နှစ်ပေါင်း
နှစ်ဆယ်ကျော်ကာလပတ်လုံးအတွင်း လက်ရှိ အစိုးရအသစ်တက်လာပြီး နောက်ပိုင်းမှာ
ကယား(ကရင်နီ)ပြည်နယ် အနေနဲ့ ယခုလိုစာပေဟောပြောပွဲကို ဒေသခံလွိုင်ကော်မြို့က
လူငယ်တွေ လူထုအဖွဲ့အစည်းတွေ က ပြောင်းလဲနေ တဲ့ နိုင်ငံရေး အခြေအနေအရ
ရဲရဲတင်းတင်းကျင်းပလာကြတာကို တွေ့မြင်ရပါတယ်။
စာပေဟောပြောပွဲတက်ရောက်နားထောင်ကြသော လွိုင်ကော်မြို့မှဒေသခံများ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

လွိုင်ကော်မြို့ခန်းမတွင် စာရေးဆရာကြီးဖေဖြင့်မှ လူငယ်နှင့်ပညာရေး စာပေဟောပြောနေစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)) “ကျနော်တို့ယှဉ်ကြည့်ရင်
ဘာပဲပြောပြော ပြည်ပနဲ့ယှဉ်ကြည့်ရင်ပေါ့ ကျနော်တို့ကယားပြည်နယ်ကလည်း
နယ်စပ်ဒေသက ဖွံ့ဖြိုးမှုနှောင်းနေ တယ် လမ်းပန်း ဆက်သွယ်ရေး လည်းခက်ခဲတယ်
ပညာရေးကဏ္ဍာကို ကြည့်လိုက်မယ်ဆိုရင်လည်း ပညာတတ်တွေအများကြီးထွက်တယ်
ဆိုတာမျိုးကလည်း နည်းသေးတယ်။ အားမရဘူးပေါ့။ ဆိုတော့ ဒေသခံပြည်သူတွေကော
လူငယ်တွေကော အသိပညာဗဟုသုတတွေ ဒီထက်ပိုပြီးတော့ စာတွေများများဖတ်စေချင်တယ်။
ဒီထက်ပိုပြီးတော့ အသိတွေ ကြွယ်စေချင်တယ်။
တချိန်လုံးအမှောင်ဖုံးပြီးတော့ ဘာမှမသိဘူး
အညာခံနေရတာမျိုးလည်းမဖြစ်စေချင်ဘူး။ မှန်မှန်ကန်ကန်
စဉ်းစားဝေဖန်တတ်တဲ့အလေ့အထတွေ နောက်တွေးခေါ်နိုင်စွမ်းတွေ
ဒါတွေကိုမြင့်စေချင်တယ်။” လို့ ပြောပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဟောပြောတဲ့ လွိုင်ကော်မြို့တော်ခန်းမအတွင်းမှာကတော့ ပရိတ်သတ်တွေ ဟောပြောပွဲခန်းမနဲ့ အပြည့်ပါပဲ။
စာပေဟောပြောပွဲသို့ တက်ရောက်နားထောက်ခဲ့တဲ့ လွိုင်ကော်မြို့မှ ပထမနှစ် တက္ကသိုလ်ကျောင်းသား ကြူးဖဲကေးက “ ပညာရေးနဲ့ပတ်သက်ပြီး ကျနော်တို့သိလာမယ် နောက်ပြီးကျနော်တို့တိုင်းပြည်ရဲ့ကျောရိုးက ပညာရေးပဲလေး ပညာရေးကောင်းတဲ့နိုင်ငံကတော့ တိုးတက်မှာပဲလေး ဂျပန်ဆိုရင်တိုးတက်တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပညာရေးစည်းကမ်းဥပဒေကကောင်းလို့ ကျနော်တို့နိုင်ငံတိုးတက်ဖို့ဆိုတာ လိုအပ်တယ် ထိုနည်းလည်းကောင်းပဲ ကျနော်တို့ပြည်နယ်တိုးတက်ဖို့ဆိုတာ ပညာရေးအပေါ် အများကြီး မူတည်တယ်။” လို့ပြောပါတယ်။
အဲဒီမှာ စာရေးဆရာကြီးဦးဘုန်း(ဓာတု)မှ ပြောလိုက်တဲ့ ဘီလူးဆိုတာ ကြောက်စရာကောင်းတဲ့အရာလို့ ပြောပေမဲ့လို့ ကယားပြည်နယ်မှာရှိတဲ့ ဘီလူးကတော့ ကြောက်စရာမဟုတ်ပဲနဲ့ တတိုင်းပြည်လုံး တနိုင်ငံလုံးကို အလင်းရောင်တန်းစေတဲ့ ဘီလူးချောင်းဆိုတာ သိလိုက်ရတယ်လို့ ပြောလိုက်တဲ့အချိန်မှာတော့ ပရိတ်သတ်တွေကနေပြီး လက်ခုပ်သံတွေနဲ့ တဖြောင်းဖြောင်း အားပေးလိုက်ကြတဲ့အသံက ခန်းမတခုလုံး မြည်ဟီးသွားစေပါတယ်။
ခေတ်လူငယ်တွေ Critical Thinking ရှိဖို့ ဒီမိုကရေစီလို့ ပြောနေကြတဲ့ ယနေ့ခေတ်မှာ ကိုယ့်ပြည်နယ်ဒေသတိုးတက်ရေးအတွက်
ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရွေးခြယ်တဲ့အခါမှာလူငယ်တွေက သေသေချာချာ ဝေဖန် ပိုင်းခြားတွေးခေါ်နိုင်အောင် ရွေးခြယ်တင်မြောက်နိုင်ဖို့ အရေးကြီးနေပါတယ်ဆိုတာကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့ကိုရောက်ရှိလာတဲ့ ဒေါက်တာသိန်းလွင်က ယခုလို ကန္တာရဝတီတိုင်း(မ်)ကို ပြောပြပါတယ်။
“ဒီလူငယ်တွေရဲ့ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းက ဒီနေ့ခေတ်မှာ မရှိမဖြစ်လိုလာတဲ့ Critical Thinking ကျနော်တို့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတဲ့အခါကြတော့ ဒီနိုင်ငံရေးပါတီတွေ အယူအဆအမျိုးမျိုး အတွေးအခေါ်အမျိုးမျိုး ယှဉ်ပြိုင်လာတဲ့အခါမှာ လူငယ်တွေရွေးခြယ်တဲ့အခါ စဉ်းစားဆင်ခြင်ပြီးရွေးခြယ်နိုင်ဖို့ နောက်တခါ နိုင်ငံရေးမှာကော လူမှုရေးမှာကော ဒီနေ့ခေတ်က ဒီ ဂလိုဘယ်လိုင်ဇင်းရှင်းမှာ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက် လာတဲ့အခါကျတော့ ဒီယဉ်ကျေးမှုမတူတဲ့သူတွေ ဘာသာစကား မတူတဲ့သူတွေ ဓလေ့ထုံးစံတွေ တန်ဖိုးထားမှုတွေ မတူတဲ့လူတွေအတူ ပေါင်းစုံလာတဲ့အခါကြတော့ အဲဒီမှာ ဘယ်သူ့ရဲ့တွေးခေါ် ယူဆမှုတွေကို ဘယ်လိုလက်ခံသင့်သလဲ ဘာတွေကိုလက်ခံသင့်သလဲဆိုတာကို ဘာတွေ ငြင်းပယ်သင့်သလဲဆိုတာကို လူငယ်တွေကိုယ်တိုင်စဉ်းစားပြီးတော့မှ ဆုံးဖြတ်ဖို့လိုတယ်” လို့ ပြောပါတယ်။
ကယားပြည်နယ်ကို ဒေသခံလူငယ်တွေဖြစ်ကြတဲ့ မဇ္ဇျိမနှလုံးသားအဖွဲ့နဲ့ ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ဖိတ်ကြားချက်အရ နာမည်ကြီးစာရေးဆရာတွေဖြစ်ကြတဲ့ ဆရာဦးဘုန်း(ဓာတု) ၊ ဆရာကြည်မင်း ၊ ဆရာဖေမြင့်နှင့် ဒေါက်တာသိန်းလွင်တို့က ကယားပြည်နယ်ဒေသဘက်ကို အရောက်လှမ်း နိုင်ခဲ့ကြတာဖြစ်ပါတယ်။ စာရေးဆရာကြီးတွေမှ စာပေဟောပြောပွဲတွေကို လွိုင်ကော်မြို့မှာရှိတဲ့ အ.ထ.က (၂ )၊ အ.ထ.က (၁ ) ၊ လွိုင်ကော်မြို့တော်ခန်းမနှင့် ဒီးမော့ဆိုမြို့ ဒေါတမ ငယ်ကျောင်းတွေမှာ ဟောပြောပွဲတွေ လိုက်လံကျင်းပ နိုင်ခဲ့ကြပါတယ်။
စာရေးဆရာကြီးတွေကနေ ကယား ပြည်နယ်ဒေသခံ ပြည်သူလူထုတွေနဲ့ လူငယ်တွေအရင်က အမှောင်ဖုံးလွမ်းနေတဲ့ အရိပ်အောက်ကနေ အမှောင်ကိုခွင်း အလင်းရရှိနိုင်ဖို့အတွက် အလင်းတန်းတွေကို တစိတ်တပိုင်း ပေးစွမ်းနိုင်ခဲ့တယ်ဆိုတာ လူငယ်တွေရဲ့ စိတ်ဝင်စားမှုတွေအရ သိနိုင်မှာဖြစ်ပါတယ်။
ကန္တာရ၀တီတိုင်း(မ်)

No comments:
Post a Comment