Tuesday, 20 November 2012

အဓိပတိလမ်းကခြေရာများ


 
ရာဇူးကမဟုတ်ပေမဲ့
အဲဒီလမ်းမပေါ်မှာ
တစ်ခါတုန်းက
လျှောက်ခဲ့ကြဘူးတယ်…..

ရာဇူးဆိုတာက
တစ်ခါရောက်ဘူးကြရင်
နှလုံးသားကိုထိ
ကြည့်ကြည့်လွမ်းရတဲ့
အဓိပတိလမ်းမက
လွမ်းရဝေဒနာတွေလား
အဓိပတိလမ်းမရဲ့
တမ်းတခြေရာတွေလား
ရင်မှာစွဲသွားရမယ်။
ဒေါင်းသမဂ္ဂကို
အကြောင်းမရမကရှာလို့
ရာဇ၀င်အရိုင်းမှာ
သမိုင်းမိုက်အသက်သွင်း
ဒိုင်းနမိုက်နဲ့ရှင်းဖို့
အဲဒီတစ်ရှဉ်း
ဗိုလ်အောင်ကြီးနဲ့ ဗိုလ်နေ၀င်း
ဒင်းတို့
ဒင်းတို့ပေါ့
ငိုချင်းအတိနဲ့
အဓိပတိလည်းမချိ
သစ်ပုတ်ပင်လည်း သက်သေရှိခဲ့တယ်။
ရှစ်ဆယ့်ရှစ်အပြောင်း
ကံမကောင်း
အကြောင်းမလှခဲ့ပေမဲ့
ဒေါင်းမအမိဟာ
အဓိပတိရဲ့  ရင်သွေး
ကိုအောင်ဆန်းကိုမွေးခဲ့တယ်
ကိုနုကိုမွေးခဲ့တယ်
ကိုမင်းကိုနိုင်ကိုမွေးခဲ့တယ်
ကိုမိုးသီးကိုမွေးခဲ့တယ်
အဓိပတိရဲ့ ချွေး
အဓိပတိရဲ့ သွေးတွေနဲ့
မြန်မာ့သမိုင်းကိုမွေးခဲ့တယ်။
နှစ်ထောင့်ဆယ့်နှစ်
ပြည်သစ်တည်ဖို့
ချီလေတဲ့ချီလေ
အိုဘားမားလာချေပြီ
ညီအစ်ကိုမသိတသိ
အဓိပတိလမ်းမလည်း
အိပ်မက်ကနိုးထလာပြီပဲ
သစ်ပုတ်ပင်ရေ မင်းလည်းပါတယ်
ဂျပ်ဆင်ရေ မင်းလည်းပါကွယ်
ရင်သွေးအသစ်တွေမွေးကြမယ်
သမိုင်းအသစ်ရေးထား
မတားကြနဲ့တော့ကွယ်။
ရာဇူးကမဟုတ်ပေမဲ့
အဲဒီလမ်းမပေါ်မှာ
တစ်ခါတုန်းက
လျှောက်ခဲ့ကြဘူးတယ်…..
ရာဇူးဆိုတာက
တစ်ခါရောက်ဘူးကြရင်
နှလုံးသားကိုထိ
ကြည့်ကြည့်လွမ်းရတဲ့
အဓိပတိလမ်းမက
လွမ်းရဝေဒနာတွေလား
အဓိပတိလမ်းမရဲ့ 
တမ်းတခြေရာတွေလား
ရင်မှာစွဲသွားရမယ်…….
အဓိပတိလမ်းမရယ်
လမ်းဆက်လျှောက်စို့ကွယ်။   ။
(ရန်ကုန်တက္ကသိုလ် မူလအတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ပါစေ။)
ဇော်ထက် (ပျဉ်းမနား)
နိုဝင်ဘာ ၂၀၊ ၂၀၁၂

No comments:

Post a Comment