Wednesday, 7 November 2012

လက်ခုပ်အချက် နှစ်ဆယ် တီးပါ


စာရေးသူ ဝန်ထမ်းငယ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် သို့ တစ်လသင်တန်းတက်ရောက်ခဲ့ရပါသည်။ ဌာနပေါင်းစုံမှ ရာထူးအဆင့်မျိုးစုံ အရာရှိ၊ အရာခံ ဝန်ထမ်းများ တက်ရောက်ကြရသည့် သင်တန်းဖြစ်ပါသည်။ သင်တန်းဆင်းပွဲ မတိုင်မီတစ်ရက်တွင် သင်တန်းဆင်းအခမ်းအနားအတွက် အကြိုလေ့ကျင့်ကြရပါသည်။ သင်တန်းဆင်းပွဲတွင် ပညာရေး ဝန်ကြီး တက်ရောက်အမှာစကားပြောကြားမည် ဖြစ်သည်။

လေ့ကျင့်ကြရပုံမှာ ဝန်ကြီးစကားပြောခြင်းအစီအစဉ်ပြီးလျှင် လက်ခုပ်အချက်နှစ်ဆယ်တီးပါ။ အခြား ဆိုင်ရာပုဂ္ဂိုလ်များ စကားပြောပြီးလျှင် လက်ခုပ်ဆယ်ချက်တီးပါ။ အခမ်းအနားပြီးမြောက်ကြောင်း ကြေညာလျှင် လက်ခုပ်ဆယ်ချက်တီးပါဟူ၍ ယင်းဗဟိုဝန်ထမ်း တက္ကသိုလ်မှ အရာရှိတစ်ဦးက ညွှန်ကြားသတ်မှတ်ပေးပါသည်။ စာရေးသူတို့ လက်ခုပ်တီးရင်းရေတွက်၊ ရေတွက်ရင်း လက်ခုပ် တီးကာ အချင်းချင်း တီးတိုးရယ်မောခဲ့ကြရပါသည်။ ခန်မအတွင်း နံရံမှာတော့ 'ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်' ဆိုသည့် စာသားဆောင်ပုဒ်ကြီးက အခန့်သားနေရာယူလျက် ရှိပါသည်။
တိုင်းပြည်အတွင်းရှိ အစိုးရဝန်ထမ်းအားလုံးနီးပါး တစ်ချိန်မဟုတ် တစ်ချိန်မလွဲမသွေ တက်ရောက် ကြရသည့် ဤတက္ကသိုလ်၊ ဤသင်တန်းမျိုးတွင် ဤသို့ သဘာဝမကျဘဲ ဇာတ်တိုက်ယိမ်းက ခဲ့ကြရ သဖြင့် ဝန်ထမ်းများ၏ရင်ထဲတွင် အမိနိုင်ငံတော်အပေါ် လေးစားယုံကြည်စိတ်များ၊ ရိုးသား ဖြောင့်မတ် လိုစိတ်များ၊ တာဝန်ကျေပွန်လိုစိတ်များ တိုးပွားလာမည်လား စဉ်းစားစရာ ဖြစ်ပါသည်။

ဗဟိုဝန်ထမ်း တက္ကသိုလ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အုပ်ချုပ်ရေးယန္တရားကို ကောင်းမွန်စွာ  လည်ပတ်နိုင်ရန်နှင့် ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုးရွက်ဆောင်နိုင်ရန် လေ့ကျင့်မွမ်းမံသင်တန်းပေး ခြင်းဖြစ်သည်ဟု နားလည်ရပါသည်။
ရိုးသားသော လက်ခုပ်သံများသည် နှစ်ခြိုက်သဘောကျ၍ ချီးကျူးသြဘာပေးခြင်းသာ ဖြစ်ပါသည်။ အတိုင်းမသိ သဘောကျလျှင် ကျသလောက် အားရပါးရ လွတ်လွတ်လပ်လပ် အကန့်အသတ်၊ အချုပ် အချယ်မရှိ တီးချင်ကြပါသည်။ လုပ်ကြံဖန်တီးထားသော လက်ခုပ်သံများကား မြိုင်ဆိုင် အသက် ဝင်လှမည် မဟုတ်ပေ။ နေရာကဏ္ဍတိုင်းတွင် မြန်မာ့အစဉ်အလာအရ လက်ခုပ်သံများနှင့် ကင်းကွာမှု မရှိသည်ကို တွေ့ကြရမည်သာ ဖြစ်သည်။ အထူးသဖြင့် အခမ်းအနားများတွင် လက်ခုပ်သံများ ခပ်လှိုင်လှိုင်ပေါ်ထွက်ခဲ့သဖြင့် လက်ခုပ်သံနှင့်ပတ်သက်၍ လှောင်ပြောင်ပြက်လုံး ထုတ်ခဲ့ခြင်းများပင် ရှိခဲ့ပေသည်။
အမှတ်တမဲ့ ဖြစ်စေ၊ တမင်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ပန်းကလေးများ ရေနာတတ်ပါသည်။ ပန်းကလေးများအတွက် ရေသည် လတ်ဆတ်လန်းဆန်းရုံ၊ လိုအပ်ရုံ၊ လှပရုံသာ မျှတညီညွတ်စွာ ဖြည့်ဆည်းပံ့ပိုးပေးရန် ဖြစ်ပါသည်။ အချိန်အဆမရှိ လွဲမှား၍ဖြစ်စေ၊ အတိုင်းအဆမရှိလွန်ကဲ၍ ဖြစ်စေ ရေပေးစနစ်၊ ရေပေးပမာဏ တိမ်းချော်များပြားသွားပါက ပန်းကလေးများ၏အလှ မုချပျက်စီးမည်သာ ဖြစ်ပါသည်။ ပန်းကလေးများ၏ ဘဝကြွေကျမြေခသွားနိုင်ပါသည်။ ပန်းကလေးများ၏ သက်တမ်း တိုတောင်း ပြတ်တောက်သွားနိုင်ပါသည်။ ပန်းကလေးများ၏ ဖြစ်စဉ်တစ်ခုလုံးသည် ပန်းကလေး များကို အနီးကပ်ပြုစုပျိုးထောင်သူ၊ စောင့်ရှောက်သူ၊ ခြယ်လှယ်သူများအပါအဝင် ပန်းကလေးများ ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့များအားလုံးပေါ်တွင် မူတည်ကာ ဖြစ်ပေါ်ပြောင်းလဲတတ်ပါသည်။ ပန်းကလေးများ ရွှန်းပဝေဆာကြိုင်သင်းသည့် အနေအထားသို့ရောက်ခြင်း၊ မရောက်ခြင်းမှာ ပန်းကလေးများအပေါ်တွင် လုံးဝအပြစ်မရှိဟု ရာနှုန်းပြည့်နီးပါး ပြောနိုင်ပါသည်။
ပန်းကလေးများနှင့် ပမာတူသည့် လောက လူသားပန်းကလေးများ အကြောင်းကို ဆွေးနွေးလိုပါသည်။ ခေတ်စနစ်၏ ကန့်သတ်ချုပ်ချယ်မှုများကြောင့်လည်းကောင်း၊ နိုင်ငံရေးအုပ်ချုပ်မှုနှင့် စီမံလုပ်ငန်းစဉ် ကဏ္ဍတိုင်းတွင် သမာသမတ်မကျဘဲ ဘက်လိုက်မှုများရှိခြင်းကြောင့်လည်းကောင်း၊ အခွင့်ထူးခံ လူတန်းစားများက နေရာတိုင်းတွင် (ကျေးရွာမှအစ နိုင်ငံတော် အဆင့်အထိ) ရှိနေခြင်းကြောင့် လည်းကောင်း၊ ခေတ်အဆက်ဆက် ခြစားမှုအားကြီးကာ ပတ်ဝန်းကျင်တွင် ငွေလမ်းခင်း၍ သက်တောင့်သက်သာသွားနေသူများမှာ အလျှိုလျှိုရှိနေခြင်းကြောင့် လည်းကောင်း၊ လူသားတစ်ဦး အတွက် အခြေခံလိုအပ်ချက်များ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် အရေးကိစ္စများ ဖြေရှင်းရာတွင် မလိုအပ်ဘဲခက်ခဲပင်ပန်းကြန့်ကြာခြင်း၊ အချိန်၊ငွေ၊စိတ်ဓာတ်စွမ်းအင် များ ဆုံးရှုံးခြင်းတို့ကြောင့်လည်းကောင်း သိတတ်စအရွယ်မှစကာ လူသားအားလုံးနီးပါးသည် မိမိကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာ၊ အစိုးရအဖွဲ့နှင့် နိုင်ငံတော်အပေါ် စိတ်ချယုံကြည်မှု မရှိကြတော့ခြင်း ဖြစ်ပါသည်။
လူသားများသည် ပန်းကလေးများနှင့် တူပါသည်။ လူသားများ၏ ပင်ကိုမူလဖြစ်တည်မှုမှာ အပြစ်ကင်း သန့်စင်ပါသည်။ သူတို့တွင် ခွန်အားများ၊ စွမ်းရည်များ၊ ယုံကြည်ချက်များ၊ ရည်မှန်းချက်များက ထိုက်သင့်သမျှ ပါလာခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် သူတို့ကြီးပြင်းရှင်သန်ရာ ဘဝခရီးတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ရမှုများမှာ သူတို့အတွက် အပေါင်းလက္ခဏာဖြစ်စေခြင်းထက် အနုတ်လက္ခဏာကို သာ ပို၍ပို၍ဖြစ်ပေါ်စေပါသည်။ သူတို့အတွက် သူတို့ကိုဖျက်မည့်အရာများက အနီးကပ်ဝန်းရံလျက် ရှိပါသည်။ ထိုအရာများကို အဓိကအားဖြင့် နှစ်မျိုးနှစ်စားသာ ခွဲခြားနိုင်ပါသည်။ တိုင်းပြည်၏အနာဂတ် ကိုဖန်တီးပုံဖော်ကြမည့် လူသားအညွန့်အဖူးများအား ချို့ယွင်းပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် သေချာချိန်မှတ်လုပ်ဆောင်ခြင်းနှင့် သတိလက်လွတ်ဖြစ်ခြင်း၊ တင်းကျပ်ခြင်း၊ စိုးရိမ်မှု လွန်ကဲခြင်းများ ကြောင့်မဖြစ်သင့်ဘဲ ဖြစ်သွားရခြင်းတို့ပင် ဖြစ်ပါသည်။
လူသားများသည် လူငယ်ဘဝမှစကာ တစ်စတစ်စဖြင့် လူရာဝင်လာသည်နှင့်အမျှ လူ့လောက အကြောင်းကို ပို၍ ပို၍ သိလာကြပေသည်။ သူတို့ပတ်ဝန်းကျင်မှ သူတို့ကြားရသော လက်ခုပ်သံ များသည် စစ်မှန်သော လက်ခုပ်သံဟုတ်မဟုတ်၊ ယင်းလက်ခုပ်သံများ၏ အဓိပ္ပာယ်တို့ကို ဝေဖန်ပိုင်းခြားလာနိုင်ပေသည်။ သူများတီးတိုင်းလည်း လိုက်၍ မတီးလိုကြ။ လက်ခုပ်သံဖြင့်မျှား ခေါ်မရသည်ကို လက်ခံယုံကြည်လာကြပေသည်။ သူတို့ကြားခဲ့ရသော လက်ခုပ်သံများ၊ လက်ခုပ်သံ တီးပွဲများ၏ အကျိုးမဲ့ နစ်နာမှုများကိုလည်း ကိုယ်တိုင်သိရှိ၊ မြင်တွေ့၊ ကြုံကြိုက်ခဲ့ကြပေသည်။ လက်ခုပ်သံများကြောင့် ရေနာခဲ့ရသည့် မြန်မာပြည်သား လူသားပန်းကလေးများပင် ဖြစ်ပါသည်။
လုပ်ပိုင်ခွင့်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ၊ အကြီးအကဲဖြစ်စေ၊ နောက်လိုက်ဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ၊ အရပ်သားဖြစ်စေ၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ အုပ်ချုပ်သူဖြစ်စေ၊ ပြည်သူဖြစ်စေ ကိုယ့်တာဝန် ကိုယ်ကျေပွန်ပါက အချင်းချင်း အပြန်အလှန်ဂုဏ်ပြု အသိအမှတ်ပြုသော လက်ခုပ်သံများ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက်လာမည်သာ ဖြစ်ပါသည်။ ညီမျှသော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော အနေအထားသို့ ဦးတည်ရောက်ရှိစေမည့် လုပ်ဆောင်မှုမျိုးကို ရည်ရွယ်ကြိုးပမ်းလှုပ်ရှားသူ မည်သူ့ကို မဆိုအားလုံးက ချစ်ခင်အားကိုးယုံကြည်စွာဖြင့် အုတ်အော်သောင်းတင်း ချီးကျူးထောပနာ လက်ခုပ် သြဘာပြုကြမည်သာ ဖြစ်ပါသည်။
ဥပမာ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ ဝက်မင်စတာခန်းမထက် မိန့်ခွန်းပြောကြားအပြီး သောင်းသောင်းဖြဖြတီးခဲ့သော လက်ခုပ်များ၊ ဆွီဒင်နိုင်ငံတွင် နိုဗယ်ဆု လက်ခံရယူစဉ် လှိုက်လှိုက် လှဲလှဲ တီးခဲ့သော လက်ခုပ်သံများက ဖန်တီးထားခြင်းမဟုတ်ပါ။ တက်ရောက်လာသူများက ရင်ထဲ၊ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးထောပနာပြုရင်း တီးခဲ့သော လက်ခုပ်သံများ ဖြစ်ပါသည်။
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ဘာသာ၊ သာသနာအတွက် မွန်မြတ်သန့်စင်သော စိတ်ထားဖြင့် ကိုယ်ကျိုးစွန့်၊ အနစ်နာခံခဲ့သူများအတွက် ပြည်သူ ပြည်သားအားလုံး၏ ရင်ထဲ၊ အသည်းထဲတွင် ထာဝရတီးခတ်နေသော လက်ခုပ်သံများက ကိန်းအောင်းနေပြီးသား ဖြစ်ပါသည်။ မည်သူကမျှ လာ၍ ဖျောက်ဖျက်မရနိုင်။ လက်ခုပ်မည်ရွေ့မည်မျှတီးပါဟုလည်း အမိန့်အာဏာဖြင့် ခိုင်းစေ၍မရနိုင်။ ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့သော အမျိုးသားသူရဲကောင်းများကဲ့သို့ လုပ်နိုင်သူ၊ လုပ်ရဲသူဟု ယူဆလာပါက မည်သူပင်ဖြစ်စေ၊ မြန်မာပြည်ဖွား လူသားများအနေဖြင့် လက်ခုပ်သံ အချက်နှစ်ဆယ် မက၊ အချက်နှစ်ထောင်လည်းမက ညီညာဖြဖြတီးကြမည်သာ ဖြစ်ပါသည်။     ။
7 Day News Journal
Written by ရွှေဖြိုးမောက် 

No comments:

Post a Comment