကိုပါ တွေ့မြင်ခွင့် ရလိုက်ပါတယ်။
သူနဲ့
ပြောပြီးချိန်မှာ လူအများပြောလေ့ရှိတဲ့ စကားလေးတခုကို သတိသွားရမိပါတယ်။
မုန်တိုင်းပြီးရင် လေပြည်လာတယ် ဆိုတဲ့ စကားလေးကိုပါ။ သို့ပေမယ့်
မုန်တိုင်းအလွန်မှာ တိုက်ခတ်နေတဲ့ လေပြည်လေညင်းလေးတွေအကြားမှာပဲ
မျက်ရည်စက်တွေ၊ သောကတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်နာကျင်မှုတွေ၊
ဝမ်းနည်းကြေကွဲမှုတွေကလဲ အများအပြား ရှိနေတတ်ပါတယ်။ မုန်တိုင်းကြောင့်
အသက်ဆုံးရှုံးခဲ့သူတွေ၊ ဘ၀ပျက်သွားခဲ့သူတွေ၊ စည်းစိမ်ဥစ္စာ
ဆုံးရှုံးသွားသူတွေ၊ အိုးအိမ်မဲ့သွားသူတွေ အများအပြားပါ။ ဒီအတွက်
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် တည်ဆောက်မှုတွေကို
နှစ်ပေါင်းများစွာ လုပ်ဆောင်ကြရပါတယ်။
ပဋိပက္ခတွေ၊
စစ်ပွဲတွေဆိုတာကလဲ ဒီအတိုင်းပါပဲ။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ၊
ငြိမ်းချမ်းရေးစာချုပ်တွေ၊ ရွေးကောက်ပွဲကျင်းပပြီး အာဏာခွဲဝေမှုတွေနဲ့
ပဋိပက္ခတွေ၊ စစ်ပွဲတွေကို အဆုံးသတ်နိုင်ပါတယ်။ သို့ပေမယ့် ပဋိပက္ခနဲ့
စစ်ပွဲတွေရဲ့ ရိုက်ခတ်ဖျက်ဆီးခဲ့မှုတွေကတော့ လူ့အဖွဲ့အစည်းတွင်းမှာ
ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ပဋိပက္ခနဲ့ စစ်ပွဲ အလွန်ကာလတွေမှာ
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး၊
တည်ဆောက်ရေးလုပ်ငန်းတွေကို မိမိတို့ ကိုယ်တိုင် ဘ၀ရည်မှန်းချက်သစ်များ၊
လုပ်ငန်းစဉ်သစ်များကို ပြန်လည် ရွေးချယ်ချမှတ်ခြင်းဖြင့် ဖြစ်စေ၊
ရဲဘော်ရဲဘက်များအချင်းချင်း ဖေးမကူညီလက်တွဲဆောင်ရွက်ခြင်းဖြင့် ဖြစ်စေ၊
နိုင်ငံတော်အဆင့် အနေဖြင့် မူဝါဒများ ချမှတ်ခြင်းဖြင့်ဖြစ်စေ၊
နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ကူညီမှုများဖြင့် ဖြစ်စေ လုပ်ဆောင်ဖို့
လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
မုန်တိုင်းအလွန်မှာ ကြွေလွင့်ပျက်စီးမှုများ လျော့နည်းစေရန် ရည်သန်လျက်။
ခင်မမမျိုး (၃၁၊ ၃၊ ၂၀၁၂)
No comments:
Post a Comment