၂၀၀၀ခုနှစ်မှာ ၁၀တန်းအောင်မြင်ပြီးကတည်းက လသာ၂ ဆိုတဲ့ ကျောင်းတော်ကို
ထားရစ်ခဲ့ပြီး နေရာအသီးသီး ဒေသအသီးသီးကို ထွက်ခွာ သွားပြီး သူငယ်ချင်းတွေ
တယောက်နဲ့ တယောက် အဆက်အသွယ်ပြတ်နေတာ ကြာခဲ့ပါပြီ။ ၂၀၁၂ ခုနှစ်ရဲ့
၉လပိုင်းလောက်မှာ သူငယ်ချင်းဟောင်းတွေ နဲ့ အမှတ်မထင် ပြန်လည်
ဆုံဆည်းခဲ့ပါတယ်။ အားလုံးကို ပြန်လည် ဆုံဆည်းစေခဲ့တဲ့ ဆုံမှတ်ဖြစ်တဲ့
နေရာကတော့ အင်တာနက် ခေတ်ကြီးထဲမှာ ဖေ့ဘွတ်မှာပဲ သူငယ်ချင်းရဲ့ သူငယ်ချင်း
များမှ တဆင့် ပြန်လည် ဆုံတွေ့ ဖြစ်ခဲ့ပါတယ်။ပတ်သတ်ပြီး သိခဲ့ရပါတယ်။ ဘက ကျောင်းကလေး တည်ရှိနေတဲ့ နေရာ ကုန်းတလဘောင် ကျေးရွာ မှာတော့ အ၀န်းအ၀ိုင်း လိုက် ဘုန်းကြီးကျောင်းများ စုဝေးနေပြီးတော့ ဘုန်းကြီးကျောင်း တကျောင်းနဲ့ တကျောင်း ခြံစည်းရိုးမရှိ အကာ အရံမရှိ သပ်ယပ် အေးချမ်း စိတ်ငြိမ်စွာ တည်ရှိနေပါတယ်။ ထို ဘုန်းကြီးကျောင်း နယ်နမိတ်ရဲ့ အပြင်ဘက် မှာတော့ ကျေးရွာတွေ ရှိပါတယ်။ အိမ်ခြေ ၃၀၀၀ လောက် နေထိုင်ကြတယ်လို့ ကြားသိခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေ ကပ်ရပ် ရှိနေသလို ဆင်းရဲတဲ့ လူမှုဘ၀ ကို ခါးစည်းခံပြီး ဘ၀တွေ ရုန်းကန်နေတဲ့ မိသားစု ဘ၀ တွေ နဲ့ အတူ ကျောင်းနေအရွယ် ကလေးများ ပညာသင်ချိန်မှာ ပညာသင်ဖို့ ခက်ခဲပြီး မသင်နိုင်ပဲ အိမ်မှာတင် ဆော့ကစား ပေတေနေတာလည်း ဘုန်းဘုန်းများ မြင်သိနေသည့် အားလျှော်စွာ ပညာသင်ပေးပြီး ဘ၀ လမ်းကြောင်း ဖြောင့်ဖြူးပြီး အနာဂါတ် ရတနာလေးတွေ အရောင်ပြောင်လက်စေဖို့ ကြိုးစားအားထုတ်မှု စတင်ပါတော့တယ်။ ထိုမှတဆင့် စိတ်ကူးလေးများ အကောင်အထည်ဖော်ရင်းဖြင့် ဘက ကျောင်းကလေး ပညာ့ဥယျာဉ် ဘက ကျောင်းကလေး ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီအနီနားမှာ အစိုးရ ကျောင်း မရှိလို့များလား အစိုးရရဲ့ မူလတန်း ပညာသင်ကြားရေး အခမဲ့တွေ လုပ်နေတာပဲ ဘာဖြစ်လို့ အစိုးရကျောင်း ကို ပေးမထားတာလဲ ဆိုတဲ့ စိတ်ကူးနဲ့ အမေးအလေး ပေါ်လာလို့ မေးမြန်းစူးစမ်းလိုက်ပါတယ်။ အစိုးရကျောင်း တွေမှာ ကျောင်းအပ်ချိန် အခမဲ့ ဆိုသော်ငြားလည်း အခါအားလျှော်စွာ တိတိ တိတိ နှင့် ကုန်ကျစရိတ်တွေ အနည်းအကျဉ်းရှိပါတယ်။ ပိုက်ဆံ၂၀၀၊ ၃၀၀ လောက် ၅၀၀၊ ၁၀၀၀ လောက် ပေးရတာကို ဘာလို့များ ကျောင်းထုတ်ပြီး ပညာမဲ့ အဖြစ် ရောက်အောင် လုပ်တာလဲလို့ စိတ်ထဲမှာ ဒွိဟ စိတ်နဲ့ အမေးတွေ ထပ်ခါ ထပ်ခါ ပေါ်လာခဲ့ပြန်ပါတယ်။ ထိုအရပ်မှာ နေတဲ့ လူတွေ အများစုက လက်လုပ် လက်စား များ ဖြစ်ကြပြီးတော့ မိဘများ နေ့ဘက် အလုပ်သွားတဲ့ အခါ ကလေးများ အိမ်စောင့်ပြီး အိမ်မှာ အကြီးက အငယ်ကို ထိန်းရင်းဖြင့် ဆော့ကစားပြီး ကျန်ခဲ့ပါတယ်။ ညနေမိုးချုပ် မိဘများ အိမ်ပြန်ရောက်တော့မှ ပါလာတဲ့ ပိုက်ဆံ ကလေး နဲ့ ညစာ ချက်စားကြပြီး တနေ့မှ တနပ် စားကြရပါတယ်။ တခါတရံဆို တနေ့ တနပ်တောင် စားချင်မှ စားရတဲ့ နေ့တွေလည်း ရှိကြပါတယ်။ တနေ့ တနပ် စားပြီး ရှင်သန်နေတဲ့ ဘ၀ကြီးထဲမှာ ကျောင်းထားလို့ ကျောင်းကုန်ကျ စရိတ် အနည်းကိုတောင်မှဖဲ့ပြီး အပိုကုန်ခံနိုင်ပါ့မလား ဆိုတဲ့ အတွေးကလေးနဲ့အတူ ရင်မောစရာ ဘ၀တွေ ကို တခါမှ မတွေးခဲ့မိတာတော့ အမှန်ပါပဲ။ အခုမှ ကြားသိရတာတောင် တော်တော် စိတ်မကောင်း ဖြစ်ရတယ် ဆိုတော့ အမြဲ မြင်တွေ့ပြီး ဆင်းရဲခြင်း ကြားမှာ ရုန်းကန်ရင်း ပညာမဲ့ပြီး ရေစုန်မျောတဲ့ ဘ၀တွေကို ဖြတ်သန်းရဖို့ သေချာနေတဲ့ အတွက် ဆရာတော် ဦးဣန္ဒာစာရ မှ ဦးဆောင်ပြီး ပညာ့ဥယျာဉ် ဘကကျောင်းကလေး ကို အစပျိုးတည်ထောင်ခဲ့ပါတယ်။ ဘ၀တွေ ငတ်မွတ်ပြီး ဆင်းရဲ နိမ့်ကျတဲ့ အပြင် ပညာပါ ငတ်မွတ်ပြီး ဆင်းရဲတွင်း နက်သထက် ပိုမနက်ရလေအောင် ပညာနို့ရည် တိုက်ကျွှေးပြီး အတွေးအခေါ်ပွင့်လန်းပြီး ဘ၀ လမ်းကြောင်း ဖြောင့်ဖြူးစေဖို့ တည်ထောင်ထားတဲ့ ကျောင်းကလေး ပဲ ဖြစ်ပါတယ်။
မနှစ်က စတင်ပြီး တည်ထောင်တဲ့ မူလတန်း ကျောင်းကလေး ကတော့ စာသင်ဆောင်တစ်ခုသာ ရှိပြီး ကလေးအရေအတွက် ၈၀၊ ၉၀ ၀န်းကျင်ခန့် ရှိပါတယ်။ ဆရာမ ၅ဦးနှင့် လည်ပတ်နေပြီးတော့ လစဉ် ဆရာမများကိုလည်း လစာ ပေးပြီး သင်ကြားစေခြင်းဖြစ်ပါတယ်။ အလှူခံရတဲ့ ပိုက်ဆံ ငွေကြေးဖြင့် စေတနာ အဓိက ထားပြီး ကလေးများ ဘ၀ ခရီး လျောမွေ့ဖြောင့်ဖြူးစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ရတာမို့ ရေတိုအဆင်ပြေသော်လည်း ရေရှည် အတွက်တော့ ကလေးများကို စာသင်ပေးနေတဲ့ ဆရာများ အတွက် လစာ ဖန် မတည်ထောင်နိုင်သေးပါဘူး။ တချို့သော ကျောင်းသားများသည် အသက် ၁၂နှစ်လောက် ရှိနေသော်လည်း ယခုစာသင်နှစ်မှ သူငယ်တန်း ပထမတန်း မှာသာ တက်နေတဲ့တာလည်း ရှိပါတယ်။ ဘ၀လမ်းကြောင်းဖြောင့်ဖြူးပြီး နိုင်ငံရဲ့ အနာဂါတ် ရတနာလေးတွေ အရောင်တလက်လက် တောင်စေဖို့ ရည်ရွယ်ချက် အပြည့်နဲ့ ၂၀၁၂ခုနှစ် နိုဝင်ဘာ ၂၅ရက် မှာ သူငယ်ချင်းများ သွားရောက် လှူဒါန်းမှာ ဖြစ်ပါတယ် အနည်းအများ စိတ်မထားပဲ သူငယ်ချင်းများ အားလုံး တူတူ ပါဝင်စေချင်ပါတယ်။
ဆူး
https://docs.google.com/spreadsheet/ccc?key=0Aixa21Hrr0aidE1Wd2NvVlZiTmkyTE80ZXY2elVPQWc&pli=1#gid=0


No comments:
Post a Comment