Tuesday, 6 November 2012

တူးဖော်ခံလိုက်ရသောအက်ကြောင်းများ



ရော့
ခွက်တလုံး
ရေတဗူး
ထမင်းတထုပ်နဲ့
စကားတခွန်း (ပညာရှာ ပမာ သူဖုန်းစား)
ဒါ သားအတွက်
အဖေ့ရဲ့ အမွေတဲ့ ။

ခေတ်ပျက် ပညာရေး
ရေစီးကြောင်းထဲ
ဆယ့်လေးနှစ်တာ ကာလတလျှောက်
မျောပါခံခဲ့ရတဲ့ သားကို
သနားလို့တဲ့လေ ။

အဲဒီတော့
ဒါကိုယူ
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်လမ်း ကိုယ်လျှောက်လို့
ဘ၀ကျောင်း ဆက်တက်ရမယ်တဲ့။
မငြင်းဆန်ဝံ့တဲ့
ကျနော့် ခြေတိုင်တွေ
ထွက်ခွာဖို့ အစပြုချိန်မှာ
အမေ့မျက်ဝန်း မြစ်ကမ်းပါးဆီက
ယိုဖိတ်ကျလာတဲ့
မျက်ရည်စတွေကို
အဖေ သုတ်ပေးရင်း
ရှင်မ
မင်းမျက်ရည်တွေနဲ့ အတူ
ငါ့သား အနာဂတ်ကို မျောပစ်ဖို့
ငါ ခွင့်မပြုနိုင်ဘူး တဲ့။
နှုတ်ဆက် လက်ပြလို့
အဖေပေးတဲ့ ခွက်တလုံးနဲ့
ဘ၀ကျောင်း ဆက်တက်ဖို့
အိမ်က ထွက်ခဲ့တာ
အခုဆို
ငါးနှစ်တင်းတင်း ပြည့်ခဲ့ပြီ အဖေ။

အဆုံးမတော့
မပြည့်နိုင်သေးတဲ့ ခွက်ငယ်ကိုကိုင်
နာသုံးနာနဲ့ တည်ဆောက်ထားတဲ့
လှေငယ်မှာ ထိုင်လို့
မိုင့်ဂရင့် မြစ်ပြင်ကျယ်မှာ
စုန်ချည် ဆန်ချည် လှော်ခတ်နေရတဲ့
ကျနော့် ဘ၀ကို
တမလွန် ဘ၀ကနေ
အဖေ ကျေနပ်အားရနိုင်ပါစေ ...။

မောင်ရေခဲ
ဝတ်မှုန်လွင်ပြင်မှ

No comments:

Post a Comment