စာသင်ရမှာ
ဒီအိမ်ပဲလို့ သူငယ်ချင်းက ပြောပြခိုက် ပခုံးတောင် အလိုလို တွန့်သွားမိတယ်လို့ ထင်ပါ့။
အိမ်ကြီးက ခမ်းနားထည်ဝါလှချည်လား။ သုံးထပ်တိုက်ကြီးမှာ ဝရန်တာတွေကလည်း အကြီးကြီး။ ခြံထဲက
ခွေးကြီးနှစ်ကောင်ကလည်း ကြောက်စရာ။ ရုပ်ရှင်တွေထဲက အိမ်တွေလိုပဲ …
"စာသင်ခကို
ထပ်တိုးဦးမလား"
"မတိုးတော့ပါဘူး"
မေမေကတော့
ဆူမလားမသိ၊ စာသင်ခ အများကြီးယူရင် မေမေက မကြိုက်တတ်ဘူး။ မေမေကိုတော့ ပြောမနေတော့ပါဘူး။
စနေ၊ တနင်္ဂနွေ၊ နှစ်ရက်ပဲ သင်ပေးရမှာဆိုတော့ ရှစ်သောင်းက သူလည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေပေါ့။
သူငယ်ချင်းပြောတာကတော့ တောင်းသလောက်ပေးမှာတဲ့။ သူတို့နေတဲ့ အိမ်ကိုကြည့်တာနဲ့ သိသာပါတယ်။
အရင်နှစ်က
သူငယ်ချင်းက သင်တယ်။ ဒီနှစ်တော့ သူမအားလို့ ကျွန်မကို လက်လွှဲပေးလိုက်တာ။ ကလေးက သုံးယောက်၊
မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေးတစ်ယောက်၊ သူတို့ သင်နေတဲ့ အင်္ဂလိပ်ကျောင်း သင်ခန်းစာတွေနဲ့
ကွန်ပျူတာလည်း သင်ပေးရဦးမယ်။ ဒီအိမ်ကြီးမှာ သူတို့ မေမေ စိတ်ချရတဲ့ လူယုံတော် အမျိုးသမီးကြီးတစ်ဦးနဲ့
အိမ်ဖော် ကောင်မလေး လေးဦး၊ ကားဒရိုင်ဘာတစ်ဦးပဲ ရှိတယ်။ ကလေးတွေရဲ့ မိဘတွေက နိုင်ငံခြားမှာ
အလုပ်လုပ်နေကြတာတဲ့။ လစာကို သူတို့ပြန်လာမှ နှစ်လ၊ သုံးလ ပေါင်းရှင်းတာမျိုးလည်း ရှိတတ်တယ်တဲ့။
သူငယ်ချင်း ပြောတာကို ခေါင်းညိတ်နေရပေမဲ့ စိတ်ထဲ တစ်မျိုးပဲ။
"မီ
သိပ်တော့စိတ်မပူပါနဲ့။ ပထမ တစ်နှစ် ငါသင်ထားပြီးသားဆိုတော့ သူတို့ သိပါတယ်"
"ကလေးသုံးယောက်ကို
ဒီလိုပဲ ထားထားတာလား"
"အင်း
သူတို့ ကျင့်သားရနေပါပြီ။ ဒါပေမဲ့ သူတို့အမေပြန်လာရင် ကလေးတွေက အရမ်းကပ်ကြတာ လက်တွေကို
ဝိုင်းဆွဲထားတာ…"
"ဘယ်တော့လောက်
ပြန်လာလဲ"
"လင်မယား
နှစ်ယောက်လုံး တစ်နှစ်မှ နှစ်ခါသုံးခါပဲ ပြန်လာတာ အဲဒါ အရင်က ခုတော့ ပြန်လာတာ နည်းနည်းစိပ်တယ်ပြောရမယ်။
နိုင်ငံခြားမှာ လုပ်ငန်းကြီးကြီးတွေ လုပ်ပုံရတယ်။ နောက်မှ တွေ့ပါလိမ့်မယ်… သူ့ သားသမီးတွေကို
ဘယ်လိုထားလဲဆိုတာ"
အကြီးမလေးက
ခြောက်တန်း၊ အလတ်က ယောက်ျားလေး လေးတန်း၊ အငယ်ဆုံးမိန်းကလေးက နှစ်တန်း၊ သားသမီးတွေကို
လိုတာ မရှိစေရအောင် ထားပေးထားတယ်တဲ့။ အိမ်မှာ ပိုက်ဆံမတတ်နိုင်လို့ အလကား ခေါ်သင်ပေးရတဲ့
ဖိုးလုံးလေးကို သွားသတိရမိတယ်။ စာအုပ်ဖိုး ခဲတံဖိုးတောင် အမေက စိုက်ပေး၊ ဝယ်ပေးပြီး
သင်ပေးရတယ်။
အဲဒီအိမ်မှာ
စာသင်ခန်းကို အောက်ထပ်မှာ အဲယားကွန်းတပ်ပေးထားတယ်။ အစုံရှိတယ်။ အဲဒီအခန်းကလွဲပြီး တခြားအခန်းတွေကို
မဝင်နဲ့၊ ဝင်မကြည့်မိစေနဲ့လို့ ဘာမှန်းမသိ သူငယ်ချင်းက ပြောသေးတယ်။
"တခြားအခန်းတွေထဲ
ဘယ်သူက သေချာဝင်ကြည့်နေမှာတုံး သူများအိမ်ထဲကို၊ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး၊
သူတို့မကြိုက်လို့ ကြိုပြောတာပါ"
"ငါ
အကျင့်မရှိဘူးဆိုတာ နင်လည်း သိပါတယ်။ စိတ်ချ နင့်ယုံလို့ ငါ့ကို လွှဲခဲ့ပေးတယ်။ ငါ့ကြောင့်
နာမည်မပျက်စေရဘူး။ ပြောပြတာ ကျေးဇူးတင်ပါတယ်။ ဒီတစ်ပတ်က စမှာနော်"
"ဟုတ်တယ်၊
ငါ အားလုံး ပြောထားပြီးပြီ… မနေ့ကပဲ သူတို့မိဘ နှစ်ယောက်စလုံး နိုင်ငံခြားထွက်သွားကြပြီ"
"ကလေးတွေကို
စိတ်ချတယ်နော်"
"အင်း
… စိတ်ချရလို့ နေမှာပေါ့.. အဲဒီမှာ အိမ်ထိန်းအမျိုးသမီးကြီးကပဲ အားလုံးကို ကြီးကြပ်တယ်။
ဒေါ်တီတီ တဲ့… ကလေးတွေကတော့ တီတီလို့ ခေါ်တယ်"
"သူနဲ့ပဲ
အတွေ့များမယ်၊ ကျန်တဲ့ကလေးမတွေက တစ်ခါတလေ မြင်တောင် မမြင်ရဘူး။ ကလေးသုံးယောက်အတွက်ကတော့
လိုတရ လိုရာဖြစ်စေပဲ၊ ချမ်းသာတာလည်း ရက်စက်တယ်။ အမှိုက်ပုံးတွေ အများကြီးထားတယ်။ မကြိုက်ရင်
လွှင့်ပစ်ဖို့ချည်းပဲ"
"ထူးဆန်းလိုက်တာ"
"ကဲ
… အိမ်လည်း ရောက်ပြီဆိုတော့… နောက်မှတွေ့မယ်လေ"
"အိုကေ
သူငယ်ချင်း"
သူငယ်ချင်းကို
အိမ်အရောက်ပို့ပေးပြီး ဆိုင်ကယ်မောင်းရင်း အတွေး ပွားနေမိတော့တယ်။ အိမ်ရောက်တော့ မေမေကို
ပြောပြတောပ မေမေက သိပ်မကြိုက်ချင်ဘူး။ ဝေးလွန်းလို့တဲ့လေ။
"သူတို့က
သူဌေးတွေပါအေ။ ကိုယ်မသင်ရင်လည်း သင်မဲ့လူတွေ တစ်ပုံကြီး။ အိုးမကွာ အိမ်မကွာ အိမ်နားက
ကလေးတွေပဲ ပြပေါ့။ သူတို့ကို ကိုယ်သင်မှဖြစ်မှာ။ ပိုက်ဆံက အဓိကမှ မဟုတ်ဘဲ"
ကိုယ်က အဝေးကြီးကို ပင်ပင်ပန်းပန်း သွားရမှာနဲ့
ဆရာမပီပီ ပူညံပူညံ လုပ်တော့တယ်။ မတတ်နိုင်ဘူး၊ ပြောပြီးသားဖြစ်နေပြီလို့ပဲ ပြောလိုက်တယ်။
နောက်တစ်နေ့ကစပြီး သူတို့ကို သင်ရမဲ့ သင်ခန်းစာတွေကို
မိတ္တူတွေ ကူး၊ ပြုစုရတော့တယ်။ ဖုန်းလည်း ဆက်ထားပြီးပြီဆိုတော့ စာသင်မဲ့ရက်မှာ အေးအေးဆေးဆေး
သွားရုံပါပဲ။ ဖုန်းကိုင်တာကလည်း ဒေါ်တီတီပဲ။ ဖုန်းထဲက သူ တစ်စွန်းတစ်စ ပြောပုံအရ ကျွန်မအရင်
ယောက်ျားဆရာတစ်ယောက်ကို ခေါ်သေးတယ်ဆိုပဲ။ အဲဒီဆရာက ကလေးတွေမေးတာ အစုံမဖြေပေးနိုင်သလို
ကလေးတွေ စိတ်ကြိုက် မတွေ့ဘူးလို့ ပြောတယ်။ ကလေးတွေကို စာသင်တာ နည်းနည်း၊ ဂိမ်းတွေကို
ဆော့ခိုင်းပြီး၊ သူကိုယ်တိုင်လည်း ဂိမ်းတွေ ကစားနေတာတဲ့။ ဒါကြောင့် အဲဒီဆရာကို နားလိုက်တာတဲ့။
ကလေးတွေက သူ့ဖေဖေ၊ မေမေတွေ ပြန်လာရင် အကုန်တိုင်သလို၊ ဖုန်းတွေ အီးမေးတွေနဲ့လည်း ပြောတယ်တဲ့။
သူ့ဆီက ကြားရတဲ့ စကားအရ ဒီကလေးတွေက ခေသူတွေမဟုတ်သလို
သူတို့ကလည်း ပညာစုံရတယ်။ စမ်းသပ်နည်းမျိုးစုံနဲ့ ကျွန်မကို စမ်းသပ်နေဦးမလား၊ အရင်တုန်းက
အိမ်လိုက်သင်ပေးဖူးတယ်ဆိုတာက အလယ်အလတ်တန်း ဝန်ထမ်းသားသမီး၊ ဆရာဝန်သားသမီး၊ များသောအားဖြင့်
မြန်မာကလေးတွေ။ အိမ်က မေမေ့ကျူရှင်မှာဆိုလည်း ပြည့်စုံတဲ့ကလေးတွေထက် မပြည့်စုံတာတွေက
ပိုများတယ်။ အခြေခံ အဆင့်တွေမှာတောင် ကွာဟချက်တွေ အမျိုးမျိုးနဲ့။ အိမ်မှာ ခဲတံအတိုလေးတွေကစ
ကောက်တွေ့ရင် မလွှင့်ပစ်ဘူး၊ ဘာပဲပြောပြော တစ်နေရာမဟုတ် တစ်နေရာတော့ အသုံးဝင်တာပဲ။
သူတို့ကို သင်မယ့်စာတွေကို ပြန်ကြည့်ရင်း
ကိုယ်ပိုင် laptop လေးကို ဖုန်သုတ်နေမိတယ်။ ကိုယ့်မုန့်ဖိုး ပိုက်ဆံလေးကို စုပြီး
မနည်းဝယ်ခဲ့ရတဲ့ အဖြစ်ကို တွေးမိတယ်။ အဲဒီတုန်းက သူငယ်ချင်းဆီမှာ အကြွေးတောင် သုံးလလောက်
တင်သွားသေးတယ်။
* * *
စနေနေ့ရဲ့ နံနက်ခင်းဟာ နေရောင်ခြည်တွေနဲ့
တောက်ပနေတယ်။ အချိန်တွေက ဘယ်လိုကုန်သွားမှန်းမသိ။ ကျွန်မ ထမီဝတ်ရမလား။ ဘောင်းဘီဝတ်ရမလား
စဉ်းစားရင်း ထုံးစံအတိုင်း ဘောင်းဘီပဲ ဝတ်ဖြစ်တယ်။ ဆိုင်ကယ်ဆီကို ကြည့်ပြီး ဖုန်သုတ်လိုက်တယ်။
ယူစရာရှိတာ ယူပြီး မေမေ့ကို နှုတ်ဆက်ပြီး ထွက်ခဲ့တယ်။
မေမေပြောတာလည်း မှန်ပါတယ်။ အိမ်ကဝေးတော့
ဆိုင်ကယ်စီး လေတိုးတာနဲ့ကို ပင်ပန်းနေပြီ။ နေက အရမ်းပူပြင်းရင် သေပြီဆရာပဲ။ ချမ်းသာတဲ့သူများ
မြို့ပြင်ပိုကြိုက်တယ်ဆိုတာ အမှန်ပဲ။ တစ်အိမ်နဲ့တစ်အိမ်လည်း မနီးစပ်။ အုတ်တံတိုင်းကြီးတွေဆိုတာများ
အလုံ၊ အိမ်ထဲကိုလည်း ဘာမှ မမြင်ရ။ အိမ်ထဲမှာ လူရှိမှန်းတောင် မသိရ။ ခု ကလေးတွေအိမ်ရဲ့
အုတ်တံတိုင်းတွေပေါ်မှာ သံဆူးကြိုးအဝိုင်းကြီးတွေ ရှိသလို လျှပ်စစ်တွေတောင် လွှတ်ထားတယ်လို့
ပြောတယ်။ မိဘတွေက ပိုက်ဆံရှိတော့ အိမ်ကို အလုံခြုံဆုံး Safe ဖြစ်အောင် လုပ်ပေးထားတယ်လို့
ထင်တယ်။
ဒီတစ်ကြိမ်ကတော့ ဆရာမ အဖြစ် စာသင်ပေးရမဲ့ဘဝမှာ
ရင်အခုန်ဆုံးလို့ ထင်မိတယ်။ ကလေးတွေကို မမြင်ဖူးသေးပေမဲ့ အဆင်ပြေပါစေလို့ မေတ္တာပို့
ဆုတောင်းမိတယ်။ ခု စာသင်ခရမဲ့ ရှစ်သောင်းထဲကနေ ဖွားဖွားကို ကန်တော့ချင်သေးတယ်။ ဖွားဖွားစားချင်တာ၊
လှူချင်တာလေးတွေ လှူလို့ရအောင် ပေးချင်တယ်။ ဖွားဖွားက ကျွန်မကို ချစ်တယ်။ အသက်ရှစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်တဲ့
ဖွားဖွားက ကျွန်မ ဘာလေးပဲ ယူလာယူလာ၊ ကျွန်မ စိတ်ကျေနပ်အောင် စားလေ့ရှိတယ်။ စကားပြောချိုသာတဲ့
ဖွားဖွားကို မေမေ့ထက် ပိုချစ်မိတယ်။
ခြံဝင်းတံခါးမြင့်မြင့်တွေနဲ့ အိမ်ကြီးဆီ
ရောက်လာတော့ လူခေါ်ဘဲလ်ကို နှိပ်လိုက်တယ်။ ဟိုတစ်နေ့က ဒီအိမ်ရှေ့ကို ရောက်လာပြီးသားဆိုတော့
သိပ်တော့ မစိမ်းတော့…။ ခြံတံခါး လာဖွင့်ပေးတာ ကောင်မလေးတစ်ယောက်။ ဆရာမလားလို့ တစ်ချက်မေးပြီး
အပိုစကားမပြောဘဲ အိမ်ထဲဝင်သွားတယ်။ ဧည့်ခန်း ဆိုဖာ ဆက်တီပေါ်ထိုင်ရင်း လျှောက်ကြည့်နေမိတယ်။
ကြီးကျယ်ခမ်းနားခြင်းများစွာထဲက ခမ်းနားခြင်းနဲ့ အရာရာ ပြည့်စုံတဲ့နေရာတစ်ခုလို့ ထင်မိတယ်။
ဒေါ်တီတီနဲ့ ဧည့်ခန်းမှာတွေ့တော့ ကလေးတွေနဲ့
ခေါ်မိတ်ဆက်ပေးတယ်။ သုံးယောက်စလုံး အသွက်စားလေးတွေဖြစ်ပြီး အလတ်ကောင်လေးက ပါဝါမျက်မှန်လေးနဲ့
အသားဖြူဖြူ မြန်မာစစ်စစ်လေးတွေတော့ မဟုတ်။ သုံးယောက်စလုံးက Teacher ဆိုရင် မိန်းကလေးငယ်ငယ်ကို
ခေါ်ပေးပါလို့ ပြောသတဲ့။ ကျွန်မကို တွေ့တော့ ရယ်ရွှင်ရွှင် ပြုံးတုံ့တုံ့ မျက်နှာပေးလေးတွေနဲ့
Teacher Hi လို့ နှုတ်ဆက်ကြတယ်။
"ဆရာမ သင်ရမဲ့ သုံးယောက်က နည်းနည်းတော့
ကစားမက်တယ်။ သူတို့ ဖေဖေ၊ မေမေတွေက အလုပ်များလွန်းလို့ လှည့်မကြည့်နိုင်ဘူး။ ဟို အအေးခန်းက
သူတို့စာသင်ခန်း ဆရာမလိုအပ်တာရှိရင် ပြောပါ။ ကလေးတွေ စိတ်တိုင်းကျဖို့ အရေးကြီးတယ်"
"ဟုတ်ကဲ့ ကျွန်မ လိုအပ်တာဆို ပြောပါ့မယ်"
ဒေါ်တီတီနဲ့ စကားပြောပြီး ဝင်လာချိန်မှာ
သုံးယောက်လုံးက အခန်းထဲကို ရောက်နေပြီ။ ဒါပေမဲ့ ကျွန်မကို လှည့်မကြည့်ဘဲ သူတို့လုပ်ချင်တဲ့ဟာ
အပေါ်ကိုသာ စိတ်ဝင်စားနေကြတာ။ အခန်းက တော်တော်ကျယ်ပါတယ်။ စားပွဲနှစ်လုံး ဆက်ထားတယ်။
အခန်းထဲမှာ တစ်နေရာစီ ပြန့်ကျဲနေတဲ့ သူတို့ပစ္စည်းတွေကို စိတ် မသက်သာစွာ တွေ့ရတယ်။ သူတို့ကိုယ်ပိုင်တွေ
ဖြစ်တဲ့ Macbook Pro တစ်ယောက်တစ်လုံးစီနဲ့ တွေ့ရတာမို့ ကျွန်မယူလာတဲ့ Laptop လေးတောင်
မျက်နှာငယ်သွားသလိုပဲ။ သူငယ်ချင်း ပြောတဲ့ နေရာတကာ အမှိုက်ပုံးရှိတယ်ဆိုတာလည်း အဟုတ်ပဲ။
ဒီ စာသင်ခန်းထဲမှာကို အစိမ်း၊ အဝါ၊ အနီ၊ သုံးပုံး။ ခြေထောက်နဲ့ဖွင့်ရပြီး ထည့်ရတဲ့
အမှိုက်ပုံးမို့ အကြီးမလေးက ပရင်တာကနေ ထွက်လာတဲ့ ပုံစာရွက် တစ်ရွက်ကို မကြိုက်လို့ လုံးခြေပြီး
အမှိုက်ပုံးကို ခြေထောက်နဲ့ဖွင့်ပြီး ဂိုး ဂွပ်နဲ့ အသံမြည်အောင် ထည့်လိုက်တယ်။ အခန်းထောင့်မှာလည်း
စက္ကူဖြတ်စက် တစ်လုံးရှိသလို နံရံကပ်ဘီရိုပေါ်မှာ စာရွက်အချော၊ အလတ်၊ Photo Paper စက္ကူတွေ
အထုပ်လိုက်၊ ခဲတံရောင်စုံ၊ ကာလာခြယ်စရာတွေ ရောင်စုံ၊ ရောင်စုံခဲတံတွေကတော့ အငယ်ဆုံးလေး
အကြိုက်ဖြစ်ပုံရတယ်။ မှောက်ရက်သား ရောင်စုံပုံတွေ ဆေးခြယ်နေတာမို့ ကျွန်မကိုတောင် မမြင်ဘူး။
"Teacher what's your name?"
အလတ်လေးက နောက်ကနေ မေးလိုက်တာကြောင့် ကျွန်မ
လန့်သွားတယ်။
"တီချာ့ နာမည်က တီချာ မီမီတဲ့"
"ကြောင် ခေါ်သလိုပဲနော်"
စိတ်ထဲ Oh! My God လို့သာ တလိုက်မိတယ်။
တယ်လည်း ယဉ်ကျေးပါလားလို့ ကျွန်မကို ကြောင်နဲ့ တူသတဲ့။
"ကဲ အားလုံး စားပွဲပေါ်မှာ ထိုင်ကြပါဦး
တီချာ့ကို နာမည်လေး မိတ်ဆက်ပေးဦး၊ နောက်ပြီး တီချာ သင်မယ့် အကြောင်းအရာတွေ ပြောမယ်။
ကလေးတွေ လိုအပ်တာရှိလည်းပြော၊ စာမေးပွဲကလည်း သိပ်မလိုတော့ဘူးနော်။ ကဲ သမီးနာမည် ကြီးစဉ်ငယ်လိုက်ပြော"
"သမီးနာမည် ကြည်ပြာလမင်း"
"သားက"
"နေခြည်ခိုင်မြဲ…"
"ကဲ ငယ်လေးက…"
"သော်တာမိုးသား…"
"ဟား နာမည်တွေက အမိုက်စားတွေနော်။
တီချာ့ နာမည်က မီမီ ဆိုတော့ ဟုတ်ပါတယ်လေ ကြောင်ခေါ်သလိုပေါ့"
"ဟုတ်တယ် Right Right"
သုံးယောက်သားက ဝိုင်းထောက်ခံကြတယ်။
"တီချာ့ကို မသိတာရှိရင်လည်း မေးလို့ရတယ်။
ကဲ စာသင်ရအောင် …"
နှစ်နာရီစာမှာ တစ်ယောက်နဲ့တစ်ယောက် ခွဲပြီး
သင်ရတယ်။ ပထမဦးဆုံးအနေနဲ့ ကွန်ပျူတာကိုပဲ အရင်သင်ပေးလိုက်တယ်။ အခြေခံတွေက တတ်ပြီးသား
ဖြစ်နေတဲ့အတွက် သိပ်မခက်ခဲ။
ခက်ခဲနေတာက သူတို့ သိချင်၊ တတ်ချင်စိတ်
လွန်နေခြင်းပင်။ တစ်ချို့ အကြောင်းအရာတွေက ကျွန်မပင်မသိ။ ကျွန်မထံက အဖြေမရခဲ့ရင် သူတို့အဖေကို
အီးမေးနဲ့ ချက်ချင်းလှမ်းမေးတော့တာပဲ။
ပစ္စည်းတွေကို မရောထွေးဘဲ နေရာတကျလေးထားဖို့
လုပ်ပေးရတယ်။ တန်ဖိုးကြီးပစ္စည်းတွေကို သုံးချင်သလို သုံးစွဲနေတာကတော့ အတိုင်းသားပဲ။
ဘာမှမလိုအောင် သူတို့မိဘတွေ ဖြည့်ဆည်းပေးထားတယ်ဆိုတာတော့ အမှန်ပင်။
ကျွန်မတို့ ဒီအရွယ်တုန်းက မေမေ့ ကျောင်းလခတစ်ခုတည်းနဲ့
လွယ်အိတ်လေးတစ်လုံး ဝယ်ဖို့တောင် အနိုင်နိုင်။ အိမ်နားက ဖိုးလုံးလေး မေမေ့ကျူရှင်လာသင်ဖို့
အသားမာတက်အောင် ရေဆွဲ၊ ရေဖြည့်ပြီးမှ အိမ်မှာ စာလာသင်ရတယ်။ လာရင်လည်း ယဉ်ယဉ်ကျေးကျေးလေး
လက်လေးပိုက်လို့၊ မေမေ့ကျူရှင်က ကလေးတွေက မေမေ့ကိုသာမက ကျွန်မကိုပါ လေးစားချစ်ခင်ပြီး
ရိုသေကြတယ်။
ဒီက ကလေးလေးတွေက အမြင်မတော်တာ ခပ်များများ။
တစ်နေ့တာအတွက် စာသင်ပြီးပြန်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် မျက်နှာပူမိနေတဲ့အဖြစ်။ မနေနိုင်
မထိုင်နိုင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကအစ အလုပ်ပိုတစ်ခုအဖြစ် သင်နေရဦးမဲ့ပုံ။ ဆိုင်ကယ်နဲ့ဆိုတော့
လွတ်လွတ်လပ်လပ် ဝတ်နေကျအတိုင်း ဘောင်းဘီဝတ်ခဲ့တာ မှားများသွားပြီလားလို့ စဉ်းစားမိနေတယ်။
လေကလည်းတိုက် ဝေးကလည်းဝေးတော့ ထမီနဲ့ဆိုလည်း အဆင်မပြေ။ ဒါပေမဲ့ ကျွန်မ စဉ်းစားရဦးမယ်။
သူတို့က နှုတ်တင်မက အပြုအမူတွေကပါ လှုပ်ရှားမှုက မြန်ဆန်လွန်းတယ်။ အလတ်လေးက ယောက်ျားလေး
ဆိုတော့ ပိုဆိုး …
ကျွန်မက သူတို့ လိုချင်တဲ့ စာရွက်ထုတ်ကို
ဘီရိုပေါ်ကနေလည်း ယူပေးရသေးတယ်။ အံဆွဲထဲကလည်း သူတို့လိုချင်တာကို တစ်ခုပြီးတစ်ခု ရှာပေးရသေးတယ်။
ကျွန်မ လက်မြှောက်ယူတဲ့အချိန်ရယ်၊ ခါးကုန်းလိုက်လို့ အနည်းငယ် ဟသွားလို့ မြင်သွားတာရယ်ကို
ဒီအတိုင်း နေပါလား ငြိမ်ငြိမ်မနေဘဲ …
"Teacher Me Me I see your under
colour pink" လို့ နှစ်ခါလောက် အလတ်လေးက အော်ပြောတယ်။
အငယ်လေးကဆို အလတ်လေးအော်ပြီးပြီးချင်း
ကျွန်မ ဘောင်းဘီကို အတင်းလာဆွဲတော့တယ်။ အကြီးမလေးက လက်ခုပ်လက်ဝါးတီးပြီးတော့တောင် ရယ်နေတယ်။
ကျွန်မလည်း ရုတ်တရက်ဆိုတော့ ရှက်သွားတယ်။
သူတို့စိတ်ထဲ ကျွန်မကို ဆရာမတစ်ယောက်အနေနဲ့ လေးစားစိတ် ရိုသေရမယ်ဆိုတဲ့စိတ် တစ်စက်မှ
မရှိတာ သေချာတယ်။ ကျွန်မလည်း လေသံတင်းတင်းနဲ့ နောက် ဒါမျိုး မပြောရဘူး။ မလုပ်ရဘူးလို့
ခပ်မာမာပြောလိုက်တယ်။
ပထမဦးဆုံးနေ့ အတွေ့အကြုံကိုတော့ မေမေကို
ပြန်မပြောပြဖြစ်ပေမဲ့ သူငယ်ချင်းကို ပြောပြတော့ … သူက အူတက်မတတ် ရယ်တယ်။ သူ့တုန်းက
ဆိုရင် ဆံပင်တွေကို ပီကေနဲ့ကပ်လိုက်လို့ အိမ်ရောက်တော့ ဘယ်လိုမှ ခွာမရလို့ ကွက်ပြီး
ကပ်ကြေးနဲ့ ညှပ်လိုက်ရတယ်တဲ့။ မိဘတွေက အဝေးမှာဆိုတော့ ဆိုဆုံးမမှု ကင်းလွတ်နေတာပေါ့။
မေမေကတော့ အဆင်ပြေရဲ့လား မေးတော့ ပြေပါတယ်ပေါ့။
မိဘစိတ်ချမ်းသာအောင် ပြောရတာပဲ။ ဥာဏ်တွေကတော့ ပြေးကြပါရဲ့။
"သမီးရေ စပယ်ဖွေးလေး အမေ ဒီနေ့ မေမေ့ဆီ
လာတယ်"
"ဘာဖြစ်လို့လဲ မေမေ"
"ကျောင်းထုတ်ချင်လို့တဲ့"
"ဟင် ဟုတ်လား …"
"သူ့အဖေက လေဖြတ်သွားတော့ ဆိုက်ကားမနင်းနိုင်တော့ဘူးတဲ့
… အဲဒါ စပယ်ဖွေးကို ကျောင်းထုတ်ပြီး သူ့အမေနဲ့အတူ ဈေးရောင်းရမဲ့ပုံပဲ"
"သနားပါတယ် မေမေရာ မထုတ်ခိုင်းပါနဲ့
စပယ်ဖွေးက စာလည်းတော်တယ်"
"သူတို့အတွက်က စားဖို့ကို အင်မတန်ခဲယဉ်းနေတာ
သမီးရဲ့ … ဘယ်လိုလုပ်မလဲ"
"ဒီလိုလုပ်မလား မေမေ ကျောင်းတော့
မထုတ်စေချင်ဘူး။ အလကားနေ ဈေးသည်ဖြစ်သွားလိမ့်မယ်။ ငယ်လည်းငယ်သေးတယ်။ သမီး အခု ကျူရှင်သင်ခရတဲ့စရိတ်
စပယ်အတွက် ပေးမယ်။ မေမေလည်း လိုအပ်သလောက် ကူညီပေးလိုက်ပေါ့။ ကျူရှင်လည်း မေမေ အခု အလကား
သင်ပေးနေတာပဲ"
"သမီး အဆင်ပြေပါ့မလား"
"ပြေပါတယ် မေမေရဲ့ ဒါက သမီးရဲ့ အပိုဝင်ငွေတစ်ခုပါ။
မထုတ်ခိုင်းပါနဲ့ မေမေရယ်။ မေမေ့ တပည့်တွေထဲက စပယ်ဖွေးနဲ့ ဖိုးလုံးလေးကို သမီး အသနားဆုံးပဲ။
ပိုက်ဆံမရှိလို့ ပညာသင်ခွင့်မရတဲ့ ကလေးတွေကို တတ်နိုင်သလောက် ကူညီတာ ကုသိုလ်ရတာပါပဲ။
သူတို့တွေကြီးလာရင် ဘာဖြစ်မလဲဆိုတာ ကြိုမပြောနိုင်ဘူးလေ။ လမ်းခုလတ်မှာ လမ်းပျောက်သွားမှာ
စိုးရိမ်မိတယ်။ နောက်ပြီး သူတို့မှာ ဘာလုံခြုံမှုမှ မရှိဘူး မေမေ။ မိဘတွေကတောင် လုံခြုံမှု
မပေးနိုင်ခဲ့ဘူး။ သူတို့ဘဝ ကြီးလာရင် လုံခြုံစွာရပ်တည်နိုင်ဖို့အတွက် ကိုယ်ပိုင်ပညာလေးတော့
ရှိဖို့ လိုအပ်တယ်။ အဲဒီအတွက် သမီးတို့ ကူညီပေးလိုက်မယ်နော် မေမေ"
"အေး အေး မေမေလည်း တခြားတတ်နိုင်သလောက်
ထပ်စဉ်းစားကြည့်ဦးမယ်"
မေမေနဲ့ စကားပြောပြီး ညအိပ်ရာဝင်ချိန်ထိ
အတွေးတို့ တရစ်ဝဲဝဲ၊ ကလေးတွေချင်း တူတာတောင် ဘဝတွေက ကွာခြားလိုက်တာ။ လမင်း၊ နေခြည်၊
သော်တာ သူတို့ဘဝလေးတွေကျ နာမည်နဲ့လိုက်အောင် မိုးပေါ်ကမဆင်း။ စပယ်ဖွေးတို့ ကျပြန်တော့လည်း
နူးနူးညံ့ညံ့ မြေပြင်နဲ့ အနီးဆုံးမှာ ပွင့်ကြရရှာတယ်။ သူတို့ဘဝတွေအတွက် အမှန်တကယ် လိုအပ်နေတဲ့
အလုံခြုံဆုံးသော နေရာဟာ ဘယ်မှာလဲ။ တကယ်လည်း ပညာလိုချင်ရှာတဲ့ ကလေးလေးပါ။ ဒီလေးတန်းအရွယ်လေးကို
ကျောင်းထုတ်ပြီး ဈေးရောင်းခိုင်းရလောက်အောင် ဘဝနဲ့ကံကြမ္မာက မရက်စက်သင့်ပါဘူး။ ကျွန်မနဲ့
မေမေရဲ့ ဆုံးဖြတ်ချက်အတိုင်း မနက်ဖြန် သူ့အမေကို ခေါ်ပြောခိုင်းလိုက်တယ်။
နေ့ရက်တစ်ချို့ကို ကျော်လွန်ပြီးချိန်မှာ
ကျွန်မ ထင်မှတ်ထားတာထက် ကျော်လွန်အောင် ကလေးတွေရဲ့ နားမလည်၊ မသိတတ်မှုလေးတွေကို တွေ့ရတယ်။
စာသင်ချိန်ကို သတ်မှတ်ထားပေးပေမဲ့လည်း သူတို့မှာ ကိစ္စရှိလာရင် ကျွန်မဆီကို ဖုန်းဆက်ပြီး
ပြောတတ်တယ်။ အဖွားဆီသွားနေလို့ ဘယ်သွားနေလို့နဲ့ တစ်ခါတလေ ကျွန်မက စာသင်ဖို့ သူတို့ပြန်အလာကို
နာရီဝက်လောက်စောင့်ရတယ်။ နှစ်ရက်တည်းဆိုတော့လည်း မပျက်ချင်။ ဒါကြောင့် စာသင်မဲ့ စနေ၊
တနင်္ဂနွေနှစ်ရက်ကို ဘယ်မှ မသွားဖို့ ဒေါ်တီတီကို မှာထားရတယ်။
ကျွန်မမှာ စာသင်ရုံတင်မကတော့ဘဲ ပရင်တာက
ပျက်ပြန်ပြီ ပုံတွေထုတ်လို့ မရတော့ဘူး။ ဟိုဟာ ဖြစ်ပြန်ပြီ၊ ဒီဟာဖြစ်ပြန်ပြီနဲ့ ကိစ္စများမြောင်တွေ
ပါလာတတ်ပြီ။ တစ်ခါတလေ ကျွန်မက စာသင်ဖို့ အဆင်သင့်ဖြစ်နေပြီး အကြီးမလေးက သူ့အမေနဲ့ အင်တာနက်ကနေ
ဖုန်းပြောလို့မပြီး။ အငယ်လေးက တရှုံ့ရှုံ့ငိုရင်း ဝင်ပြောသေးတယ်။
"Mama … When will you come? I
miss you the whole day"
"Ok my lovery sweet daughter, I
will … I will soon"
"Promise"
"Yes, I miss you all ok …"
"Ok see you"
သူတို့တွေရဲ့ စကားတွေထဲမှာ သူတို့အမေကို
လွမ်းနေတာ အတိုင်းသားပဲ။ အလတ်မှန်ကြောင်လေးကတော့ ဂိမ်းထဲအာရုံရောက်လို့ နောက်ကနေ
"I wait for you Mama .. take care" လို့ အကျယ်ကြီး အော်ပြောလိုက်သေးတယ်။
English လိုပြောတာတော့ ကောင်းပါရဲ့။ ယဉ်ကျေးမှု မရှိတာတွေက ခက်တယ်။
သူတို့တွေက မေမေ့ကျူရှင်မှာ စာသင်ပေးရတဲ့
ကလေးတွေနဲ့ မတူ၊ တစ်ခုပြီးတစ်ခု နားလည်အောင် ပြောပြနေရတာကိုက အကြာကြီး။ ကျွန်မ အင်္ကျ
ီခါးနားမှာ ကြိုးချည်တာလေးပါရင် အဲဒီကြိုးကို ပြေအောင် ဆွဲဖြည်တယ်။ တစ်ခါတလေ ခက်ခက်ခဲခဲ
အင်္ဂလိပ်ဝါကျတွေကို ဘာသာပြန်ခိုင်းတယ်။ သူတို့ကြိုက်တဲ့ပုံတွေကို အကြိမ်ရေ မရေတွက်နိုင်အောင်
ထုတ်၊ မကြိုက်ရင် အမှိုက်ပုံးထဲထည့်။ မုန့်ထုတ်တွေကိုလည်း ဖောက်ပြီး မကြိုက်ရင် အမှိုက်ပုံးထဲ
ဝေါကနဲပဲ။ သူတို့ကို အချိန်နဲ့ တိုက်တဲ့ဆေးတွေ မသောက်ချင်ရင် ဒေါ်တီတီ ကွယ်ရာမှာ အမှိုက်ပုံးထဲပဲ။
သူတို့စိတ်ထဲ ထစ်ကနဲ မကြိုက်တော့ဘူးဆို အမှိုက်ပုံးထဲဆိုတော့ သူငယ်ချင်းပြောတဲ့ အမှိုက်ပုံးအများဆုံးအိမ်ဆိုတာ
အမှန်တကယ်ပင်။ အစပိုင်းမှာ စာသင်မဲ့အချိန်တွေ အဆင်သင့်ဖြစ်မနေတာမို့ ခပ်မာမာဆူလိုက်မှ
သုံးယောက်လုံး အဆင်သင့်ဖြစ်သွားတယ်။ သုံးပတ်လောက်အတွင်းမှာတော့ ကိုယ့်ပစ္စည်းတွေကို
နေရာတကျ ထားတတ်လာသလို စာလည်း သုံးယောက်လုံး မဆိုးဘူး လိုက်နိုင်ကြတယ်။ ကျွန်မနဲ့လည်း
ပိုရင်းနှီးလာသလို သူတို့အရေးကိစ္စတွေကိုလည်း မချန်ဘဲ ပြောတတ်လာသလို တစ်ခါတလေ ဒေါ်တီတီ
အတင်းတောင် ပါလိုက်သေးတယ်။
ပိုက်ဆံရှိသူတွေရဲ့ သားသမီးဖြစ်ရတဲ့ အတိုင်း
နွေးထွေးလုံခြုံမှု အပြည့်အဝမရနိုင်ဘူးဆိုတာ ကျွန်မ တစ်စတစ်စ သိလာခဲ့တယ်။ အဲဒီလို သိလာရတော့
ဒီကလေးတွေကို သနားလာမိတယ်။ အချိန်တန်စား၊ အချိန်တန်ဝတ်၊ စီးဖို့ကလည်း ကားသုံးစီးရှိသလို၊
စနေ တနင်္ဂနွေ ညနေပိုင်းတွေမှာ ကလေးသုံးယောက်လုံး အထိန်းနဲ့ ဂေါက်ကွင်းသွားပြီး ကစားရတယ်။
လေ့ကျင့်ရတယ်။ ငယ်စဉ်ကတည်းက အလေ့အကျင့်ရအောင်လို့တဲ့၊ ဒါပေမဲ့ သူတို့နဲ့ အတူသွားရတာက
သူတို့ အဖေ၊ အမေတွေမဟုတ်။ တစ်ပတ်တစ်ရက် ကြိုက်တာဝယ်ဖို့ Shopping ထွက်ကြတယ်။ သူတို့စိတ်ကြိုက်
ဝယ်နိုင်တယ်။ ပူစရာမလို၊ ဒါတွေဟာ ပြီးပြည့်စုံခြင်း တစ်ခုလားလို့ တွေးမိတော့ …
တစ်နေ့က အလတ်ကောင်လေး ခြေထောက်မှာ သွေးခြည်ဥနေတဲ့
ဒဏ်ရာအကွက်လိုက် တွေ့လိုက်ရတယ်။ ဆေးလိမ်းပေးဖို့ မှာခဲ့ပေမဲ့ နောက်တစ်နေ့အထိ ဘာဆေးမှ
လိမ်းမပေး၊ ဒေါ်တီတီ အဖြေက မေ့နေတာလိုလို ဘာလိုလိုနဲ့ ခြံထဲတင် ဒန်းပေါ်က ပြုတ်ကျတာတဲ့။
ကလေး ဒူးခေါင်းကဖြင့် ရောင်တောင်နေပြီ။ ကျွန်မ ကိုယ်တိုင်ပဲ ဆေးတောင်းပြီး လိမ်းပေးခဲ့ရတယ်။
ဒီလိုပါပဲ။
စာသင်ရက်တွေ ကုန်ဆုံးပြီး ကြည်ပြာလမင်း
စာမေးပွဲဖြေခါနီးမှာ … စာသင်နေတုန်း စာရွက်ပေါ် တပေါက်ပေါက်ကျလာတဲ့ သွေးစက်တွေကြောင့်
ကျွန်မ လန့်သွားခဲ့တယ်။ နှာခေါင်းက ကျလာတဲ့ သွေးစက်တွေကို လက်နဲ့ခံရင်း တစ်ရှူးနဲ့
အမှိုက်ပုံးနားမှာ သုတ်ရင်း တစ်ရှူးလေးငါး ခြောက်ခု မက အမှိုက်ပုံးထဲ ရောက်သွားတယ်။ ကျွန်မက
ကြည်ပြာ ဒါမျိုးဖြစ်တာ တစ်ခါမှ မမြင်ဖူးတော့ လန့်သွားပေမဲ့ သူတို့က ဘာမှမဖြစ်သလိုဘဲ။
"don't worry teacher" တဲ့။
နှာခေါင်းထဲကနေ ဒီလောက်သွေးတွေ တစ်စက်စက်ကျနေတာကို
စိတ်မပူပါနဲ့တဲ့။ ဒီလိုဖြစ်တာ ခုမှ မဟုတ်ဘူး Regular တဲ့။ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခု
ဖြစ်နေတာက ဂရုစိုက်ပေးတဲ့သူ မရှိလို့ပါ။ ဒေါ်တီတီကို ပြောပြတော့ ဒီလိုအချိန်တွေဆို ဖြစ်တတ်တယ်။
အပူများလို့ပါတဲ့ သူက ဆရာဝန်မဟုတ်ဘဲနဲ့ မှတ်ချက်ပေးနေလိုက်သေးတယ်။ ဆရာဝန်နဲ့ သေချာပြဖို့
ပြောတော့ သူတို့အမေ လာမှတဲ့ …။ သူတို့အမေကရော ဘယ်တော့မှ လာမှာလဲ။ ကလေးတွေရဲ့ ကျန်းမာရေးနဲ့
စိတ်အခြေအနေတွေကို အဝေးရောက်နေတဲ့ သူတို့မိဘတွေ သိပါလေစ …။ ဒီလိုနဲ့ စိတ်မသက်မသာ အိမ်ပြန်လာမိတယ်။
အိမ်ရောက်ရောက်ချင်း အမောတောင် မပြေသေး။
မေမေကပြောတယ်။ စပယ်ဖွေး ဆေးရုံတင်ရတယ်တဲ့ အူအတက်ပေါက်လို့တဲ့။ အူအတက်ဆိုတော့ ချက်ချင်းခွဲရတာဆိုတော့
ခုညနေလောက်ဆို ခွဲတောင်ပြီးလောက်ပြီ … တဲ့။ ဒါနဲ့ ရေချိုးပြီး မေမေနဲ့အတူ ဆေးရုံကို
ထွက်ခဲ့တယ်။
စဉ်းစားနေမိတာက ပြည့်စုံမှုမရှိပါဘူး။ အားနည်းပါတယ်ဆိုသူကိုမှ
ကျန်းမာရေးက လာထိခိုက်ရတယ်။ စပယ်ဖွေး ဘေးမှာ သူ့အမေကလွဲလို့ ဘယ်သူမှ ရှိမှာမဟုတ်။ ဒီလိုတွေးခဲ့တယ်။
အဲဒီအတွေးက ကျွန်မဆေးရုံရောက်တော့ လွင့်စဉ်သွားတော့တယ်။
စပယ်ဖွေးရဲ့ ကုတင်ဘေးမှာ သူ့အမေတင်မက လေဖြတ်ထားတဲ့
သူ့အဖေ။ ချိုင်းထောက်လေးကို အမှီပြုထားတယ်။ သူ့သမီး နဖူးကို ချွေးသုတ်ပေးနေတယ်။
အမေကလည်း သူ့သမီးကို ခပ်ပြုံးပြုံးကြည့်လို့
တစ်ဖက်ခုံတန်းမှာ စပယ်ဖွေး အတန်းပိုင်ဆရာမနဲ့ သူ့သူငယ်ချင်း ကောင်မလေးသုံးယောက်နဲ့။
ကျွန်မတို့ပါ ရောက်လာတော့ ပိုစည်ကားသွားတယ်။
စပယ်ဖွေးရဲ့ ခွဲစိတ်မှုက အဆင်ပြေခဲ့သလို
သူ့ရဲ့ ခွဲစိတ်ခအားလုံးကို သူ့အတန်းပိုင်ဆရာမက တာဝန်ယူလိုက်တယ်။ အမှန်တကယ် ရိုးသားပြီး
မတတ်နိုင်ရှာတဲ့ လင်မယားနှစ်ယောက်က ဆရာမကို ကျေးဇူးတင် နွေးထွေးတဲ့ မျက်ဝန်းတွေနဲ့
ကြည့်လို့။ သူငယ်ချင်း အချင်းချင်းတွေကလည်း သံယောဇဉ်လေးတွေရှိကြတာကို အတိုင်းသား မြင်နေရတယ်။
စာတွေအတွက် စိတ်မပူနဲ့။ သူတို့တွေ ကူးပေးထားမယ်။ နေ့တိုင်း ဆေးရုံလာကြည့်မဲ့ အကြောင်း
တတွတ်တွတ် ပြောလို့။
ဆေးရုံက ပြန်လာတော့ လမ်းမှာ ကိုယ့်အတွေးလေးနဲ့ကိုယ်
စပယ်ဖွေးအတွက် ပီတိဖြစ်မိတယ်။ ဒီကနေ့ ကြုံခဲ့ရတဲ့ ကြည်ပြာလမင်း နှာခေါင်းထဲက ကျလာတဲ့
သွေးစက်တွေအကြောင်း တွေးမိတော့ သက်ပြင်းချမိတယ်။ ကြည်ပြာလေးက တစ်ခါတလေ မောမောနေတတ်သေးတယ်။
နှလုံးအားနည်းပုံရတယ်။
ကလေးတွေကို ပြည့်စုံအောင် ဘယ်လိုပဲ အဝေးကနေ
ပံ့ပိုးနေပေမဲ့ တကယ်တမ်း သူတို့လိုချင်တဲ့ ဒီအရွယ်မှာ သူတို့ရှိနေအပ်ရမဲ့ အလုံခြုံဆုံးသောအရာက
တကယ့်ကို ကွက်လပ်ကြီး ဖြစ်နေခဲ့တယ်။ အဲဒီကွက်လပ်ကြီးက ဘယ်သူမှ အစားထိုး ဖြေရှင်းပေးလို့မရပါဘူး။
ငွေကြေးမပြည့်စုံပေမဲ့ စပယ်ဖွေးဘေးမှာ
ဝန်းရံနေတဲ့ မေတ္တာတရားတွေကတော့ အမှန်တကယ် လိုအပ်တဲ့ အနွေးထွေး အလုံခြုံဆုံးသော အရာတွေပါပဲ။
တကယ်တမ်း တစ်နေ့ကမှ ကျွန်မ သူငယ်ချင်းဆီက
တိတ်တဆိတ်သိခဲ့ရတဲ့ ကလေးတွေ အမေနဲ့ အဖေဟာ ကွဲနေတာ ကြာပြီတဲ့။ တစ်ယောက်တစ်နိုင်ငံစီမှာ
စီးပွားရှာနေကြပြီး ကလေးတွေ မသိအောင် ဟန်ဆောင်ပြီး အလှည့်ကျ ပြန်လာနေကြတာတဲ့။
သူတို့ ဖေဖေ၊ မေမေတွေရဲ့ ဒီအကြောင်း အရာတွေကို
ကလေးတွေများ သိသွားခဲ့ရင်ဆိုပြီး အဲဒီတစ်နေ့ကို ရောက်မလာစေချင်ဘူး။ အပြစ်မရှိတဲ့ သူတို့လေးတွေရဲ့
မသိစိတ်မှာ စိတ်အလုံခြုံသောအရာတွေ ထပ်မံ ပျောက်ဆုံးသွားမှာကို ကျွန်မ အရမ်းစိုးရိမ်နေမိလို့ပါ။
ချောအိမာန်
(မန္တလေး)
19-8-2012 (7:50 PM)
Mandalay Icon Magazine, November 2012


No comments:
Post a Comment